ပထမဆုံးနိုင်ငံခြားကုန်သွယ်မှုတက္ကသိုလ်ကို ဒူဘိုင်းတွင် စတင်ဖွင့်လှစ်တော့မည့် အိန္ဒိယ

အိန္ဒိယ၏ ပထမဆုံးသော နိုင်ငံခြားကုန်သွယ်မှုတက္ကသိုလ်ကို ဒူဘိုင်း Expo City ရှိ လေးထပ်အဆောက်အဦဖြစ်သော အိန္ဒိယပြခန်းတွင် ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း၊ တက္ကသိုလ်ကို ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းတွင် စတင်မည်ဖြစ်ကာ ကာလတိုနှင့်ကာလ လတ်သင်တန်းများ၊ သုတေသနလုပ်ငန်းများ၊ နိုင်ငံတကာနှင့် ပူးပေါင်းဖွင့်လှစ်မည့် MBA (Intermational Business) ကဲ့သို့ သင်တန်းများ ပါဝင်ကြောင်း၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တနင်္လာနေ့က ထုတ်ပြန်ခဲ့သည်။

ယခုကဲ့သို့ ဖွင့်လှစ်ခြင်းကြောင့် UAE တွင် နေထိုင်သော အိန္ဒိယလူမျိုး ၃.၅ သန်းအတွက် အကျိုးရှိမည်ဖြစ်ကာ အိန္ဒိယ၏ နိုင်ငံခြားကုန်သွယ်မှုတက္ကသိုလ်ကို ပြည်ပဈေးကွက်သို့ တိုးချဲ့ဖွင့်လှစ်နိုင်ခြင်းနှင့် အိန္ဒိယအမှတ်တံဆိပ်ကို အသိအမှတ်ပြုစေရန်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Piyush Goyal က အိန္ဒိယ၏ နိုင်ငံခြားကုန်သွယ်မှု တက္ကသိုလ်ကို ဒူဘိုင်းတွင် ဖွင့်လှစ်နိုင်ခဲ့ခြင်းသည် ကမ္ဘာ့အဆင့်မီတက္ကသိုလ်အဖြစ် ပြောင်းလဲနိုင်ခဲ့သည့် အထင်ကရ ဆုံးဖြတ်ချက်တစ်ခုဖြစ်ကြောင်း ၊ ထို့အပြင် နိုင်ငံခြားကုန်သွယ်မှုဆိုင်ရာ အတွေ့အကြုံများကို UAEမှ ကျောင်းသားများ ၊ ပညာရှင်များနှင့် အစိုးရအရာထမ်းများအတွက်သာမက ကမ္ဘာအနှံ့ရှိ နိုင်ငံတကာကုန်သွယ်မှု ဆောင်ရွက်သူများအတွက် သင်တန်းများနှင့်သုတေသနလုပ်ငန်းများ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

၁၉၆၃ ခုနှစ်မှ စတင်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနလက်အောက်၌ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တက္ကသိုလ်အဖြစ် စတင်ဖွင့်လှစ်ခဲ့သော နိုင်ငံခြားကုန်သွယ်မှုတက္ကသိုလ်သည် အမှန်တကယ် တက္ကသိုလ်အဆင့်သို့ တိုးမြှင့်ခြင်းခံခဲ့ရပြီး အိန္ဒိယရှိ နိုင်ငံခြားကုန်သွယ်မှုကို အဓိကထားသော ထိပ်တန်းစီးပွားရေးတက္ကသိုလ်များတွင် တစ်ခုအပါအဝင်ဖြစ်ကာ နိုင်ငံ တကာစီးပွားရေး သုတေသန၊ သင်တန်းနှင့်အသိပညာပေးရေးတို့တွင် ထူးချွန်သောပညာရေးဌာနအဖြစ် အသိအမှတ်ပြု ခံရပါ သည်။

အိန္ဒိယ၊ နိုင်ငံခြားကုန်သွယ်မှုတက္ကသိုလ်သည် ဒူဘိုင်းရှိ Expo City Dubai နှင့် ပူးပေါင်း၍ ရေရှည်တည်တံ့ခိုင်မြဲမှုနှင့် ဆန်းသစ်တီထွင်မှုတို့အတွက် သုတေသနလုပ်ငန်းများနှင့် အသိပညာမျှဝေခြင်း လုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ပါသည်။

ရင်းမြစ်။        ANI news agency