ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်းလုပ်ငန်းစဉ်တွင် လိုက်ပါဆောင်ရွက်မှု (၅)

Thu, 08/29/2019 - 07:18 -- ictuser

မြန်မာနိုင်ငံ၏ ပထမအကြိမ် ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်းလုပ်ငန်းစဉ် ဆောင်ရွက်ခဲ့မှုအတွေ့ အကြုံများ

 

မြန်မာနိုင်ငံ၏ ပထမအကြိမ် ကုန်သွယ်မှုမူဝါဒလေ့လာဆန်းစစ်ခြင်းဆိုင်ရာ အပြီးသတ် အစည်းအဝေး ကို ၂၀၁၄ ခုနှစ်၊ မတ်လ (၁၁) ရက်နေ့မှ (၁၃) ရက်နေ့အထိ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့ရှိ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ရုံးချုပ်တွင် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးအောင်မြင်စွာ ကျင်းပနိုင်ရေး ကနဦးကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နိုင်ရန် အတွက် ၂၀၁၂ ခုနှစ် နှစ်လယ်ပိုင်းမှစတင်ကာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှ ဦးဆောင်၍ ကုန်သွယ်မှုနှင့်ဆက်နွယ်လျက်ရှိသည့် ဝန်ကြီးဌာနအဖွဲ့အစည်းများမှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများအား ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်းနှင့် ပတ်သက်သည့် အသိပညာဖြန့်ဝေသည့် လုပ်ငန်းစဉ်များဆောင်ရွက်ခြင်း၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ကုန်သွယ်မှု မူဝါဒဆန်းစစ်သည့် ဌာနမှကျွမ်းကျင်သူများ ဖိတ်ကြား၍ ဆောင်ရွက်ရမည့်အသေးစိတ် လုပ်ငန်းစဉ်များ၊ ကုန်သွယ်မှုမူဝါဒဆန်းစစ်မှုတွင် ထည့်သွင်းဖော်ပြလိုသည့် အချက်များကို ညှိနှိုင်း ဆွေးနွေးခြင်း၊ သက်ဆိုင်ရာဌာနများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများကို ဖိတ်ကြား၍ ညှိနှိုင်းဆွေးနွေးပွဲ များကို အကြိမ်ကြိမ်ကျင်းပခြင်းတို့ကို အချိန်ဇယား သတ်မှတ်၍ ညှိနှိုင်းဆောင်ရွက်ခဲ့ကြပါသည်။ ပထမအကြိမ်ဆောင်ရွက်ခြင်းဖြစ်၍ ပုံမှန်အားဖြင့် (၁)နှစ်ကြာဆောင်ရွက်သည့်လုပ်ငန်းစဉ်အား အချိန်ကာလအားဖြင့် (၆)လခန့် ပိုမိုအချိန်ယူကာ ဆောင်ရွက်ခဲ့ရပါသည်။
ကုန်သွယ်မှုမူဝါဒလေ့လာဆန်းစစ်ရာတွင် အဓိကကျသော အတွင်းရေးမှူး၏ အစီရင်ခံစာ ပြုစုနိုင်ရေးအတွက် ၂၀၁၂ ခုနှစ် နိုဝင်ဘာလတွင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ အတွင်း ရေးမှူးရုံးမှ လိုအပ်သော အချက်အလက်များကို တောင်းခံသည့် မေးခွန်းပုံစံမေးမြန်းချက် (၂၈၃) ခုကို ကနဦးပေးပို့လာပါသည်။ ၎င်းတို့အား သက်ဆိုင်ရာဌာနများသို့ပေးပို့ကာ အချက်အလက်များ တောင်းခံခြင်း၊ ဖြေကြားစေခြင်း၊ စနစ်တကျရှိစေရေးနှင့် ပိုမိုပြည့်စုံမှန်ကန်စေရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဦးဆောင်၍ ဌာနဆိုင်ရာအသီးသီးနှင့် အကြိမ်ကြိမ် ညှိနှိုင်းဆွေးနွေးခြင်းများ ပြုလုပ်ခြင်း၊ ゞင်းအပြင် အာရှဖွံ့ဖြိုးမှုဘဏ် (Asia Development Bank) မှ ပံ့ပိုးကူညီမှုဖြင့် ငှါးရမ်းခဲ့သော ကျွမ်းကျင်ပညာရှင်၏ အကြံပြုချက်များ ကို ရယူကာလိုအပ်သော အချက်အလက်များနှင့်စာရင်းဇယားများအတွက်  အကြိမ်ကြိမ် ညှိနှိုင်း ဆွေးနွေးပြင်ဆင်ခဲ့ပါသည်။ ထို့နောက် တောင်းခံထားသော အချက်အလက်များကို အတွင်းရေး မှူးရုံး၏ အစီရင်ခံစာ (မူကြမ်း) ပြုစုနိုင်ရေးအတွက် ၂၀၁၃ ခုနှစ် နှစ်ဦးပိုင်းတွင် ကမ္ဘာ့ကုန်သွယ် ရေးအဖွဲ့၏ အတွင်းရေးမှူးရုံးသို့ စနစ်တကျပေးပို့ခဲ့ပါသည်။
ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ အတွင်းရေးမှူးရုံးမှ ပြုစုပေးပို့လာသည့် အတွင်းရေးမှူးရုံး ၏အစီရင်ခံစာ (မူကြမ်း) များကို ဌာနဆိုင်ရာများသို့ သဘောထားမှတ်ချက်များ တောင်းခံခြင်း၊ သက်ဆိုင်ရာဌာနများ၊ အဖွဲ့အစည်းများနှင့်ညှိနှိုင်းခြင်း၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့မှ ကျွမ်းကျင် ပညာရှင်များနှင့် စိစစ်ဆွေးနွေးညှိနှိုင်းခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီးနောက် ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလတွင် အပြီးသတ်မူကြမ်းကို ပြုစုရေးဆွဲနိုင်ခဲ့ပါသည်။ ဆက်လက်၍ အစိုးရ၏ အစီရင်ခံစာအား ရေးသားပြုစုနိုင်ရေးအတွက် ၂၀၁၃ ခုနှစ်၊ သြဂုတ်လတွင် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဦးဆောင်ကာ သက်ဆိုင်ရာဌာနများ၊ အဖွဲ့အစည်းများမှ တာဝန်ရှိ သူများနှင့် အစီရင်ခံစာတွင် ထည့်သွင်းလိုသည့် အကြောင်းအရာနှင့် အချက်အလက်များကို ဆွေးနွေးညှိနှိုင်းခဲ့ပါသည်။ အဆိုပါ အစီရင်ခံစာပြုစုနိုင်ရေးအတွက် အာရှဖွံ့ဖြိုးရေးဘဏ်မှ ပံ့ပိုးကူညီမှုဖြင့် ငှါးရမ်းခဲ့သော ကျွမ်းကျင်ပညာရှင်အပါအဝင် ဝန်ကြီးဌာန၏ဘာသာရပ်ဆိုင်ရာ တာဝန်ခံများမှ သက်ဆိုင်ရာအပိုင်းအလိုက်တာဝန်ယူကာ အစီရင်ခံစာ (မူကြမ်း) ကို ရေးသားပြုစု ခဲ့ပြီးနောက် အထက်အဖွဲ့အစည်းအဆင့်ဆင့်သို့ တင်ပြ၍ အတည်ပြုချက်ရယူခဲ့ပါ သည်။
အစီရင်ခံစာ နှစ်စောင်အား အပြီးသတ်ပြုစုပြီးသည့်နောက် ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် အင်္ဂ္လိပ်ဘာသာ၊ စပိန်ဘာသာနှင့် ပြင်သစ်ဘာသာတို့သို့ ပြန်ဆို၍ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင်နိုင်ငံ (၁၅၉) နိုင်ငံသို့ ဖြန့်ဝေခဲ့ပါသည်။ အဆိုပါ ဖြန့်ဝေခဲ့သည့် အစီရင်ခံစာများအပေါ် အဖွဲ့ဝင်နိုင်ငံများမှ လေ့လာဖတ်ရှုပြီးနောက် အဖွဲ့ဝင်နိုင်ငံ (၁၆) နိုင်ငံမှ ၃၁-၁-၂၀၁၄ ရက်နေ့မှ ၁၉-၂-၂၀၁၄ ရက်နေ့အတွင်း မေးခွန်း (၁၉၇) ခုကို မေးမြန်းပေးပို့လာ ပါသည်။ ပေးပို့လာသည့် မေးခွန်းများကို သက်ဆိုင်ရာဌာနများသို့ ပေးပို့ဖြေကြားစေပြီး ရရှိလာသည့် ဖြေကြားချက်များအပေါ် ပြန်လည်လေ့လာစိစစ်ကာ ပြည့်စုံ၍စနစ်ကျသည့် အဖြေလွှာများ ဖြစ်စေရန်အတွက် ဌာနဆိုင်ရာအသီးသီးနှင့်ပြန်လည် ညှိနှိုင်းဖြေကြားခဲ့ပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် ၂၀၁၄ ခုနှစ်၊ မတ်လ (၁၁) ရက်နေ့မှ (၁၃) ရက်နေ့အထိ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့ရှိ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ရုံးချုပ်တွင် မြန်မာနိုင်ငံ၏ ပထမအကြိမ် ကုန်သွယ်မှု မူဝါဒလေ့လာဆန်းစစ်ခြင်းအစည်းအဝေးကို တက်ရောက်ခဲ့ပါသည်။ အစည်းအဝေး တွင် အဖွဲ့ဝင်နိုင်ငံများမှ မေးခွန်း (၆၇) ခုကို ထပ်မံပေးပို့ခဲ့ရာ သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်၍ ညှိနှိုင်းဆွေးနွေးကာ ပြန်လည်ဖြေကြားပေးပို့နိုင်ခဲ့ပါသည်။
မြန်မာနိုင်ငံ၏ ပထမအကြိမ်ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်းအစည်းအဝေး၏ သဘာပတိ အဖြစ်ဆွီဒင်နိုင်ငံ၏ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဆိုင်ရာ သံအမတ်ကြီးဖြစ်သူ H.E. Mr. Joakim Reiter မှ ဆောင်ရွက်ပြီး၊ အစည်းအဝေး၏ Discussant အဖြစ် သြစတြေးလျနိုင်ငံ၏ ကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့ဆိုင်ရာ သံအမတ်ကြီးဖြစ်သူ H.E. Mr. Hamish McCormick တို့မှ ဆောင်ရွက်ကြပါသည်။ အဆိုပါအစည်းအဝေးသို့ ကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့ အတွင်းရေးမှူးချုပ် ရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ်ဖြစ်သူ H.E. Mr. Yonov Frederick Agah နှင့်   Trade Policy Review ဌာနမှတာဝန်ရှိသူများ၊ ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများနှင့် ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ပါသည်။

