အမေရိကန်၏ သတိပေးမှုနောက်ပိုင်း မူပိုင်ခွင့်ချိုးဖောက်မှုအပေါ် အရေးယူမှုများကို ၂၀ % တိုးမြှင့်ရန် ဗီယက်နမ် ညွှန်ကြား
ဗီယက်နမ်၏ အကြီးမားဆုံးပို့ကုန်စျေးကွက်ဖြစ်သည့် အမေရိကန်က ဗီယက်နမ်အား မူပိုင်ခွင့်နှင့်စပ်လျဉ်း၍ အဆိုးရွားဆုံးစောင့်ကြည့်ရမည့် စာရင်းထဲ မေလအတွင်းက ထည့်သွင်းလိုက်ပြီးနောက် မူပိုင်ခွင့်ချိုးဖောက်မှုအပေါ် အရေးယူခြင်းများကို တစ်နှစ်ထက်တစ်နှစ် အနည်းဆုံး ၂၀ % တိုးမြှင့်ဆောင်ရွက်ရန် ဗီယက်နမ်အစိုးရက အမိန့်ထုတ်ပြန်လိုက်သည်။
အတုအပပစ္စည်းများ၊ မူပိုင်ခွင့်ခိုးယူမှုများနှင့် ကုန်အမှတ်တံဆိပ် ချိုးဖောက်မှုများကို မေလ ၇ ရက်မှ ၃၀ ရက်အထိ ပူးပေါင်းနှိမ်နင်းရန် ဒုတိယဝန်ကြီးချုပ် (Ho Quoc Dung) က ညွှန်ကြားချက်တစ်ရပ် လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ပြီး အစီရင်ခံစာကို မေလ ၃၁ ရက်ထက် နောက်မကျဘဲ တင်ပြရမည် ဟု သိရှိရပါသည်။
အဆိုပါ ညွှန်ကြားချက်တွင် အချို့သောကဏ္ဍများနှင့် ဒေသများတွင် မူပိုင်ခွင့်ချိုးဖောက်မှုများမှာ ရှုပ်ထွေးနေဆဲဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးပတ်ဝန်းကျင်၊ ပြည်သူတစ်ဦးချင်းနှင့် စီးပွားရေးလုပ်ငန်းများ၊ သက်ဆိုင်ရာအဖွဲ့အစည်းများ၏ တရားဝင်ရပိုင်ခွင့်များနှင့် အကျိုးစီးပွားများကိုပါ သိသိသာသာ ထိခိုက်နေကြောင်း ဖော်ပြထားပါသည်။
အမေရိကန်ကုန်သွယ်ရေးဌာန (USTR) ၏ “ကုန်သွယ်ဖက်နိုင်ငံများ၌ မူပိုင်ခွင့်ကာကွယ်ရေးနှင့် အရေးယူဆောင်ရွက်မှုအခြေအနေ - ၂၀၂၆ ခုနှစ် အထူးအစီရင်ခံစာ” တွင် ဗီယက်နမ်နိုင်ငံကို အထူးသတိထားရမည့်နိုင်ငံ (Priority Foreign Country) အဖြစ် သတ်မှတ်ခဲ့ပြီးနောက် တစ်ပတ်မပြည့်မီ ဗီယက်နမ်ဘက်က အရေးယူမှုများ ထွက်ပေါ်လာခြင်းဖြစ်ကြောင်း၊ ယင်းသတ်မှတ်ချက်ကြောင့် အမေရိကန်၏ ၁၉၇၄ ခုနှစ် ကုန်သွယ်ရေးဥပဒေပုဒ်မ ၃၀၁ အရ ရက်ပေါင်း ၃၀ အတွင်း မမျှတသော ကုန်သွယ်မှုနည်းလမ်းများကို စုံစမ်းစစ်ဆေးနိုင်ကာ အခွန်အသစ်များ ကောက်ခံနိုင်ခြေရှိကြောင်း သိရပါသည်။
