အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းရှင်များအတွက် စက်မှုဒီဇိုင်းမူပိုင်ခွင့်ဆိုင်ရာအသိပညာပေးဆွေးနွေးပွဲကျင်းပ
နေပြည်တော်၊ မေလ ၂၆
စက်မှုဒီဇိုင်းမူပိုင်ခွင့်လျှောက်လွှာ ၆၀၀ ကျော် လက်ခံရရှိထားပြီး လျှောက်လွှာ ၃၀၀ ကျော်ကို စက်မှုဒီဇိုင်းမှတ်ပုံတင်လက်မှတ် (Certificate)များ ထုတ်ပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ထုတ်ကုန်တစ်ခုတွင် မူပိုင်ခွင့်(၄)ခုဖြင့် အကာအကွယ်ရယူနိုင်ပြီး ထုတ်ကုန်တစ်ခု၏ ဒီဇိုင်းဆန်းသစ်လှပမှုသည် စျေးကွက်ယှဉ်ပြိုင်ရာတွင် အသာစီးရစေမည့် အားသာချက်တစ်ခုဖြစ်ပါကြောင်း၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSME)လုပ်ငန်းများသည် နိုင်ငံစီးပွား ရေးဖွံ့ဖြိုးတိုးတက်ရန်အဓိကကျသည့် အခန်းကဏ္ဍ တစ်ရပ်အနေဖြင့် ပါဝင်သည့်အတွက် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ထုတ်ကုန်ဒီဇိုင်းများကို တီထွင်ဆန်းသစ် ဖန်တီးနေရုံဖြင့် မလုံလောက်ပဲ မူပိုင်ခွင့်ဖြင့်အကာအကွယ်ရယူထားရန် လိုအပ်ပါကြောင်း၊ ဒီဇိုင်းများကို မူပိုင်ခွင့်အကာအကွယ် ရယူထားပါက မူပိုင်ခွင့်ပိုင်ရှင်၏ ခွင့်ပြုချက်မရှိဘဲ စီးပွားဖြစ် အသုံးပြုခြင်းကို ကာကွယ်တားဆီးနိုင်မည့်အပြင် မိမိ၏ဒီဇိုင်းများကို ခွင့်ပြုချက်မရှိဘဲ ကူးယူခြင်း သို့မဟုတ် တုပခြင်းများကို ထိထိရောက်ရောက် ကာကွယ်တားဆီးနိုင်မှာ ဖြစ်ပါကြောင်း၊ မူပိုင်ခွင့်ဖြင့် အကာအကွယ်ရယူထားခြင်းမရှိပါက မိမိ၏တီထွင်ဖန်တီးမှုများကို အခြားလုပ်ငန်းများမှ တုပကူးယူခြင်းများဖြစ်လာနိုင်သဖြင့် ဆုံးရှုံးနစ်နာမှုများ ရှိလာနိုင်ပါကြောင်း၊ စက်မှုဒီဇိုင်းမူပိုင်ခွင့် အကာအကွယ်ရရှိထားခြင်းသည် လုပ်ငန်း၏ အဖိုးတန်သောပိုင်ဆိုင်မှု (Intellectual Property Asset) တစ်ခုဖြစ်တဲ့အတွက် ပိုမိုယုံကြည်စိတ်ချရသော လုပ်ငန်းအဖြစ် အားသာချက်ရရှိစေမှာဖြစ်ပြီး နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အပံ့ကောင်းဖြစ်လာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စက်မှုဒီဇိုင်းမူပိုင်ခွင့်၏ အရေးပါပုံနှင့်စပ်လျဉ်း၍ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်စန္ဒာဝင်းက ရှင်းလင်းဆွေးနွေးခဲ့ပြီး အသိပညာပေးဆွေးနွေးပွဲသို့ တက်ရောက် လာကြသူများက သိရှိလိုသည်များကို မေးမြန်းခြင်းများအပေါ် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ပြီး ဆွေးနွေးပွဲကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။
