အိန္ဒိယ၏ ဆိုလာကဏ္ဍအပေါ် ပံ့ပိုးကူညီမှုများကို တရုတ်မှ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) တွင် အငြင်းပွားမှုဖြေရှင်းရေးခုံအဖွဲ့ ဖွဲ့စည်းပေးရန် တောင်းဆိုမှုအား အိန္ဒိယပယ်ချ
အိန္ဒိယ၏ ဆိုလာပြားထုတ်လုပ်မှုနှင့် သတင်းအချက်အလက်နည်းပညာကဏ္ဍအပေါ် ပံ့ပိုးကူညီမှုများကို တရုတ်က ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ၌ အငြင်းပွားမှုဖြေရှင်းရေးခုံအဖွဲ့ (Panel) ဖွဲ့စည်းပေးရန် တောင်းဆိုချက်ကို အိန္ဒိယကပယ်ချလိုက်ကြောင်း အိန္ဒိယသတင်းဌာန PTI ကဖော်ပြခဲ့သည်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလက ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) သို့ စတင်တိုင်ကြားခဲ့သော အဆိုပါ အငြင်းပွားမှုမှာ ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း သဘောတူညီချက် မရရှိခဲ့ခြင်းကြောင့် ခုံရုံး (Panel) ဖွဲ့စည်းပေးရန် တရုတ်က ယခုလအစောပိုင်းတွင် တောင်းဆိုခဲ့ခြင်းဖြစ်ပြီး အိန္ဒိယက အငြင်းပွားမှုဖြေရှင်းရေးအဖွဲ့ အစည်းအဝေးတွင် တရားဝင်ကန့်ကွက်ခဲ့ခြင်းဖြစ်သည်။
အချို့သော နည်းပညာထုတ်ကုန်များအပေါ် အိန္ဒိယ၏ သွင်းကုန်အခွန်စည်းကြပ်မှုများနှင့် ပြည်တွင်းထုတ်ကုန်များကို ဦးစားပေးအစီအမံများသည် တရုတ်ကုန်ပစ္စည်းများအပေါ် ခွဲခြားဆက်ဆံရာရောက်ကြောင်း၊ WTO ၏ အကောက်ခွန်နှင့် ကုန်သွယ်မှုဆိုင်ရာ အထွေထွေသဘောတူညီချက် (GATT)၊ စုပုံတင်သွင်းခြင်းနှင့် အထောက်အပံ့ပေးခြင်းအပေါ် တန်ပြန်ခွန်ကောက်ခံခြင်း သဘောတူညီချက် (ASCM) နှင့် ကုန်သွယ်ရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုအစီအမံများ သဘောတူညီချက် (TRIMs) တို့ကို ချိုးဖောက်နေကြောင်း တရုတ်နိုင်ငံက စွပ်စွဲထားသည်။
အိန္ဒိယက စွပ်စွဲချက်များကို ပယ်ချခဲ့ပြီး မိမိတို့အစီအမံများသည် WTO စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီကြောင်း၊ ကမ္ဘာ့ဆိုလာထုတ်လုပ်မှု တန်ဖိုးကွင်းဆက်၏ ၈၀ % ကျော်ကို ချုပ်ကိုင်ထားသော နိုင်ငံက တာဝန်ယူမှုရှိပြီး ဘက်စုံပါဝင်သော ထောက်ပံ့ရေးလမ်းကြောင်းဖြစ်ရန် ပံ့ပိုးရမည့်အစား အခြားနိုင်ငံများရှိ ဆိုလာကဏ္ဍကို အဟန့်အတားဖြစ်စေမည့် နည်းလမ်းများ လုပ်ဆောင်နေခြင်းမှာ လွန်စွာအမြော်အမြင်နည်းကြောင်း အိန္ဒိယကပြောကြားခဲ့သည်။
ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ၏ စည်းမျဉ်းများအရ ခုံရုံးဖွဲ့စည်းပေးရန် တောင်းဆိုချက်ကို တိုင်ကြားခံရသောနိုင်ငံက ပထမအကြိမ်တွင် ပိတ်ပင်ခွင့်ရှိသော်လည်း အငြင်းပွားမှုဖြေရှင်းရေးအဖွဲ့ (DSB) ၏ နောက်ထပ်အစည်းအဝေးတွင် တရုတ်နိုင်ငံက ထပ်မံတင်သွင်းလာပါက ခုံရုံးအလိုအလျောက် ဖွဲ့စည်းပြီးဖြစ်ပါသည်။
ခုံအဖွဲ့က အဆင့်မြင့်နည်းပညာကုန်စည်အချို့အပေါ် အိန္ဒိယ၏ သွင်းကုန်အခွန်စည်းကြပ်မှုများနှင့် ဆိုလာထုတ်ကုန်များအတွက် ပံ့ပိုးပေးမှုအစီအမံများသည် WTO ကတိကဝတ်များနှင့် ကိုက်ညီမှုရှိ၊ မရှိကို စစ်ဆေးဖော်ထုတ်သွားမည်ဖြစ်သည်။ အိန္ဒိယသည် ပြည်တွင်းဆိုလာပြားထုတ်လုပ်မှုကို မြှင့်တင်ရန်အတွက် ဆိုလာဆဲလ်များနှင့် ဆိုလာမော်ဂျူးများအပေါ် သွင်းကုန်ခွန်စည်းကြပ်ခြင်း၊ ပြည်တွင်းထုတ်ကုန်ကို မဖြစ်မနေ အသုံးပြုစေခြင်း၊ အစိုးရက ဆိုလာပြား ထုတ်ခွင့်ပေးထားသော လုပ်ငန်းရှင်များစာရင်းထုတ်ပြန်ထားခြင်းနှင့် ဆိုလာထုတ်လုပ်မှုနှင့် ဆက်စပ်သည့် မက်လုံးများပေးခြင်းတို့ကို ဆောင်ရွက်ထားကြောင်း သိရှိရပါသည်။
တရုတ်သည် မော်တော်ယာဉ်နှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍများ၌လည်း အိန္ဒိယအား WTO တွင် အငြင်းပွားမှုဆိုင်ရာ တိုင်ကြားချက်တစ်ခုကို ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း၊ ၂၀၂၅–၂၀၂၆ ဘဏ္ဍာနှစ်အတွင်း တရုတ်သည် အမေရိကန်ကိုကျော်တက်ကာ အိန္ဒိယ၏ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်လာခဲ့ပြီး၊ အပြန်အလှန်ကုန်သွယ်မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၁၅၁.၁ ဘီလီယံ အထိ ရရှိခဲ့ကြောင်း၊ ယင်းကာလအတွင်း အိန္ဒိယ၏ တရုတ်အပေါ် ကုန်သွယ်မှုလိုငွေ (Trade deficit) သည် အမေရိကန်ဒေါ်လာ ၁၁၂.၁၆ ဘီလီယံ အထိများပြားလာခဲ့ကြောင်း Times of India သတင်းစာက ဖော်ပြထားသည်။
