တာချီလိတ် နယ်စပ်မှာလည်း ITC ကဒ်ဖြင့် ကုန်သွယ်မှု ဆောင်ရွက်ခွင့် ပြုပြီ

တနင်္လာနေ့ ၁၈ ဖေဖော်ဝါရီလ ၂၀၁၃ 16:39 PM

စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းမြင့်နှင့် အဖွဲ့ဝင်များသည် တာချီလိတ် မြို့တွင် ဇန်နဝါရီလ ၂၇ ရက်နေ့က စားသုံးသူ အကာ အကွယ် ပေးရေး၊ တရားမဝင် ကုန်သွယ်မှု တားဆီး ထိန်းချုပ်ရေး နှင့် ကုန်သွယ်မှု မြှင့်တင်ရေး အတွက် တာချီလိတ် နယ်စပ် ကုန်သည် အသင်းနဲ့ ကုန်သည် စီးပွားရေး လုပ်ငန်း ရှင်များတို့ကို တွေ့ဆုံ ဆွေးနွေးခဲ့ ပါတယ်။ အဆိုပါ ခရီးစဉ် အတွင်း ITC ကဒ်ဖြင့် ကုန်သွယ်မှု ဆောင်ရွက် ခွင့်ပြု ပေးခဲ့ရာ ၂ဝ၁၃ ခုနှစ် ဖေဖော်ဝါရီ လ ၁ ရက်နေ့မှ စတင်ကာ ကုန်သွယ်မှု လုပ်ငန်းများကို ကုမ္ပဏီ ထောင်ပြီး မဆောင်ရွက် နိုင်တဲ့ လုပ်ငန်းရှင် အသေးစားများ လုပ်ငန်း ဆောင်ရွက်နိုင်ရန် ITC ကဒ် ထုတ်ပေး နေပြီ ဖြစ်ကြောင်း သတင်း ရရှိပါတယ်။

ITC ကဒ်ဖြင့် တရားဝင် ကုန်သွယ်မှု ပြုခြင်းဖြင့် တရားမဝင် ဝင်ရောက်မှုများ လျော့နည်းသွား နိုင်မှာ ဖြစ်ကြောင်း၊ ITC ကဒ်ဖြင့် ကုန်သွယ်မှုကို နိုင်ငံတော်မှ ခင်းပေးတဲ့ လမ်းလို့ သတ်မှတ်ကာ ဌာန ဆိုင်ရာများနဲ့ ပူးပေါင်း ဆောင်ရွက်ရန် လိုကြောင်း၊ ITC ကဒ် လိုင်စင်ကို အရောင်း အဝယ်ပြု လုပ်၍ မရပါကြောင်း၊ ITC ကဒ် ကိုင်ဆောင်သူ ကိုယ်တိုင် ဆောင်ရွက်ရမှာ ဖြစ်ကြောင်း၊ ITC ကဒ် လိုင်စင်ဖြင့် ကုန်သွယ်မှုကို တံတား (၂) မှသာ ဆောင်ရွက်၍ ရနိုင်ကြောင်း၊ ITC ကဒ်ဖြင့် ကုန်သွယ်မှု လုပ်ငန်းများကို စတင် ဆောင်ရွက် ကြည့်ပါလို့ ပြောလို ပါကြောင်း ၂ဝ၁၃ ခုနှစ် ဇန်နဝါရီ လ အတွက် ကုန်သွယ်မှု မြှင့်တင်ရေး အစည်း အဝေးတွင် တာချီလိတ် နယ်စပ် စခန်း တာဝန်ခံ ညွှန်ကြားရေးမှူး ဦးမောင်မောင်ထွန်းက ပြောကြားခဲ့ တယ်လို့ သိရပါတယ်။ အစည်း အဝေးပွဲတွင် တာချီလိတ် နယ်စပ် ကုန်သည် အသင်းက ITC ကဒ်ဖြင့် ဆောင်ရွက်မဲ့ လုပ်ငန်းရှင်များ ကုန်သည် အသင်းဝင် ကဒ်ပြုလုပ်ရာမှာ အခက်အခဲ မရှိစေရန် ကုန်သည် အသင်းရဲ့ ယာယီ ရုံးခန်းအား အမြန်ဆုံး ဖွင့်လှစ် နိုင်ရေး စီစဉ် ဆောင်ရွက် ပေးရန် ဆုံးဖြတ် ခဲ့ကြကြောင်း သတင်း ရရှိပါတယ်။ တာချီလိတ် နယ်စပ် စခန်းတွင် ITC ကဒ်ကို ၈-၂-၂ဝ၁၃ နေ့ထိ လာရောက် လျှောက်ထားခြင်း မရှိသေးဘူးလို့ သိရှိရ ပါတယ်။

Source: နကသ (တာချီလိတ်)