 

ပထမအကြိမ် ကုန်သွယ်မှုမူဝါဒလေ့လာဆန်းစစ်ခြင်းလုပ်ငန်းစဉ် ပြီးဆုံးပြီးနောက် ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော နောက်ဆက်တွဲလုပ်ငန်းများ

 

    မြန်မာနိုင်ငံ၏ ပထမအကြိမ်ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်းအစည်းအဝေး သဘာပတိ ၏ နိဂုံးချုပ်အကြံပြုချက်များတွင် မြန်မာနိုင်ငံအနေဖြင့် အောက်ဖော်ပြပါကဏ္ဍဍများတွင် ပိုမိုပွင့်လင်းမြင်သာမှုရှိစေရန် ဆက်လက်ဆောင်ရွက်စေလိုကြောင်း ဖော်ပြပါရှိပါသည်-
    (က) နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးပတ်ဝန်းကျင် (Foreign Investment and  Business environment)
    ( ခ)    အကောက်ခွန်ဆိုင်ရာလုပ်ထုံးလုပ်နည်းများ၊ အကောက်ခွန်တန်ဖိုးဖြတ်ခြင်းနှင့် ကုန် သွယ်မှုလျင်မြန်ချောမွေ့စေရေး (Customs procedures, customs valuation and trade facilitation)
    ( ဂ)    အကောက်ခွန်နှုန်းထားများနှင့် အခြားအခွန်အခများ( Tariffs and other taxes)
    (ဃ)    နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများနှင့် စီးပွားရေးတွင်အစိုးရပိုင်းမှ ပါဝင်ဆောင်ရွက် မှု (State-owned economic enterprises (SEEs) and state involvement in the economy)
    ( င)    လယ်ယာစိုက်ပျိုးရေးနှင့် အပင်၊ တိရစ္ဆာန်ပိုးမွှားကင်းစင်ရေး (Agriculture and Sanitary and phytosanitary measures)
        ( စ)    ဝန်ဆောင်မှုဆိုင်ရာ ကိစ္စရပ်များ( Services)
အထက်ဖော်ပြပါ အကြံပြုချက်များအား လိုအပ်သလို လိုက်ပါဆောင်ရွက်နိုင်ရေးအတွက် ပထမအကြိမ် ကုန်သွယ်မှုမူဝါဒဆန်းစစ်သည့် လုပ်ငန်းစဉ်ပြီးဆုံးပြီးနောက် နောက်ဆက်တွဲ လုပ်ငန်းစဉ်များအနေဖြင့် TPR Follow Up Workshop ကို ၂၀၁၅ ခုနှစ်တွင်လည်းကောင်း၊ TPR Regional Roundtable Workshop ကို ၂၀၁၇ ခုနှစ်တွင်လည်းကောင်း၊ TPR Related Workshop ကို ၂၀၁၈ ခုနှစ်တွင်လည်းကောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန မှ ဦးဆောင်ကာ နိုင်ငံတကာမှ ကျွမ်းကျင်ပညာရှင်များအား ဖိတ်ခေါ်၍ ဌာနဆိုင်ရာတာဝန်ရှိ သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် အောင်မြင်စွာကျင်းပနိုင်ခဲ့ပါသည်။ ယင်းသို့ နောက်ဆက်တွဲ လုပ်ငန်းစဉ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများကို အကြိမ်ကြိမ် ကျင်းပခဲ့ခြင်းအားဖြင့် ကုန်သွယ်မှုနှင့် ဆိုင်သောမူဝါဒများ၊ စည်းမျဉ်းများနှင့် လုပ်ထုံးလုပ်နည်းများအား ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ သဘောတူညီချက်များနှင့်အညီ ပြောင်းလဲဖြစ်ပေါ်တိုးတက်မှုများဆက်လက်ပြုလုပ်သွားနိုင်ရေး