ပခုက္ကူမြို့နယ်၌ ဈေးကွက်ဝင်ဆေးရွက်ကြီး စိုက်ပျိုးခြင်းဖြင့် အကျိုးအမြတ်များစွာရရှိ

Thu, 07/11/2024 - 06:34 -- mocadmin

   မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်အတွင်းရှိ ကုက္ကိုလှ၊ ကျွန်းညိုကြီး၊ သံပုရာပင်ကုန်း၊ မြင်းကျွန်း၊ ကျွန်းညို၊ မှိုက်ပင်ကုန်း၊ တင်းဂပ် ကျေးရွာအုပ်စုများတွင် ပြည်တွင်း ဈေးကွက်ခိုင်မာမှုရှိသော ဗမာဆေးရွက်ကြီးကို မြစ်ရေဝင်ကိုင်းကျွန်းမြေများ၌ စီးပွားဖြစ်စိုက်ပျိုးကြ ကြောင်း သိရသည်။

   ဆေးရွက်ကြီး စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်အနေဖြင့် ပျိုးခုံဝယ်ယူခ၊ သွင်းအားစုများ ရိတ်သိမ်းခနှင့် လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်း ကျပ် ၃၅ သိန်းခန့် ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် တောင်သူတစ်ဦးချင်း စိုက်ပျိုးချိန်ရာသီနှင့် သွင်းအားစုသုံးစွဲပုံ မတူညီခြင်း ကြောင့် အထွက်နှုန်းကွဲပြားမှုရှိသော်လည်း၊ ယခုနှစ်တွင် ရာသီဥတုကောင်းမွန်ပြီး အထွက်နှုန်း ကောင်းမွန်ခြင်းကြောင့် တစ်ဧကလျှင် ပျမ်းမျှအထွက်ပိဿာ ၁၁၀၀ ခန့်ထွက်ရှိကြောင်း၊ ဈေးနှုန်း အနေဖြင့် ဒေသတွင်း သီးနှံပေါက်ဈေးမှာ ဗမာဆေးရွက်ကြီး တစ်ပိဿာလျှင် ကျပ် ၉,၀၀၀ ဖြင့် လည်းကောင်း၊ ဆေးရိုးတစ်ပိဿာလျှင် ကျပ် ၃,၀၀၀ ဖြင့်လည်းကောင်း၊ ဆေးရွက်ကြီးပင်မှရရှိသော မျိုးစေ့မှာ တစ်ပြည်လျှင် ကျပ် ၂၀,၀၀၀ ဖြင့်ရောင်းချရကြောင်း၊ ဝင်ငွေအနေဖြင့် တစ်ဧကလျှင် ကျပ် ၉၉ သိန်းရရှိရာ အကျိုးအမြတ်အနေဖြင့် ကျပ် ၆၄ သိန်းခန့်ရရှိကြောင်း၊ ယခုနှစ်တွင် ဆေးရွက်ကြီး အထွက်နှုန်းကောင်းမွန်ခြင်းနှင့် ဈေးနှုန်းကောင်းမွန်ခြင်းတို့ကြောင့် တောင်သူများအနေဖြင့် အကျိုး အမြတ်များစွာရရှိကြောင်း တောင်သူတစ်ဦးထံမှ သိရှိရသည်။

   ဈေးကွက်အနေဖြင့် ပခုက္ကူမြို့နယ်အတွင်းမှ ထွက်ရှိသော ဆေးရွက်ကြီးနှင့် ဆေးရိုးများကို ပခုက္ကူမြို့ပေါ်ရှိ ဆေးလိပ်ခုံလုပ်ငန်းရှင်များနှင့် ကွမ်းယာရောင်းဝယ်ရေး လုပ်ငန်းရှင်များမှ ဝယ်ယူ လျက်ရှိသည့်အပြင် မြန်မာနိုင်ငံအောက်ပိုင်း ပုသိမ်၊ မြောင်းမြ၊ ဘိုကလေး၊ ဟင်္သာတမှ  ဝယ်လက် များသည် ကျေးရွာများအထိဆင်း၍ နှစ်စဉ်ဝယ်ယူလျက်ရှိကြောင်း၊ ရောင်းလိုအား ဝယ်လိုအား ကောင်းပြီး ပြည်တွင်းဈေးကွက်ခိုင်မာမှုရှိ၍ အကျိုးအမြတ်များစွာရရှိခြင်းကြောင့် တောင်သူများမှ ဆေးရွက်ကြီးပင်များကို နှစ်စဉ်စိုက်ပျိုးလျက်ရှိကြောင်း သိရှိရသည်။

DOCA (မကွေး)

Local Trade News

Pages