ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကုန်သွယ်မှုတွင် အလားအလာကောင်းများရှိသော်လည်း အတားအဆီးများက ကုန်သွယ်မှုအကူးအပြောင်းကို နှောင့်နှေးစေလျက်ရှိ
ဘရာဇီးနိုင်ငံ၊ Belém မြို့တွင်ကျင်းပသည့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာညီလာခံ “COP30” ၌ ကုလသမဂ္ဂကုန်သွယ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုညီလာခံ (UNCTAD) က ကုန်သွယ်မှုသည် ရာသီဥတုဆိုင်ရာ ဆောင်ရွက်ချက်များကို အရှိန်မြှင့်စေနိုင်ကြောင်း တင်ပြခဲ့ပါသည်။
ကုန်သွယ်မှုက နိုင်ငံများအား ကာဗွန်ထုတ်လွှတ်မှုနည်းသော နိုင်ငံအဖြစ် ကူးပြောင်းနိုင်ရန် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နည်းပညာများ ရရှိနိုင်ရေး ကူညီပေးသလို အဆိုပါနည်းပညာ၏ ကုန်ကျစရိတ် လျော့ချရေးကိုလည်း ကူညီပေးကြောင်း၊ သို့သော် ကုန်သွယ်မှု ကုန်ကျစရိတ် မြင့်မားမှုနှင့် အခြားအတားအဆီးများက တိုးတက်မှုအရှိန်ကို ဟန့်တားနေပြီး နိုင်ငံများအနေဖြင့် ပါရီသဘောတူညီချက်နှင့်အညီ ကာဗွန်ထုတ်လွှတ်မှုနည်းသော နိုင်ငံများအဖြစ် ကူးပြောင်းရန်နှင့် ရာသီဥတုဆိုင်ရာ ဆောင်ရွက်ချက်များအတွက် ငွေကြေးထောက်ပံ့မှု မြှင့်တင်ပေးရန်၊ စျေးကွက်များကို ချိန်ညှိရန် UNCTAD က တောင်းဆိုထားပါသည်။
ဆိုလာနှင့် လေစွမ်းအင်သုံး ကုန်စည်များကို စက်မှုကုန်စည်များထက် ပိုမိုရောင်းဝယ်ခဲ့
၂၀၁၃ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း ဆိုလာနှင့် လေစွမ်းအင်သုံးကုန်စည်များ ကုန်သွယ်မှုသည် စက်မှုကုန်စည်များ ကုန်သွယ်မှုထက် ၂၃ % သာလွန်ခဲ့ပါသည်။ ဆိုလာစီမံကိန်းအသစ်များကြောင့် ၂၀၁၀ ပြည့်နှစ်မှ ၂၀၂၄ ခုနှစ်အတွင်း ပျမ်းမျှကမ္ဘာ့လျှပ်စစ်ကုန်ကျစရိတ်သည် ၄၁%ကျဆင်းခဲ့ပြီး လေစွမ်းအင်သည် ရုပ်ကြွင်းလောင်စာထုတ်လုပ်ခြင်းထက် ၅၃% သက်သာကြောင်း တွေ့ရှိရပါသည်။
သို့သော် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဆိုင်ရာ ကိရိယာများအတွက် ပျမ်းမျှအကောက်ခွန်သည် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အထူးသဖြင့် မြင့်မားဆဲဖြစ်ပါသည်။ ဥပမာ ဆိုလာနှင့်လေစွမ်းအင်သုံး ကုန်စည်များအတွက် အာဖရိက၌ အကောက်ခွန်သည် ၇.၁ %၊ အာရှနှင့် ကျွန်းနိုင်ငံများ၌ ၂.၅ %၊ ဖွံ့ဖြိုးပြီးနိုင်ငံများ၌ ၂% အသီးသီးကောက်ခံကြောင်း၊ ကုန်သွယ်မှုမဟုတ်သော အတားအဆီးများကို ထည့်သွင်းပေါင်းစပ်ပါက အာဖရိက၏ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ကုန်သွယ်မှုကုန်ကျစရိတ်သည် ၇.၆ % ပိုတက်သွားကြောင်း၊ ဒေသတွင်းနှင့် ဖွံ့ဖြိုးဆဲနိုင်ငံအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုက ကုန်သွယ်မှု အတားအဆီးများနှင့် ကုန်ကျစရိတ်များကို လျော့ချနိုင်ကာ ဖွံ့ဖြိုးဆဲနိုင်ငံများ ကာဗွန်လျော့ချမှု တန်ဖိုးကွင်းဆက်တွင် ပိုမိုပါဝင်နိုင်မည်ဖြစ်ကြောင်း UNCTAD က ဖော်ပြထားပါသည်။
