မြို့သစ်မြို့နယ်၊ ကွင်းကျေးရွာ၌ ကြက်သွန်နီ(ဥစိုက်)များ စတင်စိုက်ပျိုး

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ စစ်တလင်းအုပ်စုရှိ ကွင်းကျေးရွာသည် နှမ်း၊ မြေပဲ၊ ပြောင်း၊ ကြက်သွန်နီနှင့် ပဲမျိုးစုံ စသည့်သီးနှံများကို ရာသီအလိုက် စိုက်ပျိုးလျက်ရှိပြီး စားဖိုဆောင် သီးနှံတစ်မျိုးဖြစ်သော ကြက်သွန်နီ(ဥစိုက်) ၁၀၀ ဧကခန့် စိုက်ပျိုးထားကြောင်း သိရသည်။ 

ကြက်သွန်နီကို နိုဝင်ဘာလ၊ ပထမပတ်တွင် စတင်စိုက်ပျိုးပြီး ဇန်နဝါရီလ နောက်ဆုံးပတ် တွင် တူးဖော်ရိတ်သိမ်းရကြောင်း၊ ကြက်သွန်နီကို ဥစိုက်နှင့် ပင်စိုက်ဟူ၍ စိုက်ပျိုးကြပြီး မျိုးအနေ ဖြင့် ဇော်မွှားဥစိုက်နှင့် ကြမ်းကျွံဥစိုက်(ယခင်နှစ်ကကျန်သောဥသေး)တို့ဖြစ်ပြီး (ဇော်မွှားဥစိုက်) မျိုး ကို အများဆုံးစိုက်ပျိုးကြောင်း၊ မျိုးဥအရွယ်အစားအပေါ်မူတည်၍ တစ်ဧကလျှင် ပိဿာချိန် ၃၅၀-၄၅၀ ခန့် စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးရာတွင် ဘောင်လယ်ကွက်ကို ရေသွင်းစနစ်နှင့် ပြန့်စိုက်၍ ပိုက်ဖြန်းစနစ်တို့ဖြင့် စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးမှုအတွက် မျိုး၊ သွင်းအားစု၊ လုပ်သားခ၊ မြေပြုပြင် ထွန်ယက်ခအပါအဝင် ငွေကျပ် ၃၂ သိန်းခန့် ကုန်ကျကြောင်း၊ ယခင်နှစ်က တစ်ဧကလျှင် ပိဿာချိန် ၃,၀၀၀ - ၄,၀၀၀ ခန့် ထွက်ရှိခဲ့ကြောင်း၊ ကြက်သွန်နီသီးနှံ ပေါ်စအချိန်တွင် တစ်ပိဿာလျှင် ကျပ် ၂,၀၀၀ - ၃,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ငွေကျပ် ၂၈ သိန်းခန့် အမြတ်ရရှိသည်။

ဈေးကွက်အနေဖြင့် မကွေးမြို့နှင့် တောင်တွင်းကြီးမြို့တို့ရှိ ကြက်သွန်နီ ပွဲရုံများသို့ တင်ပို့‌ ရောင်းချပြီး ထိုမှတစ်ဆင့် ရန်ကုန်၊ မန္တလေးနှင့် ပြည်မြို့တို့သို့ တင်ပို့ကြောင်း၊ ယခုနှစ် ကြက်သွန်နီ ပေါ်ချိန်တွင် အထွက်နှုန်းကောင်းမွန်ပြီး ဈေးကောင်းရရှိပါက အကျိုးအမြတ်ပိုမိုရရှိမည်ဖြစ်ကြောင်း ကြက်သွန်နီ(ဥစိုက်) တောင်သူတစ်ဦးထံမှ သိရှိရသည်။

DOCA(မကွေး)