မိမိတို့ ဆားကုန်သည်များ အနေနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတစ်ခုတည်းသာ အားမကိုးဘဲ တခြားဈေးကွက် သစ်တွေ ရှာဖွေရမယ့် အချိန်ဖြစ်နေပြီ
ကြာသပတေးနေ့ ၇ ဖေဖော်ဝါရီလ ၂၀၁၃ 15:05 PM
ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ နေလှန်းဆား တန်ချိန် ၁ဝဝဝဝ ဝယ်ယူလိုကြောင်း ကမ်းလှမ်း လာမှုအပေါ် ပြည်နယ် အစိုးရမှ စနစ်တကျ စီမံ ကြပ်မတ်ပေးမှု အရ နေလှမ်းဆား တန်ချိန် ၁ဝဝဝဝ လိုင်စင် ထုတ်ပေးခဲ့ပြီး တန်ချိန် ၃၁၃၃ ဒသမ ၂၃၅ တန်အား စစ်တွေ နယ်စပ် ကုန်သွယ်ရေး စခန်းမှ တင်ပို့ ခဲ့နိုင်ပြီး ဖြစ်ပါတယ်။ တင်ပို့ရန် ကျန်ရှိနေတဲ့ နေလှမ်းဆားများ ဆက်လက် တင်ပို့ရေး အတွက် ၂၁-၁-၂ဝ၁၃ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ ဆားဝယ်ယူတဲ့ ကုန်သည် Mr. Syed Ziaul Hoque နဲ့ ရခိုင်ပြည်နယ် အစိုးရ သစ်တောနှင့် သတ္တုတွင်း ဝန်ကြီးရုံးခန်းမှာ တွေ့ဆုံ ဆွေးနွေးခဲ့ တယ်လို့ သိရပါတယ်။ ဆားဝယ်ယူသူ Mr. Syed Ziaul Hoque ဟာ Industrial Salt (Table salt) များကို နမူနာ တင်ပြပြီး အဲဒီဆား အမျိုး အစားကိုသာ ဝယ်ယူ လိုတယ်လို့ တောင်းဆို ဆွေးနွေးခဲ့ရာ သဘာဝ နေလှန်းဆား ရောင်းတာကို Industrial Salt (Table salt) ရယူ လိုကြောင်း တောင်းဆိုမှုဟာ ဘယ်လိုမှ မဖြစ်နိုင်တဲ့ အချက် ဖြစ်ပါတယ်။ မိမိတို့ ဆားကုန်သည်များ အနေနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတစ်ခု တည်းကိုသာ အားမကိုးဘဲ တခြား ဈေးကွက် သစ်တွေ ရှာဖွေ ရမယ့် အချိန်ဖြစ် နေပြီး နောင်မှာ နေလှန်း ဆားတွေ ထုတ်လုပ် မယ်ဆိုရင်လည်း အရည်အသွေး ကောင်းမွန် သန့်စင်အောင် ဘယ်လို ထုတ်လုပ်မယ် ဆိုတာကို နည်းပညာ ပိုင်းများ လေ့လာ ဆည်းပူး ရမယ့် အချိန် ရောက်နေပြီလို့ ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့ ဝ၉းဝဝ နာရီအချိန်မှာ ရခိုင်ပြည်နယ် ကုန်သည် များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်း အစည်း အဝေးခန်းမမှာ ကျင်းပ ပြုလုပ်တဲ့ စစ်တွေ နယ်စပ် ကုန်သွယ်ရေး စခန်းရဲ့ ကုန်သွယ်မှု မြှင့်တင်ရေး အစည်း အဝေးပွဲမှာ နယ်စပ် ကုန်သွယ်ရေး ဦးစီး ဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးထွန်းမောင်က ဆွေးနွေး ပြောကြားပါတယ်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံ ဆားဝယ်ယူ သူဟာ Industrial Salt (Table salt) များကို ဝယ်ယူ မယ်ဆိုလျှင် မိမိတို့ ရခိုင် ပြည်နယ်ထွက် နေလှန်း ဆားများကို Value Added ပြုလုပ်နိုင်အောင် ဆောင်ရွက် ထားရှိမှသာ မိမိတို့ ဆားများကို ဝယ်ယူမှာ ဖြစ်တယ်လို့ မြန်မာ့ လယ်ယာထွက် ကုန်ပစ္စည်း ရောင်းဝယ်ရေး၊ ပြည်နယ် မန်နေဂျာ ဦးစိုးပိုင်မှ ဖြည့်စွက် ဆွေးနွေး တင်ပြခဲ့ ပါတယ်။
အစည်း အဝေးမှာ စစ်တွေ ဒေသ ဆားကုန်သည် များမှ ဖေဖော်ဝါရီလ အတွင်း ဆား ဝယ်ယူသူ Mr. Syed Ziaul Hoque ကို ဖိတ်ခေါ်ပြီး ယခင် လက်ကျန် ဆားများ အပြီးသတ် ဝယ်ယူရေးနဲ့ ထပ်မံ ဝယ်ယူလိုတဲ့ ဆားတန်ချိန် အရေအတွက်ကို ဆွေးနွေးပြီး ဈေးနှုန်း အတိအကျဖြင့် စာချုပ်ချုပ်ဆို ဆောင်ရွက်နိုင်ရေး ဆွေးနွေး ဆုံးဖြတ်ခဲ့ ကြတယ်လို့ သတင်း ရရှိပါတယ်။
Source: နကသ (စစ်တွေ) အေးအေးမြ