ဒေသတွင်းစီးပွားရေးလမ်းကြောင်းငါးခုကို ဆက်သွယ်ပေးမည့် ရနောင်းဆိပ်ကမ်း ဘက်စုံသယ်ယူ ပို့ဆောင်ရေးစီမံကိန်းကို စတင်
ထိုင်းနိုင်ငံ၊ ဆိပ်ကမ်းအာဏာပိုင်အဖွဲ့သည် တရုတ်၊ လာအို၊ ထိုင်း၊ မြန်မာနှင့် BIMSTEC အဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေး ချိတ်ဆက်မှုများကို မြှင့်တင်ရန် ရနောင်းဆိပ်ကမ်းတွင် ဘက်စုံသယ်ယူပို့ဆောင်ရေးစီမံကိန်းကို စတင်ခဲ့ကြောင်း၊ ယင်းစီမံကိန်း၏ ပထမဆုံး ကုန်သင်္ဘောသည် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့သို့ ဦးတည်ခဲ့ကြောင်း၊ ၎င်းသည် တရုတ်၊ လာအို၊ ထိုင်း၊ မြန်မာနှင့် BIMSTEC အဖွဲ့ဝင်နိုင်ငံများကို ချိတ်ဆက်ပေးမည်ဖြစ်ပြီး၊ ရနောင်းဆိပ်ကမ်းကို အန်ဒမန်ပင်လယ်၏ အဓိက ရေကြောင်းကုန်သွယ်ရေးဗဟိုချက်အဖြစ် ပြောင်းလဲရာတွင် အရေးပါသည့် ခြေလှမ်းတစ်ခုဖြစ်ပါသည်။
စီမံကိန်း၏ ရည်ရွယ်ချက်မှာ ကုန်းလမ်းသယ်ယူပို့ဆောင်ရေး၊ မီးရထားလမ်းနှင့် ပင်လယ်ရေကြောင်း ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းများကို လွယ်ကူချောမွေ့စွာ ချိတ်ဆက်ပေးခြင်းဖြင့် အရှေ့တောင်အာရှနှင့် တောင်အာရှဒေသတို့တွင် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ ပိုမိုတိုးတက်လာစေရန် ဖြစ်သည်။ ထို့ပြင် ဒေသတွင်းစီးပွားရေးပေါင်းစည်းမှုအတွက် ပွင့်လင်းမြင်သာမှုရှိပြီး ခေတ်မီ၍ ရေရှည်တည်တံ့သော အခြေခံအဆောက်အဦတစ်ခု တည်ဆောက်ခြင်းဖြင့် ထောက်ပံ့ပို့ဆောင်ရေး ဝန်ဆောင်မှုပေးသူများ၊ သင်္ဘောလိုင်းများနှင့် ရင်းနှီးမြှုပ်နှံသူများအကြား ယုံကြည်မှုကို မြှင့်တင်ရန် ရည်ရွယ်ပါသည်။
ရနောင်းဆိပ်ကမ်းသည် ထိုင်းနိုင်ငံ၊ အန်ဒမန်ပင်လယ်ကမ်းရိုးတန်းရှိ တစ်ခုတည်းသော အများပိုင်ဆိပ်ကမ်းဖြစ်ပြီး BIMSTEC အဖွဲ့ဝင်နိုင်ငံများသို့ ဝင်ပေါက်အဖြစ် ဆောင်ရွက်လျက်ရှိရာ ယခုအခါ ဘက်စုံသယ်ယူပို့ဆောင်ရေးစနစ်ကို မိတ်ဆက်ခြင်းဖြင့် စီးပွားရေးအခွင့်အလမ်းအသစ်များကို ဖော်ဆောင်ပေးမည်ဖြစ်သည်။ ထိုင်းဆိပ်ကမ်းအာဏာပိုင်အဖွဲ့သည် ရနောင်းဆိပ်ကမ်းကို ဒေသတွင်းနှင့် ကမ္ဘာ့လုံးဆိုင်ရာ စီးပွားရေးချိတ်ဆက်မှုများကို အထောက်အကူပြုမည့် ခေတ်မီ၍ ရေရှည်တည်တံ့သော ထောက်ပံ့ပို့ဆောင်ရေးဗဟိုချက်အဖြစ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ထားသည်။
ဘက်စုံသုံးလမ်းကြောင်းသစ်သည် ရန်ကုန် (မြန်မာ)၊ စစ်တကောင်း (ဘင်္ဂလားဒေ့ရှ်)၊ ချန်နိုင်း (အိန္ဒိယ)၊ ကိုလံဘို (သီရိလင်္ကာ) စသည့် ဆိပ်ကမ်းများသို့ ရေကြောင်းပို့ဆောင်ချိန်ကို သိသိသာသာ လျှော့ချပေးပါသည်။ ယခင်က ဤနေရာများသို့ ပို့ဆောင်ရာတွင် ၁၄ ရက်မှ ၂၁ ရက်အထိ ကြာမြင့်ခဲ့သောကြောင့် ဤစနစ်အသစ်သည် ကုန်ကျစရိတ်များကို လျှော့ချရန်၊ လုပ်ငန်းလည်ပတ်မှု ပြောင်းလွယ်ပြင်လွယ်ရှိရေးနှင့် ထိုင်းနှင့် နိုင်ငံတကာမှ စီးပွားရေးလုပ်ငန်းများကို ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်း ရရှိစေမည်ဖြစ်သည်။
ဤစီမံကိန်းကို Thai Transport Center Co., Ltd. မှ ပံ့ပိုးပေးထားပြီး၊ အဓိကမိတ်ဖက်များအဖြစ် SCG JWD Logistics Public Co., Ltd.၊ မြန်မာနိုင်ငံမှ Ever Flow River Group Public Co., Ltd. နှင့် SPT Smart Creation Co., Ltd တို့က ပူးပေါင်းဆောက်ရွက်လျက်ရှိပါသည်။ ဤလမ်းကြောင်းသစ် စတင်မှုသည် အန်ဒမန်ပင်လယ်နှင့် BIMSTEC အဖွဲ့ဝင်နိုင်ငံများတွင် ထိုင်းနိုင်ငံကို ဦးဆောင်ကုန်သွယ်ရေးဗဟိုချက်အဖြစ် တည်ဆောက်ရန် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာခြင်းကို ဖော်ပြနေပါသည်။
ရင်းမြစ်။ www.nationthailand.com
