လောင်စာဆီဈေးနှုန်းမြင့်တက်လာမှုကြောင့် B50 ဇီဝဒီဇယ် (Biodiesel) အသုံးပြုမည့် အစီအစဉ်ကို အင်ဒိုနီးရှားက ပြန်လည်အသက်သွင်းလို
အရှေ့အလယ်ပိုင်း ပဋိပက္ခများကြောင့် ကမ္ဘာ့ရေနံစိမ်းစျေးနှုန်း အဆမတန်မြင့်တက်နေရာ အင်ဒိုနီးရှား အစိုးရအနေဖြင့် စားအုန်းဆီ ၅၀ % ပါဝင်သော B50 ဇီဝဒီဇယ်ကို ယခုနှစ်လယ်ပိုင်းတွင် စတင်ကျင့်သုံးရန် သင့်/မသင့် စဉ်းစားနေကြောင်း အင်ဒိုနီးရှား၊ စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Yuliot Tanjung က ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။
ယခုနှစ် ဇန်နဝါရီလက နည်းပညာနှင့် ရန်ပုံငွေအခက်အခဲများကြောင့် လက်ရှိသုံးစွဲခွင့်ပြုနေသော စားအုန်းဆီ ၄၀ % ပါဝင်သည့် B40 ဇီဝဒီဇယ် အစား စားအုန်းဆီ ၅၀ % ပါဝင်သည့် B50 ဇီဝဒီဇယ်ကို သုံးစွဲရန် စီမံကိန်းမူကြမ်းရေးဆွဲခဲ့သော်လည်း ဆုံးဖြတ်ချက် မချမှတ်ရသေးကြောင်း၊ ထို့ကြောင့် အစိုးရအနေဖြင့် မူလဆုံးဖြတ်ချက်ဖြစ်သည့် B40 ကိုပင် ၂၀၂၆ ခုနှစ်အထိ ဆက်လက်ကျင့်သုံးခြင်း သို့မဟုတ် B50 ကို ကျင့်သုံးခြင်း နည်းလမ်း ၂ ခုအပေါ် ရွေးချယ်ရမည်ဖြစ်ကြောင်း၊ B50 ကို ဒုတိယ ၃ လပတ်တွင် စတင်ကျင့်သုံးမည်ဟု ခန့်မှန်းကြောင်း၊ သို့သော် B40 သုံးစွဲခွင့်ကလည်း ဆက်လက်တည်ရှိနေကြောင်း၊ အစိုးရအနေဖြင့် ကမ္ဘာ့ရေနံစျေးနှုန်းအပြောင်းအလဲများကို အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်နေကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
အင်ဒိုနီးရှား၊ စီးပွားရေးရာဝန်ကြီး Airlangga Hartarto ဦးဆောင်သော ဝန်ကြီးဌာနများစွာ ပါဝင်သည့် Steering Committee က ဇီဝဒီဇယ်မူဝါဒကို ဆုံးဖြတ်ပြီး ကမ္ဘာ့စားအုန်းဆီ အများဆုံး ထုတ်လုပ်သည့် အင်ဒိုနီးရှား၏ ဆုံးဖြတ်ချက်သည် ကမ္ဘာ့စားအုန်းဆီဈေးနှုန်းအပေါ် အကျိုးသက်ရောက်မှုရှိကြောင်း၊ ပြည်တွင်းသုံးစွဲမှုပိုမိုပါက ပြည်ပတင်ပို့မှုလျော့နည်းကာ ကမ္ဘာ့စားအုန်းဆီ စျေးနှုန်းတက်လာနိုင်ကြောင်း၊ တနင်္လာနေ့က ကမ္ဘာ့ရေနံစိမ်းဈေးသည် တစ်စည်လျှင် ဒေါ်လာ ၁၀၀ ကျော် ထိုးတက်ခဲ့ရာ လောင်စာဆီအစားထိုး ဇီဝဒီဇယ် (Biodiesel) ကုန်ကြမ်းဖြစ်သော စားအုန်းဆီဈေးနှုန်းလည်း မြင့်တက်ခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြထားပါသည်။
စွမ်းအင်ဝန်ကြီး Bahlil Lahadalia က အစိုးရအနေနှင့် စားအုန်းဆီ ၅၀ % ပါဝင်သော B50 အစီအစဉ်အပါအဝင် ဓာတ်ဆီ၌ အီသနော (Bioethanol) ရောစပ်အသုံးပြုခြင်း အစီအစဉ်တွေကိုပါ အရှိန်မြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြည်တွင်းမီဒီယာများအား ပြောကြားခဲ့ပါသည်။
စီးပွားရေးရာဝန်ကြီး Airlangga Hartarto က ယခုနှစ်အတွင်း B50 အစီအစဉ် စတင်နိုင်ခြင်း ရှိ/မရှိ မေးခွန်းအပေါ် ဇီဝဒီဇယ်မူဝါဒ၏ အကျိုးသက်ရောက်လာမည့်အခြေနေကို အစိုးရက စောင့်ကြည့်နေ ကြောင်း ဖြေကြားခဲ့ပြီး ဘဏ္ဍာရေးဝန်ကြီး PurbayaYudhiSadewa က ကမ္ဘာ့ရေနံဈေးတက်မှုကို နည်းပါးစေရန် အစိုးရအနေဖြင့် လောင်စာဆီအပေါ် ထောက်ပံ့ကြေး(Fuel Subsidy) ကို တိုးမြှင့်ရန် ပြင်ဆင်နေကြောင်း ပြောကြားခဲ့ပါသည်။
ရင်းမြစ်။ https://www.reuters.com/