အား  များစွာအထောက်အကူပြုစေခဲ့ပြီး ကဏ္ဍဍအလိုက်လိုအပ်ချက်များကိုလည်း ပိုမိုသိရှိနား လည်စေခဲ့ပါသည်။ ထို့အပြင် ညှိနှိုင်းဆွေးနွေးမှုများ မှတစ်ဆင့် ပူးပေါင်းဆောင်ရွက်မှုများ ကို ပိုမိုအားကောင်းလာစေကာ ကုန်သွယ်မှုကဏ္ဍဍဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းပေါ်သို့ ဦးတည်စေခဲ့ပါသည်။ နိုင်ငံအတွက် ဦးစားပေး ဆောင်ရွက်ရန်လိုအပ်သည့် ကဏ္ဍဍများ၊ နည်းပညာဆိုင်ရာ အထောက်အပံ့ရ ယူရန် လိုအပ်သည့်ကဏ္ဍဍများနှင့် စွမ်းဆောင်ရည်မြှင့်တင်ရန် လိုအပ်သည့် ကဏ္ဍဍများကို အကြံပြုခဲ့ကြပြီး အောက်ဖော်ပြပါ ရှေ့ဆက်ဆောင်ရွက်ရွက်ရမည့် ဦးစားပေး လုပ်ငန်းစဉ်များကိုလည်း ထပ်မံဖော်ထုတ်ခဲ့ပြီး ယင်းလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ တိုးတက် မှုများရရှိအောင် လိုအပ်သလို လိုက်ပါအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်-
(က)    ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးသဘောတူညီချက် (Trade Facilitation Agreement) ဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း
( ခ )    အသိပေးအကြောင်းကြားခြင်း(Notifications)ဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ခြင်း
( ဂ )    ကုန်သွယ်မှုဆိုင်ရာ နည်းပညာအတားအဆီးများ (Technical Barriers to Trade) နှင့် လူ၊ တိရစ္ဆာန်၊ အပင်ဇီဝတို့၏ ကျန်းမာရေးနည်းလမ်းများ (Sanitary and Phytosanitary) ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများအား ဖော်ဆောင်ချမှတ်ခြင်း
(ဃ)    အသိဉာဏ်ပစ္စည်း (Intellectual Property) ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ ပြဌာန်းခြင်း
( င )    ကုန်သွယ်မှုဆိုင်ရာ စာရင်းအချက်အလက်များ ခိုင်မာစေခြင်း
( စ )    ပြီးပြည့်စုံသည့် ဥပဒေအသစ်ပြဌာန်းရာတွင် ကူညီထောက်ပံ့ခြင်း
အထက်ဖော်ပြပါအတွေ့အကြုံများနှင့်နောက်ဆက်တွဲလုပ်ငန်းစဉ်များဖော်ထုတ်၍ လိုက်ပါအကောင်အထည်ဖော်လျက်ရှိသည့်စဉ်ဆက်မပြတ်လုပ်ဆောင်ချက်များကိုအခြေခံကာစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့်  မြန်မာနိုင်ငံ၏ဒုတိယအကြိမ် ကုန်သွယ် မှုမူဝါဒဆန်းစစ်ခြင်းလုပ်ငန်းစဉ်အား၂၀၂၀ခုနှစ် အောက်တိုဘာလတွင် အပြီးဆောင် ရွက်သွားနိုင်ရန် ရည်မှန်းချက်ထား၍ စတင်ကြိုးပမ်းပြင်ဆင်လျက်ရှိပါသည်။ဒုတိယအကြိမ် ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်းလုပ်ငန်းစဉ်မှနိုင်ငံအတွက် ပိုမိုကောင်းမွန်သောရလာဒ် များကိုလည်း ထပ်မံဆောင်းကြဉ်းပေးလာနိုင်မည်ဖြစ်ကြောင်း အကြွင်းမဲ့ယုံကြည်မိပါသည်။

 

International Trade News

Pages