နိုင်ငံများအနေဖြင့် ကုန်သွယ်မှုတွင် ကာဗွန်လျှော့ချရန် လိုအပ်လျက်ရှိ
ပထမအကြိမ် ရာသီဥတုဆိုင်ရာ သဘောတူညီချက်အပြီး ဆယ်စုနှစ် သုံးခုကြာသည့်တိုင် ဖွံ့ဖြိုးတိုးတက်မှုနှင့် ဓာတ်ငွေ့ထုတ်လွှတ်မှုကြား ဆက်နွယ်လျှက်ရှိပြီး ၁၉၉၀ ပြည့်နှစ်မှစ၍ ကမ္ဘာ့ GDP သည် ၁၉၁ % မြင့်တက်လာခဲ့သလို ကာဗွန်ထုတ်လွှတ်မှုကလည်း ၆၆ % တိုးလာခဲ့သည်။ စီးပွားရေးတိုးတက်မှုသည် ရုပ်ကြွင်းလောင်စာအပေါ် မှီခိုမှုများနေဆဲဖြစ်သောကြောင့် ပါရီသဘောတူညီချက်၏ အပူချိန်ရည်မှန်းချက်ကို ပြည့်မီရန် ခက်ခဲဆဲဖြစ်ပါသည်။
ကမ္ဘာ့စုစုပေါင်း ကာဗွန်ထုတ်လုပ်မှု၏ ၉၁ % နှင့် ပို့ကုန်တင်ပို့မှု၏ ၇၃ % မှာ နိုင်ငံပေါင်း ၃၂ နိုင်ငံ ကြောင့်ဖြစ်ကြောင်း၊ ကာဗွန်လျှော့ချမှုမှာ အရေးကြီးသလို အကူးအပြောင်းကို မျှတစွာနှင့် ချက်ခြင်းဆောင်ရွက်ရန်လိုကြောင်း၊ စီးပွားရေးအင်အားချို့တဲ့သော နိုင်ငံများအတွက် အပြောင်းအလဲကြောင့် ကုန်ကျစရိတ်ထက် အခွင့်အရေးပိုမိုရရှိစေရန် လိုအပ်ကြောင်း UNCTAD က ဖော်ပြထားပါသည်။
ကမ္ဘာ့ကာဗွန်ထုတ်လွှတ်မှုအများဆုံး ၃၅ နိုင်ငံအနက် ၁၁ နိုင်ငံကသာ ရာသီဥတုဆိုင်ရာ လုပ်ငန်းစီမံချက်များကို COP30 မတိုင်မီ တင်ပြခဲ့ကြပြီး အဆိုပါ အစည်းအဝေး၌ UNCTAD က အဖွဲ့ဝင်နိုင်ငံများကို ကာဗွန်ထုတ်လွှတ်မှုနည်းသော ရာသီဥတုဆိုင်ရာ စီမံချက်များ ချမှတ်ကြရန် တောင်းဆိုထားပါသည်။
ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ ထက်ဝက်နီးပါးသည် ပို့ကုန်ဝင်ငွေ၏ ၆၀ % ကျော်အတွက် ကုန်ကြမ်းများ အပေါ်တွင် မှီခိုနေရဆဲဖြစ်ပါသည်။ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကုန်သွယ်မှု အလားအလာကို အပြည့်အဝရရှိရန် အရေးကြီး ဓာတ်သတ္တုများ ကြွယ်ဝသည့် ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် ကမ္ဘာ့တန်ဖိုး ကွင်းဆက်များတွင် ပါဝင်သွားရမည်ဖြစ်ကြောင်း၊ ကာဗွန်ထုတ်လွှတ်မှုနည်းသော စက်မှုပို့ကုန်များ တိုးချဲ့ထွင်ခြင်းသည် ရာသီဥတုပြောင်းလဲမှုအတွက် ကုန်ကျစရိတ်ကို ကျခံနိုင်မည်ဖြစ်ပြီး ပါရီသဘောတူညီချက်၏ ရည်မှန်းချက်ပန်းတိုင်များကို ပြည့်ဝရန် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း UNCTAD က ဖော်ပြထားပါသည်။
ရင်းမြစ်။ https://unctad.org/news/
