အရှေ့အလယ်ပိုင်းအကျပ်အတည်းနှင့် စွမ်းအင်ဈေးနှုန်းများမြင့်မားနေသော်လည်း ကုန်စည်ကုန်သွယ်မှုတိုးတက်လျက်ရှိ

 

ကမ္ဘာ့ကုန်စည်ကုန်သွယ်မှုသည် အရှေ့အလယ်ပိုင်းပဋိပက္ခများကြောင့် အခက်အခဲများ ရင်ဆိုင်နေရသော်လည်း AI နည်းပညာ ရင်းနှီးမြှုပ်နှံမှုများနှင့် ဆက်စပ်သည့် လျှပ်စစ်ပစ္စည်း အစိတ်အပိုင်းများအပေါ် ဝယ်လိုအားတက်ခဲ့မှုကြောင့် ၂၀၂၆ ခုနှစ် ပထမနှစ်ဝက်အထိ ကြံ့ကြံ့ခံလျက်ရှိကြောင်း ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော ကုန်စည်ကုန်သွယ်ရေးညွှန်းကိန်း (WTO Goods Trade Barometer) က ဖော်ပြနေပါသည်။

(ကုန်စည်ကုန်သွယ်ရေးညွှန်းကိန်း - Goods Trade Barometer ဆိုသည်မှာ ကမ္ဘာ့ကုန်သွယ်မှုနှင့်စပ်လျဉ်း၍ ကုန်စည်ကုန်သွယ်မှုလမ်းကြောင်းတစ်လျှောက် တိုးတက်ဖြစ်ပေါ်မှုများကို အချိန်နှင့်တစ်ပြေးညီ ပေါင်းစုဖော်ပြထားသော ဦးဆောင်ညွှန်းကိန်းတစ်မျိုးဖြစ်ပါသည်။ ၁၀၀ အထက် ညွှန်းကိန်းတန်ဖိုးက ကမ္ဘာ့ကုန်သွယ်မှုပမာဏသည် အတက်ဘက်သို့ ရောက်နေကြောင်းဖော်ပြပြီး ၁၀၀ အောက် ညွှန်းကိန်းတန်ဖိုးက ကမ္ဘာ့ကုန်သွယ်မှုကျဆင်းခြင်း (သို့မဟုတ်) မကြာမီကျဆင်းမည်ဟု ဖော်ပြခြင်း ဖြစ်ပါသည်။)

လက်ရှိ ကုန်စည်ကုန်သွယ်မှု ညွှန်းကိန်း ၁၀၁.၇ သည် ဇန်နဝါရီလညွှန်ကိန်း ၁၀၂.၃ မှ ကျဆင်းခဲ့ရာ ကမ္ဘာ့ကုန်စည်ကုန်သွယ်မှု တိုးတက်မှုများ အရှိန်လျော့နည်းလာသည်ဟု ဆိုနိုင်ကြောင်း၊ သို့သော် ညွှန်းကိန်းသည် အခြေခံတန်ဖိုး ၁၀၀ အထက်တွင် ရှိနေသောကြောင့် လက်ရှိကုန်သွယ်မှုပမာဏသည် ပုံမှန်အထက်တွင် ဆက်လက်ရှိနေဆဲဖြစ်ကြောင်း၊ ၂၀၂၅ ခုနှစ် အစကတည်းက ၃ လပတ် ကုန်သွယ်မှုပမာဏညွှန်းကိန်းသည် ပုံမှန်အထက်တွင် ရှိနေကြောင်း၊ ကုန်စည်ကုန်သွယ်မှုမောင်းနှင်အား (Drivers of goods trade chart) အရ AI နည်းပညာ ရင်းနှီးမြှုပ်နှံမှုများနှင့် ဆက်စပ်သည့် လျှပ်စစ်ပစ္စည်း အစိတ်အပိုင်းများအပေါ် ဝယ်လိုအားမြင့်တက်မှုက အရှေ့အလယ်ပိုင်းပဋိပက္ခ ဆိုးကျိုးများကို ပြောင်းပြန်ဖြစ်စေကြောင်း ဖော်ပြထားသည်။

ကုန်စည်ကုန်သွယ်ရေးညွှန်းကိန်းတွင် ပါဝင်သော ကျန်ညွှန်ကိန်းများ၏ အခြေခံတန်ဖိုးများသည်လည်း ၁၀၀ နီးပါးတွင်ရှိပြီး လျှပ်စစ်ပစ္စည်း အစိတ်အပိုင်းညွှန်းကိန်းသာ ၁၀၅.၅ တွင်ရှိကြောင်း၊ လယ်ယာကုန်ကြမ်းညွှန်းကိန်း (၉၈.၉) နှင့် မော်တော်ကားထုတ်ကုန်များညွှန်းကိန်း (၉၉.၈) တို့သည် အခြေခံတန်ဖိုး ၁၀၀ အောက် အနည်းငယ်ကျဆင်းနေသော်လည်း ပို့ကုန်အမှာစာများအရ ညွှန်းကိန်းတန်ဖိုး ၁၀၀.၅ ဖြစ်ကြောင်း၊ လေကြောင်းကုန်စည်ပို့ဆောင်ရေးညွှန်းကိန်းသည် ၁၀၂.၂၊ ကွန်တိန်နာသင်္ဘောပို့ဆောင်ရေးညွှန်းကိန်းသည် ၁၀၂.၄ ဖြစ်ကြောင်း ဖော်ပြထားသည်။

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၊ အတွင်းရေးမှူးရုံးက မတ်လ ၁၉ ရက်တွင် ထုတ်ပြန်ခဲ့သည့် ကမ္ဘာ့ကုန်သွယ်မှု အလားအလာနှင့် ကိန်းဂဏန်းအချက်အလက်များ (Global Trade Outlook and Statistics - GTOS) အစီရင်ခံစာအရ ၂၀၂၆ ခုနှစ်၌ ကုန်စည်ကုန်သွယ်မှုတိုးတက်မှုမှာ ၁.၉ % သို့မဟုတ် အရှေ့အလယ်ပိုင်း ပဋိပက္ခများကြောင့် စွမ်းအင်ဈေးနှုန်းမြင့်တက်မှုကို ထည့်သွင်းစဉ်းစားပါက ၁.၄ % AI နည်းပညာကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုတိုးတက်မှုက ၀.၅ % ဖြစ်ကြောင်း ဖော်ပြထားသည်။

၂၀၂၅ ခုနှစ် ပထမသုံးလပတ်တွင် အခွန်နှုန်းတိုးမြှင့်မည်ကို စိုးရိမ်သော သွင်းကုန်လုပ်ငန်းရှင်များက ကုန်စည်များ ကြိုတငတင်သွင်းခဲ့သောကြောင့် ကုန်စည်ကုန်သွယ်မှုပမာဏမှာ ပြီးခဲ့သည့်နှစ်ကထက် သိသိသာသာတိုးတက်ခဲ့ကြောင်း၊ ကျန်ကာလများတွင် တိုးတက်မှုနှေးကွေးသွားသော်လည်း AI နှင့် ဆက်စပ်သောထုတ်ကုန်များအတွက် ဝယ်လိုအားမြင့်တက်လာသောကြောင့် ကုန်စည်ကုန်သွယ်မှုမှာ မျှော်မှန်းထားသည်ထက် ပိုမိုအားကောင်းနေဆဲဖြစ်ကြောင်း ဖော်ပြထားပါသည်။

ရင်းမြစ်။ https://www.wto.org/