နည်းပညာတက္ကသိုလ်(တောင်ငူ)မှ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအတွက် မူပိုင်ခွင့်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

နေပြည်တော်၊ ဇူလိုင်လ ၁၃ 
     မူပိုင်ခွင့်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို နည်းပညာတက္ကသိုလ် (တောင်ငူ) မှ ဆရာ/ ဆရာမ များနှင့် ကျောင်းသား/ ကျောင်းသူများ အတွက် ၂၀၂၆ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့တွင် ကျင်းပခဲ့ရာ ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူ များစုစုပေါင်း (၃၅၀) ဦးခန့် တက်ရောက်ခဲ့သည်။
    ဆွေးနွေးပွဲတွင် နည်းပညာတက္ကသိုလ်(တောင်ငူ)မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာတင်ဝင်းမွန်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မိုးမိုးသွယ်က မြန်မာနိုင်ငံတွင် မူပိုင်ခွင့်စနစ်ခိုင်မာစွာ ပေါ်ထွန်းလာစေရေးအတွက် အမျိုးသား အဆင့်မူပိုင်ခွင့်ဆိုင်ရာ မဟာဗျူဟာများချမှတ်ပြီး မဟာဗျူဟာပါ လုပ်ငန်းစဉ်များအား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ သက်ဆိုင်ရာ တက္ကသိုလ်၊ ကောလိပ်များ၊ သုတေသနဌာနများ ကို မူပိုင်ခွင့်အသိပညာများ၊ မူပိုင်ခွင့်အကျိုးကျေးဇူးများကို သိရှိစေရန် ဖြန့်ဝေခြင်းအခန်းကဏ္ဍ သည်လည်း တစ်ခုအပါအဝင်ဖြစ်ပါကြောင်း၊ မူပိုင်ခွင့်ဥပဒေများကို ၂၀၁၉ ခုနှစ်တွင် အတည်ပြု ပြဋ္ဌာန်းနိုင်ခဲ့ပြီး မူပိုင်ခွင့်လျှောက်ထားချက်များကို လက်ခံခြင်း၊ စစ်ဆေးခြင်း၊ မှတ်ပုံတင်လက်မှတ်များ ထုတ်ပေးခြင်းလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိပါကြောင်း၊ မူပိုင်ခွင့်စနစ်တစ်ရပ်ဖွံ့ဖြိုးလာခြင်းသည် နိုင်ငံ၏စီးပွားရေး၊ ပညာရေး၊ ယဉ်ကျေးမှုနှင့် ကျန်းမာ ရေး စသည့်ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်မှုအတွက် မရှိမဖြစ်လိုအပ်သော စနစ်တစ်ရပ်ဖြစ်ပါကြောင်း၊ တီထွင်ဆန်းသစ်မှုသုတေသနလုပ်ငန်းများ မြှင့်တင်နိုင်စေရန် ရည်ရွယ်၍ နည်းပညာနှင့်တီထွင် ဆန်းသစ်မှုအထောက်အကူပြုစင်တာများ (TISC) တည်ထောင်ရန် နားလည်မှု စာချွန်လွှာများကို ဦးစီးဌာန ၅ ခု၊ တက္ကသိုလ် ၃၀ ခုဖြင့် လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး နည်းပညာနှင့် သတင်းအချက်အလက်များကို တီထွင်ဖန်တီးမှုများတွင် အသုံးချနိုင်ခြင်း၊ တီထွင်ဖန်တီးမှုများကို မြှင့်တင်ပေးနိုင်ခြင်း၊ တီထွင်ဆန်းသစ်မှုများကို လှုံ့ဆော်ပေးခြင်းနှင့် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အပံ့ဖြစ်စေခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိမည်ဖြစ်၍ TISC စင်တာများ တည်ထောင်ကြရန် တိုက်တွန်းလိုပါကြောင်းပြောကြားခဲ့ပါသည်။
    ထို့နောက် မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာစိမ့်သန္တာထွန်းက မူပိုင်ခွင့် အကြောင်းသိကောင်းစရာနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ရာ မူပိုင်ခွင့်အမျိုးအစားများ၊ အကာအကွယ်ရယူခြင်းကြောင့်ရရှိနိုင်မည့် အခွင့်အရေးများ၊ တက္ကသိုလ်များမှ သုတေသနပြု လုပ်ခြင်း ဖြင့် ရရှိလာသော တီထွင်ဆန်းသစ်မှုများအား ယင်းတို့နှင့်သက်ဆိုင်သည့် မူပိုင်ခွင့် အကာအကွယ် ရယူ၍ လက်တွေ့စီးပွားရေးနယ်ပယ်တွင်အသုံးချတတ်စေရန်နှင့် မူပိုင်ခွင့်စီမံခန့်ခွဲမှုဆိုင်ရာ သိရှိသင့်သည့်အချက်များအား ဥပမာများနှင့်တကွ ရှင်းလင်းဆွေနွေးခဲ့ပါသည်။ ထို့နောက် တက်ရောက်လာကြသော ကျောင်းသား/ ကျောင်းသူများနှင့် ဆရာ/ ဆရာမများက မိမိတို့ဖန်တီးထားသည့် အရာများအပေါ် မူပိုင်ခွင့်ရရှိနိုင်မှု ရှိ/မရှိနှင့်စပ်လျဉ်း၍ မေးမြန်းခြင်းအပေါ် ပြန်လည်ရှင်းလင်း ဆွေးနွေးကာ ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့ကြောင်းသတင်းရရှိသည်။