ပူပြင်းသောရာသီဥတုနှင့် ရွေးကောက်ပွဲရာသီတွင် အိန္ဒိယနိုင်ငံ၏ သကြားဝယ်လိုအား မြင့်တက်လာ

ယခုနှစ် အိန္ဒိယနိုင်ငံ၏ သကြားစားသုံးမှုသည် အပူဆုံးသောနွေရာသီကာလဖြစ်ခြင်းနှင့် ရွေးကောက်ပွဲအတွက် လူသန်းပေါင်းများစွာလှုပ်ရှားနေခြင်းတို့ကြောင့် ဝယ်လိုအား စံချိန်တင်မြင့်တက်နေပါသည်။ စားသုံးမှုမြင့်မားလာခြင်းကြောင့် ဒေသတွင်း စျေးနှုန်းများမြင့်တက်လာပြီး သကြားထုတ်လုပ်သူများအတွက် အမြတ်အစွန်းများ များပြားလာသည်သာမက လယ်သမားများ ကို ကြံဖိုးအချိန်မီ ပေးချေနိုင်ခဲ့ပါသည်။

အိန္ဒိယနိုင်ငံ၌ သကြားဝယ်လိုအားမြင့်တက်လာမှုသည် နွေရာသီကာလများဖြစ်သည့် မတ်လလယ်မှ ဇွန်လလယ်အတွင်း အအေးနှင့်ရေခဲမုန့်စားသုံးမှုမြင့်မားလာခြင်းကြောင့်ဖြစ်ပြီး ယခုနှစ်တွင် သကြားဝယ်လိုအားသည် ပျမ်းမျှထက်ကျော်လွန်နေ ကြောင်း သကြားထုတ်လုပ်သူတစ်ဦးက ပြောကြားခဲ့ သည်။

အိန္ဒိယနိုင်ငံ၏ နေရာအတော်များများတွင် အမြင့်ဆုံးအပူချိန်သည် ၄၀'C ထက်မြင့်တက်လာပြီး ဧပြီလမှဇွန်လအတွင်း ပုံမှန်ထက် အပူလှိုင်းများ ပိုမိုကြုံတွေ့ရနိုင်သည်ဟု မိုးလေဝသဌာနက ခန့်မှန်းထားပါသည်။

ပြင်းထန်သောနွေရာသီတွင် အိန္ဒိယနိုင်ငံသည် လူဦးရေတစ်ဘီလီယံနီးပါး မဲပေးခွင့်ရှိသည့် ကမ္ဘာ့အကြီးဆုံး ရွေးကောက်ပွဲကို ကျင်းပလျက်ရှိပါသည်။ 

ဧပြီလမှ ဇွန်လအတွင်း အိန္ဒိယနိုင်ငံ၏ သကြားစားသုံးမှုသည် တန်ချိန် ၇.၅ သန်းရှိပြီး ယခင်နှစ်ထက် ၅ % တိုးလာနိုင်ကြောင်း မွန်ဘိုင်းအခြေစိုက် ကမ္ဘာ့ကုန်သွယ်ရေးစောင့်ကြည့်အဖွဲ့က ပြောကြားခဲ့ပါသည်။ ယခုနှစ်စားသုံးမှုသည် ပုံမှန်မဟုတ်ဘဲ ယာယီ မြင့်တက်မှုသာဖြစ်ပြီး ဝယ်လိုအားသည်လည်း လာမည့်နှစ်တွင် ပုံမှန်ပြန်လည်ရောက်ရှိမည်ဟု အမျိုးသားသမဝါယမသကြား စက်ရုံများ အဖွဲ့ချုပ် မန်နေဂျင်း ဒါရိုက်တာ Prakash Naiknavare က ပြောကြားခဲ့ပါသည်။

ယခုအချိန်၌ သကြားလုပ်ငန်းသည် ပုံမှန်မဟုတ်သော ဝယ်လိုအားမြင့်တက်နေသောကြောင့် စုစုပေါင်း စားသုံးမှု မက်ထရစ်တန် ၂၉ သန်းအထိ စံချိန်တင်နိုင်သည်ဟု မျှော်လင့်ထားကြောင်းကို Naiknavare က ပြောကြားခဲ့ပါသည်။ ၂၀၂၂-၂၀၂၃ နှစ်တွင် အိန္ဒိယနိုင်ငံ၏ သကြားစားသုံးမှုသည် တန်ချိန် ၂၇.၈၅ သန်းရှိခဲ့ပါသည်။ နှစ်ပတ်အတွင်း ၃ % နီးပါးဝယ်လိုအား မြင့်တက်မှုကြောင့် သကြားဈေးတက်နေပြီး အစိုးရက ဧပြီလအတွက် သကြားကိုတာကို ယခင်နှစ်ကထက် ပိုမိုချထားပေး သော်လည်း စားသုံးသူအများစုထံမှ ဝယ်လိုအားမြင့်မားမှုကြောင့် ဈေးနှုန်းများမြင့်တက်နေဆဲဖြစ်ကြောင်း ဘုံဘေသကြား ကုန်သည်များ အသင်းဥက္ကဋ္ဌ Ashok Jain က ပြောကြားခဲ့ပါသည်။

Source: https://economictimes.indiatimes.com

 

WTO ဌာနခွဲ

ကုန်သွယ်ရေးဦးစီးဌာန