ထိုင်းနိုင်ငံတွင် ဗီယက်နမ်ဆန်စိုက်ပျိုးမှုက ကြီးမားသော ပြသနာဖြစ်ပေါ်လာနိုင်ခြင်း
ထိုင်းတံဆိပ်ကပ်ထားသောဆန်များ၏ စစ်မှန်မှုကိုကာကွယ်ရန် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများရှိသော်လည်း ထိုင်းလယ်သမား များသည် ပို၍ဈေးချိုပြီး စိုက်ပျိုးရန်လွယ်ကူကာ စားသုံးသူများအကြိုက်နှင့်ထပ်တူကျသော ဗီယက်နမ်ဆန်အမျိုးအစားသို့ ပြောင်းလဲစိုက်ပျိုးနေကြသဖြင့် ကမ္ဘာ့ဒုတိယဆန်တင်ပို့မှုအများဆုံးနိုင်ငံဖြစ်သော ထိုင်းနိုင်ငံ၏ဆန်လုပ်ငန်းသည် မရေရာမှုများ ရှိနေသည်ဟု Nikkei Asia သတင်းဌာနက ဖော်ပြထားပါသည်။
ထိုင်းနှင့် ဗီယက်နမ်မျိုးစေ့များအကြား ခွဲခြားနိုင်ရန်ခက်ခဲသောကြောင့် အရည်အသွေးထိပ်တန်းဖြစ်သည်ဟု ကြေညာပြီး တင်ပို့ခဲ့သောထိုင်းဆန်သည် ယခုအခါ မေးခွန်းထုတ်စရာဖြစ်လာကြောင်း၊ လက်ရှိ ကမ္ဘာ့အဓိကဆန်တင်ပို့သည့် နိုင်ငံနေရာကို ထိန်းသိမ်းရန် တစ်ခုခု ဆောင်ရွက်ရန်လိုအပ်နေကြောင်း၊ ထိုင်းနိုင်ငံ၏ အပင်မျိုးစိတ်များ အကာအကွယ်ပေးရေးအက်ဥပဒေအရ ထိုင်းနိုင်ငံသို့ မျိုးစေ့များတင်သွင်းမှုကို တားမြစ်ထားသောကြောင့် ထိုင်းမြေပေါ်တွင် ဗီယက်နမ်ဆန်အမျိုးအစား စိုက်ပျိုးခြင်းသည် တရားမဝင်ပါ ကြောင်း၊ သို့သော်လည်း မျိုးဗီဇ (DNA) စမ်းသပ်စစ်ဆေးမှုပြုလုပ်ခြင်းမရှိပါက ထိုင်းဆန်နှင့် ဗီယက်နမ်ဆန်အကြား ကွဲပြားချက်ကို မည်သူမျှ မမြင်နိုင်သောကြောင့် ထိုင်းလယ်သမားများသည် ဥပဒေဆိုင်ရာကန့်သတ်ချက်များကို လျစ်လျူရှုလာကြ ကြောင်းကို ထိုင်းဆန်တင်ပို့သူများအသင်း၏ ဥက္ကဌဖြစ်သူ Charoen Laothamatas က ပြောကြားခဲ့ပါသည်။
ထိုင်းနိုင်ငံတွင် စိုက်ပျိုးလျက်ရှိသော ဗီယက်နမ်ဆန်အမျိုးအစားဖြစ်သည့် Jasmine 85 သည် စိုက်ပျိုးပြီး ရက်ပေါင်း (၉၀) ကြာတွင် ရိတ်သိမ်းနိုင်ရာ သီးနှံများကိုတစ်နှစ်လျှင် အကြိမ်များစွာစိုက်ပျိုးနိုင်ပြီး ပိုမိုလွယ်ကူသောကြောင့် ရေသွင်းစိုက်ပျိုးရေးစနစ် ကောင်းရှိသည့် ထိုင်းနိုင်ငံအလယ်ပိုင်းရှိ လယ်သမားများက ပိုမိုစိုက်ပျိုးကြကြောင်း၊ ထိုင်းဆန်မျိုးစေ့များသည် စိုက်ပျိုးရန် ပိုမိုခက်ခဲကြောင်း၊ ဟုန်မာလီ (Hom Mali) အမျိုးအစားသည် ပို၍မွှေးသော်လည်း ရင့်မှည့်ရန် ရက်ပေါင်း (၁၂၀) ကြာမြင့်ပြီး၊ အရှေ့မြောက်ကုန်းမြင့်ဒေသများတွင် တစ်နှစ်လျှင် တစ်ကြိမ်တည်းအဖြစ် မိုးရာသီ၌သာ စိုက်ပျိုးနိုင်ကြောင်း၊ ဗီယက်နမ်ဆန်များကို ထိုင်းနိုင်ငံအလယ် ပိုင်းသို့ မည်သည့်အချိန်က ခိုးသွင်းခဲ့သည်ကိုမသိနိုင်သော်လည်း Charoen ၏ ခန့်မှန်းချက်အရ လွန်ခဲ့သည့် နှစ်အနည်းငယ်ခန့်ကစ၍ လယ်သမားများမှ အထွက်နှုန်းကောင်းပြီး ဈေးသက်သာသော ထုတ်လုပ်မှုကို ရှာဖွေလာကြကြောင်းကို ဖော်ပြထားပါသည်။
