မြန်မာနိုင်ငံရှိ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ (MSMEs) အတွက် အမှတ်တံဆိပ်နှင့် ဒီဂျစ်တယ်အမှတ်တံဆိပ် လက်တွေ့အသုံးပြုခြင်းများ နှင့်စပ်လျဉ်းသည့် IP TOOLKIT WEBINAR-MYANMAR ကျင်းပ

 နေပြည်တော်၊ မတ်လ ၁၀
    အာဆီယံမူပိုင်ခွင့်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းအဖွဲ့ (AWGIPC)  အစည်းအဝေးတွင် ဆွေး‌နွေးခဲ့သည့်  ASEAN -UK Economic Integration Programme (EIP) အရ ဗြိတိန်နိုင်ငံ၊ မူပိုင်ခွင့်ရုံး (UK Intellectual Property Office – UKIPO) ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် မြန်မာနိုင်ငံ၊ မူပိုင်ခွင့်ဦးစီးဌာနတို့ ပူးပေါင်း၍ ROUSE Myanmar ၏ အစီအစဉ်ဖြင့် ၂၀၂၆ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့တွင် Toolkit No. 1: Trademarks and Digital Branding Webinar ကို Virtual စနစ်ဖြင့် ကျင်းပခဲ့ရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။
   အဆိုပါဆွေးနွေးပွဲတွင် မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်က အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံအနေဖြင့် မူပိုင်ခွင့်စနစ်တည်ထောင်နေမှု အခြေအနေများ၊ မူပိုင်ခွင့်ဥပဒေ ၄ ရပ် အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများ၊ ဥပဒေ ၄ ရပ်အနက် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေအရ အမှတ်တံဆိပ်မူပိုင်ခွင့်လျှောက်ထားခြင်းများ၊ မြန်မာနိုင်ငံရှိ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ (MSMEs) အတွက် အမှတ်တံဆိပ်နှင့် ဒီဂျစ်တယ်အမှတ်တံဆိပ် လက်တွေ့အသုံးပြုခြင်းများ၏ အရေးပါမှုများကို ပြောခဲ့ပါကြောင်း၊ ဆက်လက်၍ မူပိုင်ခွင့်ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာအေးသီရိဝေက ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်လျှောက်ထားရာတွင် အမှတ်တံဆိပ်နှင့်စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရမည့် နည်းလမ်းများ၊ ဆောင်ရန်/ရှောင်ရန်များ၊ ကိုယ်ပိုင်အမှတ်တံဆိပ်၏ မူပိုင်ခွင့်ပိုင်ဆိုင်မှုသည် စီးပွားရေးလုပ်ငန်းရှင်များအတွက် အရေးပါမှုများကို တင်ပြဆွေးနွေးခဲ့ပါကြောင်း၊ ထို့နောက် ROUSE Myanmar မှ ကိုယ်စားလှယ်က အမှတ်တံဆိပ်မူပိုင်ခွင့်ဆိုင်ရာ ချိုးဖောက်မှုများအတွက် အရေးယူဆောင်ရွက်မှုများနှင့် အွန်လိုင်းမှတဆင့် မူပိုင်ခွင့်ဆိုင်ရာ အကာအကွယ်ရယူနည်းများ၊ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အမှတ်တံဆိပ်မူပိုင်ခွင့် အလွဲသုံးစားဆောင်ရွက်မှုများကို ဖော်ထုတ်ရာတွင် အထောက်အကူဖြစ်စေမည့် နည်းလမ်းများ၊ အွန်လိုင်းမှတစ်ဆင့် အရေးယူဆောင်ရွက်နိုင်မည့် လုပ်ငန်းစဉ်များ၊ စီးပွားရေးလုပ်ငန်းရှင်များ အတွက် ကိုယ်ပိုင်အမှတ်တံဆိပ် တည်ဆောက်ရာတွင် မူပိုင်ခွင့်၏ အရေးပါမှုများ၊ မူပိုင်ခွင့် အကာအကွယ်ရယူထားခြင်းအားဖြင့် ရရှိလာနိုင်မည့် အကျိုးအမြတ်များ၊ မူပိုင်ခွင့်ဆိုင်ရာ လွှဲပြောင်းလုပ်ကိုင်ခြင်း၊ လိုင်စင်ပေးခြင်း စသည့် မူပိုင်ခွင့်ဆိုင်ရာ အကျိုးအမြတ်ရရှိစေသည့်  အသိပညာပေးနည်းလမ်းများကို တင်ပြဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများက ဆွေးနွေးမေးမြန်းခြင်းအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။
   အဆိုပါ ဆွေးနွေးပွဲသို့ မူပိုင်ခွင့်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်စစ်ဆေးရေးအရာရှိများ၊ သက်ဆိုင်ရာဦးစီးဌာနများမှ အရာထမ်းကိုယ်စားလှယ်များ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များ နှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) နှင့် ညီနောင်အသင်းများမှ ကိုယ်စားလှယ်များ၊ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ (MSMEs) စုစုပေါင်း ကိုယ်စားလှယ် (၁၃၀) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။