ပထမအဆင့်ဖြစ်တဲ့ အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၁၅-၂၀၁၉) အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့မှုအခြေအနေကို သိရှိလိုပါတယ်။

အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၁၅-၂၀၁၉) တွင် ကဏ္ဍအလိုက် လုပ်ငန်းစီမံချက်များနှင့် ဆက်စပ်နေသည့် နိုင်ငံတော်ဘတ်ဂျက်ပါဝင်သော စီမံကိန်းများအပါအဝင် စီမံကိန်း (၁၃၁) ခု ရာခိုင်နှုန်းအားဖြင့် (၆၉ %) ကို အကောင်အထည် ဖော်နိုင်ခဲ့ပါတယ်။

အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၁၅-၂၀၁၉) မှာ ဦးစားပေးအကောင်အထည်ဖော်ရန် ရွေးချယ်ထားတဲ့ကဏ္ဍများအနက် ဘယ်ကဏ္ဍတွေမှာ အများဆုံးအကောင်အထည်ဖော်နိုင် ခဲ့ပါသလဲ။

အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၁၅-၂၀၁၉) ကဏ္ဍအလိုက် လုပ်ငန်းစီမံချက်များနှင့် ဆက်စပ်နေတဲ့ စီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုအရ အထူးသဖြင့် ဆန်စပါး၊ အထည်အလိပ်နှင့် အဝတ်အထည်၊ ရေထွက်ကုန်ပစ္စည်း၊ ခရီးသွားလုပ်ငန်းကဏ္ဍ တို့မှာ အများဆုံးအကောင်အထည်ဖော်နိုင်ခဲ့ပြီး ပို့ကုန်ဝင်ငွေတိုးတက်မှုများ ရရှိခဲ့ပါတယ်။

အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၁၅-၂၀၁၉) ကို ဘယ်ဒေသတွေမှာ အများဆုံး အကောင် အထည်ဖော်နိုင်ခဲ့ပါသလဲ။

အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၁၅-၂၀၁၉) တွင် ကဏ္ဍအလိုက် လုပ်ငန်းစီမံချက်များနှင့် ဆက်စပ်နေသည့် စီမံကိန်းတွေကို ရန်ကုန်၊ မန္တလေး၊ ဧရာဝတီနှင့် မကွေးတိုင်းဒေသကြီး များတွင် အများဆုံး ဆောင်ရွက်နိုင်ခဲ့ပါတယ်။

ကုန်စည်ပြပွဲတွင် ပါဝင်ပြသရန်အတွက် မည်သို့လျှောက်ထားရန် လိုအပ်ပါသလဲ။

ကုန်စည်ပြပွဲဖိတ်ကြားစာရရှိပါက သက်ဆိုင်ရာဌာန၊ အသင်း/အဖွဲ့အစည်း၊ ကုမ္ပဏီများမှ တစ်ဆင့်သော်လည်းကောင်း၊ www.mitc.myantrade.gov.mm တွင်ဝင်ရောက်၍ တိုက်ရိုက် သော်လည်းကောင်း စာရင်းပေးလျှောက်ထားနိုင်ပါသည်။

ကုန်စည်ပြပွဲပြီးဆုံးပြီးနောက် အကောက်ခွန်ရှင်းလင်းရေးဆိုင်ရာကိစ္စရပ် အခြေအနေကို ပြန်လည်တင်ပြရန် လိုအပ်ပါသလား။

ကုန်စည်ပြပွဲအား တာဝန်ယူကြီးကြပ်ဆောင်ရွက်သည့် ဌာန၊ အသင်းအဖွဲ့၊ ကုမ္ပဏီ/ လုပ်ငန်း ရှင်များမှ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့သို့ အကောက်ခွန်ရှင်းလင်းရေးဆိုင်ရာ မှတ်တမ်း အား ပြန်လည်တင်ပြရမည်ဖြစ်ပါသည်။

အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၁၅-၂၀၁၉) မှာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့တဲ့ စီမံကိန်းများရှိပါလား။

အမျိုးသားပို့ကုန်မဟာဗျူဟာ(၂၀၁၅-၂၀၁၉) မှာ  ကယားပြည်နယ်ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်းနဲ့ မန္တလေး၊စစ်ကိုင်း၊မကွေးတိုင်းဒေသကြီးတို့မှာ ဆီထွက်သီးနှံကဏ္ဍ တန်ဘိုးကွင်းဆက်တစ်လျှောက်ပို့ကုန်ဝင်ငွေတိုးမြှင့်ရေးစီမံကိန်းတို့ကို နိုင်ငံတစ်ကာ ကုန်သွယ်မှု ဗဟိုဌာနရဲ့ ပံ့ပိုးမှုနဲ့အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါတယ်။