ထိုင်းနိုင်ငံသည် ဆယ်စုနှစ်သုံးခုကျော်အတွင်း ကမ္ဘာ့ဆန်တင်ပို့မှုအများဆုံးဖြစ်ခဲ့သော် လည်း ၂၀၁၁ ခုနှစ်မှစ၍ အခြားနိုင်ငံများသည် ထိုင်းနိုင်ငံကိုကျော်လွန်၍ ဆန်တင်ပို့လာကြပြီး၊ လက်ရှိတွင် အိန္ဒိယနိုင်ငံသည် ကမ္ဘာ့အများဆုံးဆန်တင်ပို့သည့် နိုင်ငံဖြစ်ပါသည်။ ဆန်တင်ပို့မှု ဒုတိယ အများဆုံးနိုင်ငံဖြစ်ရေး ထိုင်းနိုင်ငံသည် ဗီယက်နမ်နိုင်ငံနှင့် အပြိုင်ဖြစ်နေပြီး၊ ထိုင်းနိုင်ငံသည် ဈေးကွက်အတွင်း၌ သင့်တင့်မျှတသောဈေးနှုန်းရှိသည့် ဆန်မျိုးစေ့များကို မရောင်းချနိုင်သောကြောင့် ယင်းပြိုင်ဆိုင်မှုသည် ပြင်းထန်ပါကြောင်းကို ထိုင်းနိုင်ငံဖွံ့ဖြိုးတိုးတက်ရေး သုတေသန (TDRI) ကို ကိုးကား၍ ဖော်ပြထားပါသည်။
နိုင်ငံတကာကုန်သွယ်မှုဆောင်ရွက်နေသော ကုန်သည်တစ်ဦးက “ထိုင်းနိုင်ငံသည် ၎င်း၏ ဆန်မျိုးစေ့များကို ကမ္ဘာ့ဈေးကွက် လိုအပ်ချက်များနှင့်ကိုက်ညီအောင် တီထွင်ထုတ်လုပ်ရန် ပျက်ကွက်ပြီး အခြားမျိုးစေ့များကို ၎င်း၏ပို့ကုန်အဖြစ်တင်ပို့ပါက ပြသနာကြီး တစ်ခုဖြစ်ကြောင်း” ပြောကြားခဲ့ပါသည်။
လယ်သမားများထံ အထွက်နှုန်းကောင်းသော မျိုးစေ့သစ်များကိုပေးအပ်ရန် ပျက်ကွက်ခဲ့ခြင်းကြောင့် ထိုင်းစိုက်ပျိုးရေးဝန်ကြီးဌာန၏ ဆန်စပါးဦးစီးဌာနအပေါ်ဝေဖန်မှုများ ထွက်ပေါ်ခဲ့သော်လည်း အဆိုပါဌာနက လိုအပ်ချက်အမျိုးမျိုးကို ဖြည့်ဆည်းပေးနိုင်ရန် မျိုးစေ့ပေါင်း (၁၇၁) မျိုးကို တီထွင်ထားကြောင်း၊ Kasikorn သုတေသနစင်တာမှ လေ့လာသူတစ်ဦးက ဆန်မျိုးစေ့ကွဲများကို ပူးပေါင်းဆောင်ရွက်မှုဖြင့် လယ်သမားများထံ အရောက်ဖြန့်ဝေရာ၌ အားနည်းမှုများ ရှိကြောင်း ပြောကြားခဲ့ပါသည်။
ကုန်ထုတ်စွမ်းအားကျဆင်းခြင်းသည် ထုတ်လုပ်မှုကုန်ကျစရိတ်ကို မြင့်မားလာစေပြီး ရေရှည်တွင် ထိုင်းဆန်လုပ်ငန်း၏ ယှဉ်ပြိုင်မှု အားသာချက်ကို လျှော့ချနိုင်သောကြောင့် အပြစ်တင်သင့်သည့် အကြောင်းအရင်းအစစ်အမှန်ဖြစ်ကြောင်းကို TDRI ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
ထိုင်းဆန်တင်ပို့သူများအသင်း၏အဆိုအရ ဗီယက်နမ်နှင့် အိန္ဒိယဆန်တို့သည် တစ်ရိုင် (၁၆၀၀ စတုရန်းမီတာ) လျှင် ၈၀၀ ကီလို ဂရမ်ထွက်ရှိပြီး၊ လာအိုဆန်သည် ၅၀၀ ကီလိုဂရမ် ထွက်ရှိပါကြောင်း၊ အဆိုပါနိုင်ငံများနှင့်နှိုင်းယှဉ်ပါက ထိုင်းနိုင်ငံ၏ ဆန်ထွက်ရှိ မှုသည် တစ်ရိုင်လျှင် ၃၀၀ ကီလိုဂရမ်မှ ၄၀၀ ကီလိုဂရမ်သာရှိကြောင်း ဖော်ပြထားပါသည်။