လက်ရှိတွင် ဗီယက်နမ်အပါအဝင် အရှေ့တောင်အာရှနိုင်ငံများအား အမေရိကန်မှ အခြေခံအခွန်နှုန်းထား ၁၀ % ကောက်ခံနေပါသည်။ မူလက အမေရိကန်၏ မူပိုင်ခွင့်ဆန်းစစ်ချက်အပေါ် ဗီယက်နမ်မှ ငြင်းဆန်ခဲ့သော်လည်း ယခုနောက်ဆုံးညွှန်ကြားချက်အရ ပိုမိုပြင်းထန်သော အရေးယူဆောင်ရွက်မည့် သဘောထားကိုပြသနေသည်။
ရဲတပ်ဖွဲ့အား အမှုကြီးများကို စုံစမ်းစစ်ဆေးရန်နှင့် ဝင်ရောက်ကြည့်ရှုသူများပြားသော မူပိုင်ခွင့်ချိုးဖောက်သည့် (Piracy) ရုပ်ရှင်၊ ဂီတ၊ မိုဘိုင်းဂိမ်းများနှင့် ရုပ်မြင်သံကြားအစီအစဉ်များကို တရားမဝင်ဖြန့်ဝေနေသည့် ဝက်ဘ်ဆိုက်များကိုဖြိုခွဲရန် တာဝန်ပေးအပ်ထားသည်။ ထို့ပြင် နယ်ခြားစောင့်တပ်ဖွဲ့များနှင့် အကောက်ခွန်အရာရှိများအား အတုအပပစ္စည်းများ ဖမ်းဆီးနိုင်ရေး သွင်းကုန်၊ ပို့ကုန်များအပေါ် စစ်ဆေးမှုများကို တင်းကျပ်သွားရန်၊ ချိုးဖောက်ပါက ကုန်ပစ္စည်းစစ်ဆေးရေးလုပ်ငန်းစဉ် (Clearance) ကို ဆိုင်းငံ့ရန် အာဏာများလည်းအပ်နှင်းထားသည်။
တရားရုံးများနှင့် တရားစွဲပိုင်ခွင့်ရှိသူများအား နောင်တွင် ယခုကဲ့သို့ မပြုရဲအောင် လူထုစိတ်ဝင်စားမှု မြင့်မားသည့် အမှုကြီးများကို အရှိန်အဟုန်မြှင့် အမြန်ဆုံးစစ်ဆေးစီရင်ရန် ညွှန်ကြားထားပြီး ယဉ်ကျေးမှုဝန်ကြီးဌာနအား ကွန်ပျူတာဆော့ဖ်ဝဲ၊ ရုပ်ရှင်၊ ဂီတ၊ ရုပ်မြင်သံကြားအစီအစဉ်များနှင့် အွန်လိုင်းဗီဒီယိုဂိမ်းများတွင် မူပိုင်ခွင့်စည်းမျဉ်းများလိုက်နာမှုရှိ၊ မရှိကို စစ်ဆေးမှုများပြုလုပ်ရန် လမ်းညွှန်ထားပါသည်။
ကုန်သွယ်ရေးဝန်ကြီးဌာနအောက်ရှိ ဈေးကွက်စောင့်ကြည့်ကြီးကြပ်ရေးအဖွဲ့များကလည်း အတုအပ ဟုတ်/မဟုတ်ကို စက်မှုမူပိုင်ခွင့်များနှင့် ကုန်အမှတ်တံဆိပ် ချိုးဖောက်မှုတို့ဖြင့် စစ်ဆေးသွားမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာအာဏာပိုင်များအနေဖြင့် ထူးခြားသည့်အမှုကြီးများကို သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနသို့ နေ့စဉ်အစီရင်ခံစာတင်ပြရမည်ဖြစ်ပြီး၊ ၎င်းမှတစ်ဆင့် ဝန်ကြီးချုပ်ထံအပတ်စဉ် အခြေအနေ (Update) များကို စုစည်းတင်ပြသွားမည်ဟု သိရှိရပါသည်။
ရင်းမြစ်။ https://www.businesstimes.com
