ခရမ်းသီးနှံ ဈေးကောင်းရ၍ အကျိုးအမြတ်ရရှိ

   မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ သံချပ်ကုန်းကျေးရွာရှိ တောင်သူများသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး စပါး၊ နှမ်း၊ ပဲ၊ ပြောင်း၊ ငရုတ် စသည့် သီးနှံများကို အများဆုံးစိုက်ပျိုးလျက်ရှိရာ ကုန်စိမ်းသီးနှံတစ်မျိုးဖြစ်သော ခရမ်းသီးနှံကိုလည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးရာမှ စီးပွားဖြစ်စိုက်ပျိုးလာကြကြောင်း သိရသည်။

   ခရမ်းသီးစိုက်ပျိုးရာတွင် မျိုးစေ့ကိုပျိုးထောင်ကာ ၄၅ ရက်သားအရွယ်တွင် စိုက်ပျိုး၍ စိုက်ပျိုး ပြီး သုံးလခန့်အကြာတွင် အသီးများ စတင်ခူးဆွတ်နိုင်ကြောင်း၊ မျိုးအနေဖြင့် ခရမ်းသီး-၅၅၅ မျိုးနှင့် မြှုပ်ခရမ်းမျိုးများကို စိုက်ပျိုးကြပြီး စိုက်ပျိုးမှုအတွက် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်းငွေကျပ် ၈ သိန်းခန့် ကုန်ကျကြောင်း၊ ခရမ်းသီးကို ၄ ရက်ခြားတစ်ကြိမ် ခူးဆွတ်ရပြီး ခရမ်းသီးများ လှိုင်လှိုင်ထွက်ပေါ်ချိန်တွင် အထွက်နှုန်းပိုလာကြောင်း၊ အထွက်နှုန်း အနေဖြင့် တစ်ပတ်လျှင် ပိဿာချိန် ၃၀၀-၄၀၀ အထိ ထွက်ရှိ၍  ခရမ်းပင်သက်တမ်း ၄-၅ လခန့် အထိ ခူးဆွတ်နိုင်ပြီး မြေအနေအထားနှင့် သီးနှံဖြစ်ထွန်းအောင်မြင်မှုအပေါ်မူတည်၍ အထွက်နှုန်း များ ကွာခြားမှုရှိကြောင်း၊ ဈေးနှုန်းဈေးကွက်အနေဖြင့် ကုန်စိမ်းပွဲစားများမှ စိုက်ခင်းအထိ လာရောက် ဝယ်ယူကြပြီး ခရမ်းသီးတစ်ပိဿာလျှင် လက်ကားစျေး ၂,၅၀၀ ကျပ်၊ လက်လီစျေး ၃,၀၀၀-၃,၅၀၀ ကျပ်ဖြင့် ရောင်းချရကြောင်း၊ တစ်ဧကလျှင် ငွေကျပ် ၁၀ သိန်းခန့်အမြတ်ရရှိရာ ခရမ်းသီးစိုက် တောင်သူများအနေဖြင့် ခရမ်းသီးဈေးကောင်းရရှိသောကြောင့် အဆင်ပြေလျက်ရှိကြောင်း သိရှိရ သည်။ 

DOCA (မန္တလေး)