ဘာစမာတီမဟုတ်သောဆန် တင်ပို့မှုအပေါ်တားမြစ်မှုများကို ဖြေလျှော့ရန်စဉ်းစားနေသည့် အိန္ဒိယနိုင်ငံ

ကမ္ဘာ့ကောက်ပဲသီးနှံတင်ပို့မှု ထိပ်တန်းနိုင်ငံဖြစ်သော အိန္ဒိယနိုင်ငံသည် သိုလှောင်ကုန်များနေခြင်း၊ မကြာမီ သီးနှံသစ်များ ရိတ်သိမ်းမည်ဖြစ်ခြင်းတို့ကြောင့် ဘာစမာတီမဟုတ်သောဆန်တင်ပို့မှုအပေါ် တားမြစ်မှုများကို ဖြေလျှော့ရန်စဉ်းစားနေကြောင်းအစိုးရအကြီးတန်းအရာရှိတစ်ဦးက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

ဝန်ကြီးချုပ်မိုဒီအစိုးရက ရွေးကောက်ပွဲမတိုင်မီ လယ်သမားများဝင်ငွေတိုးစေရန် နည်းလမ်းများဆောင်ရွက်လျက်ရှိပြီး ပြီးခဲ့သည့်သီတင်းပတ်က ဥရောပ ၊ အရှေ့အလယ်ပိုင်းနှင့် အမေရိကန်စသည့် အကျိုးအမြတ်များသော ပြည်ပဈေးကွက်များသို့ ဘာစမာတီဆန်တင်ပို့သူများအား ကူညီနိုင်ရန် ဆန်ကြမ်းခင်းဈေးကို ဖယ်ရှားခဲ့ပါသည်။

၂၀၂၃ ခုနှစ်မှ စ၍ ဆန်တင်ပို့မှုကို တားမြစ်ခဲ့သော အိန္ဒိယသည် ၂၀၂၄ ခုနှစ်တွင်လည်း ဧပြီလမှ ဇွန်လအထိ ရွေးကောက်ပွဲရှိသဖြင့် ပြည်တွင်းစျေးနှုန်းများ ထိန်းထားနိုင်ရန် ဆက်လက်တားမြစ်ခဲ့ပါသည်။ ရိုက်တာသတင်းဌာန၏ ဇူလိုင်လသတင်းများ၌ အိန္ဒိယသည် ပြည်ပသို့ ပြုတ်ဆန်တင်ပို့ရာတွင် ၂၀ % ပို့ကုန်ခွန် ကောက်ခံနေခြင်းအစား တပြေးညီအခွန်နှုန်းချမှတ်ရန် စဉ်းစားနေပြီး ဆန်ဖြူ ပြန်လည်တင်ပို့ရန်အခြေအနေကို ဆန်းစစ်နေကြောင်း ဖော်ပြခဲ့သည်။

မုတ်သုံမိုးအားကောင်းမှုကြောင့် တောင်သူလယ်သမားများသည် ယခင်နှစ်ကစိုက်ပျိုးမြေ ဟက်တာ ၃.၉ သန်းမှ ယခုနှစ်တွင် ဟက်တာ ၄.၁ သန်းထိ စိုက်ပျိုးခဲ့ကြောင်း၊ နွေစပါးကို ဇွန်နှင့်ဇူလိုင် မိုးရာသီများတွင် စိုက်ပျိုးကြပြီး အောက်တိုဘာလတွင် ရိတ်သိမ်းကြကြောင်း၊  အိန္ဒိယစားသောက်ကုန် ကော်ပိုရေးရှင်း၏ စက်တင်ဘာ ၁ ရက်နေ့အထိ စာရင်းများအရ ဆန်လက်ကျန်သည် ပြီးခဲ့သည့်နှစ်ကထက် ၃၈.၆ % များပြားကာ မက်ထရစ်တန် ၃၂.၃ သန်းရှိသောကြောင့် အစိုးရအနေဖြင့် ဆန်တင်ပို့မှုကန့်သတ်ချက်များကို လျှော့ချနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

သတင်းထောက်များ၏ မေးမြန်းချက်အပေါ် စားသောက်ကုန်ထုတ်လုပ်ရေး စက်မှုဝန်ကြီးဌာနမှ အကြီးတန်းအရာရှိ တစ်ဦးက အစိုးရအနေဖြင့် ပြုတ်ဆန်နှင့် ဘာစမာတီမဟုတ်သော ဆန်ဖြူတင်ပို့မှု၊ ပြည်တွင်းအီသနော ဈေးနှင့်သကြား ရောင်းဈေးစသည့် မူဝါဒများကိုပြင်ဆင်ရန် စဉ်းစားလျက်ရှိ ကြောင်း ပြောကြားခဲ့သည်။

ရင်းမြစ်။        Reuters