လာမည့် နိုဝင်ဘာလတွင် ဒီဂျစ်တယ်စီးပွားရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးရန် အာဆီယံပြင်ဆင်
အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် "အာဆီယံဒီဂျစ်တယ်စီးပွားရေး မူဘောင်သဘောတူညီချက်" ဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုများကို ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့၌ ကျင်းပခဲ့သည့် (၅၇) ကြိမ်မြောက် အာဆီယံ အဆင့်မြင့်အရာရှိကြီးများ၏ ဒုတိယအကြိမ်မြောက် အစည်းအဝေးတွင် အဆုံးသတ်နိုင်ခဲ့ပြီး လာမည့်နိုဝင်ဘာလတွင် ကျင်းပမည့် ၄၇ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင် လက်မှတ်ရေးထိုးရန် ဆောင်ရွက်နေကြောင်း စင်ကာပူ၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနက တနင်္ဂနွေနေ့တွင် ပြောကြားခဲ့ပါသည်။
အာဆီယံ၊ ဒီဂျစ်တယ်စီးပွားရေး မူဘောင်သဘောတူညီချက်တွင် ဒီဂျစ်တယ်ခေတ်၏ ရှုပ်ထွေးမှုများကို တစ်ပြေးညီ၊ လျင်မြန်စွာ ပူးတွဲကျင့်သုံးနိုင်မည့် ဒီဂျစ်တယ်စည်းမျဉ်းများ ပါဝင်ကြောင်း၊ ဉာဏ်ရည်တု၊ Fintech နည်းပညာနှင့် Source Code ကာကွယ်ရေးကဲ့သို့သော ကဏ္ဍသစ်များ ဖြေရှင်းရေး အခြေခံစည်းမျဉ်းများလည်းပါကြောင်း စင်ကာပူကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
အာဆီယံ၏ လက်ရှိဒီဂျစ်တယ်စီးပွားရေး ကတိကဝတ်များကို အခြေခံပြီး၊ ဒီဂျစ်တယ်ကုန်သွယ်မှု အဆင်ပြေချောမွေ့စေရေး၊ ဒီဂျစ်တယ်ကုန်သွယ်မှုလုပ်ထုံးလုပ်နည်းများ ရိုးရှင်းစေရေး၊ ယုံကြည်စိတ်ချရသော နယ်စပ်ဖြတ်ကျော် ဒေတာစီးဆင်းမှုများကို ဖြစ်ပေါ်စေရေး၊ ဒီဂျစ်တယ်ငွေပေးချေမှုများနှင့် အီလက်ထရောနစ်အရောင်းအဝယ်ကိစ္စရပ်များကို တိုးမြှင့်ဆောင်ရွက်စေရေး၊ အွန်လိုင်းစားသုံးသူကာကွယ်ရေးကို အားကောင်းစေရေး၊ ဒေသတွင်း ဒီဂျစ်တယ်နည်းလမ်းဖြင့် အပြန်အလှန် ချိတ်ဆက်ဆောင်ရွက်နိုင်မှုကို ပိုမိုမြှင့်တင်နိုင်ရေး စသည့်ဘုံစည်းမျဉ်းများနှင့် မူဘောင်များကို ချမှတ်ပေးထားကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
အရည်အသွေးမြင့်မားပြီး စီးပွားရေးအရ အဓိပ္ပ္ပ္ပ္ပ္ပ္ပ္ပ္ပာယ်ရှိသော မူဘောင်ရရှိရေး စင်ကာပူက တက်ကြွစွာ ပါဝင်ခဲ့ကြောင်း၊ ညှိနှိုင်းမှုများတွင် ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ခဲ့သော ထိုင်းနိုင်ငံ၊ ကျန်အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ အတွင်းရေးမှူးအဖွဲ့၊ စီးပွားရေးလုပ်ငန်းရှင်များ၏ ပါဝင်မှုကို ကျေးဇူးတင်ကြောင်း စင်ကာပူကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။
ရင်းမြစ်။ https://asean.bernama.com
