အီလက်ထရောနစ်ကူးသန်းရောင်းဝယ်ရေး ပလက်ဖောင်းများကို ဗီယက်နမ်၊ ယှဉ်ပြိုင်မှုကော်မရှင်က စိစစ်နေ

 

အွန်လိုင်းပလက်ဖောင်း ဝန်ဆောင်ခများကြောင့် စျေးသည်များနှင့် စားသုံးသူများအပေါ် မလိုလားအပ်သော ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန် အီလက်ထရောနစ် ကူးသန်းရောင်းဝယ်ရေး ကဏ္ဍတစ်ခုလုံး၏ ဝန်ဆောင်ခမူဝါဒများကို စောင့်ကြည့်သွားမည်ဖြစ်ကြောင်း၊ ပလက်ဖောင်းများအနေဖြင့် ပွင့်လင်းမြင်သာမှု၊ တရားမျှတမှုနှင့် ကောင်းမွန်သော ယှဉ်ပြိုင်မှုရပ်ဝန်းတစ်ခုဖြစ်ရန် လိုအပ်ကြောင်း၊ အွန်လိုင်းပလက်ဖောင်း ကုန်ကျစရိတ်များ မြင့်မားလာမှုအပေါ် တိုင်ကြားမှုများကြောင့် Shopee နှင့် TikTok Shop အပါအဝင် အဓိကပလက်ဖောင်းများကို စိစစ်နေကြောင်း ဗီယက်နမ်ယှဉ်ပြိုင်မှုကော်မရှင်က ပြောကြားထားသည်။ ဗီယက်နမ် E-commerce ကုမ္ပဏီအချို့က ဝန်ဆောင်ခနှုန်းထားကို မေလအတွင်း ပြင်ဆင်ခဲ့ကြရာ ပလက်ဖောင်းဈေးသည်များအတွက် လုပ်ငန်းလည်ပတ်မှုစရိတ်နှင့် လက်လီဈေးနှုန်းများ မြင့်တက်စေခဲ့ကြောင်း၊ ထို့ကြောင့် အဆိုပါပလက်ဖောင်းအသုံးပြုနေသော ဈေးသည်များအား ပုံသေအခကြေးငွေများ၊ အရောင်းအဝယ်ပြုလုပ်ခနှင့် အခြားဝန်ဆောင်မှုစရိတ်များနှင့်စပ်လျဉ်း၍ မေးမြန်းခဲ့ကြောင်း၊ ဆွေးနွေးချက်များအရ Shopee ၏ Display Maintenance Programme သည် အရောင်းအဝယ် ဖြစ်ထားသော အမှာစာ (Order) ဝင်ငွေမှ ရာခိုင်နှုန်းတစ်ခုကို အလိုအလျောက်ဖြတ်ယူပြီးမှ ဈေးသည်၏ ကြော်ငြာအကောင့် လက်ကျန်ငွေထဲသို့ လွှဲပေးကြောင်း၊ သို့မှသာ အရောင်းပို့စ်သည် ပလက်ဖောင်းထဲတွင် ဆက်လက်တည်ရှိနေမှာဖြစ်ကြောင်း၊ ပုံမှန်နှုတ်ယူမည့်နှုန်းထားမှာ တန်ဖိုးမြှင့် ထုတ်ကုန်အခွန် (Value Added Tax –VAT) မတိုင်မီ ၁ % အဖြစ် သတ်မှတ်ထားသော်လည်း ဈေးသည်၏ ကြော်ငြာလိုအပ်ချက်အရ ၁ % မှ ၅၀ % အထိ စိတ်ကြိုက်ရွေးချယ် သတ်မှတ်နိုင်ကြောင်း၊ ယင်းသို့ ကိုယ်ပိုင်အကောင့်သို့ မရောက်မီ ငွေကြိုတင်နှုတ်ယူခြင်းမှာ မိမိတို့၏ ငွေဝင်မှု (Cash Flow) နှင့် ဈေးကွက်အသုံးစရိတ် စီမံခန့်ခွဲမှုအပေါ် အကန့်အသတ်ဖြစ်စေသောကြောင့် ဈေးသည်အများစုက မကြိုက်ကြောင်း သိရှိရသည်။ ယှဉ်ပြိုင်မှုကော်မရှင်သို့ တင်ပြသည့်အစီရင်ခံစာတွင် Shopee က ကုမ္ပဏီအတွင်း ပြန်လည်သုံးသပ်မှုများပြုလုပ်ခဲ့ပြီးနောက် ၎င်း၏ အစီအစဉ်သစ်စတင်ချိန်ကို ရွှေ့ဆိုင်းရန် အဆိုပြုခဲ့ကြောင်း၊ ပလက်ဖောင်းကိုအသုံးပြုနေသော ဈေးသည်များကိုလည်း အကြောင်းကြားသွားမည်ဖြစ်ကြောင်း တင်ပြခဲ့သည်ဟု ဗီယက်နမ်သတင်းဌာန vietnamnews တွင် ဖော်ပြထားပါသည်။

 ရင်းမြစ်။ https://vietnamnews.vn/