ရခိုင်ပြည်နယ် စစ်တွေ ဒေသမှ ရေငန် ပုစွန်ကျား ပိုမို တင်ပို့နိုင်ရေး ကြိုးစား ဆောင်ရွက်သွားမည်

သောကြာနေ့ ၁ ဖေဖော်ဝါရီလ ၂၀၁၃ 14:31 PM

ရခိုင်ပြည်နယ် စစ်တွေ ဒေသမှာ မေလမှ အောက်တိုဘာ လအထိ ရေငန် ပုစွန်ကျားများ ထွက်ရှိပြီး တစ်ဖက် နိုင်ငံ ကော့ဘဇားသို့ တင်ပို့လျက် ရှိတယ်လို့ သိရပါတယ်။ ပုစွန် တင်ပို့ ရောင်းချရာမှာလည်း တစ်ဖက်နိုင်ငံ တက္ကနဖ် ချောင်းဝမှ တဆင့် ကော့ဘဇားကို (၃) နာရီလောက် ကားဖြင့် မောင်းပြီး တင်ပို့လျက် ရှိခြင်း၊ ကော့ဘဇားမှာ အအေးခန်း စက်ရုံများ ရှိနေခြင်း တို့ကြောင့် မိမိနိုင်ငံ ဒေသထွက် ရေငန်ပုစွန်ကျား ထွက်နှုန်းပေါ် မူတည်ပြီး နည်းလမ်း မျိုးစုံဖြင့် အသာစီး ယူကာ ဈေးကစား ဝယ်ယူမှုများ ရှိနေကြောင်း စစ်တွေ ငါးပုစွန် ကုန်စည်ဒိုင်မှ အတွင်းရေးမှူး ဦးအောင်ထိုက် က ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ကုန်သွယ်မှု မြှင့်တင်ရေး အစည်းအဝေးမှာ ရှင်းလင်း တင်ပြချက် အရ သိရှိရပါတယ်။ လာမဲ့ ရာသီမှာ ပုစွန်ကျားများ ပိုမို တင်ပို့ နိုင်ရေး အတွက် ကြိုးပမ်းသွားမည် ဖြစ်ကြောင်းနဲ့ အခြေအနေ အရ ပုစွန်သား ပေါက်များ ရှားပါး လာနေပြီဖြစ်လို့ မွေးမြူရေးနဲ့ ရေလုပ်ငန်း ဦးစီးဌာန အနေနဲ့ ပုစွန် သားပေါက်များ ရရှိရေး ဆောင်ရွက် ပေးရန်လည်း ကုန်သည် လုပ်ငန်းရှင် များက တင်ပြ သွားတယ်လို့ သတင်း ရရှိပါတယ်။

Source: နကသ (စစ်တွေ) အေးအေးမြ