မကွေးတိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေး လုပ်ငန်းရှင်များအတွက် မူပိုင်ခွင့်ဆိုင်ရာအသိပညာပေးဆွေးနွေးပွဲကျင်းပ

နေပြည်တော်၊ ဖေဖော်ဝါရီလ ၂၀  ရက်

              မကွေးတိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်များအတွက် မူပိုင်ခွင့်ဆိုင်ရာအသိပညာပေးဆွေးနွေးပွဲကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီးအတွင်းရှိ မကွေးတိုင်းဒေသကြီးကုန်သည်များနှင့်စက်မှု လက်မှုလုပ်ငန်းရှင်များအသင်း(MGYCCI)နှင့်ပူးပေါင်း၍ကျင်းပခဲ့ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်က အဖွင့်အမှာစကားပြောကြားခဲ့သည်။

အဆိုပါ အသိပညာပေးဆွေးနွေးပွဲသို့ မကွေးတိုင်းဒေသကြီးကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း(MGYCCI)ဒုတိယဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ၊ စုစုပေါင်း (၁၀၀) ဦးခန့် တက်ရောက်ကြသည်။

            ဆွေးနွေးပွဲတွင် စီးပွားရေးရာဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှုမြှင့်တင်ရေးနှင့် သိပ္ပံနှင့်နည်းပညာပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ရေးတို့တွင် မူပိုင်ခွင့်ကဏ္ဍ၏ အရေးပါမှုသည် ပိုမိုကြီးမားလာသည်ကို တွေ့ရှိရသည့်အပြင် စီးပွားရေးဦးတည်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ခိုင်မာသော မူပိုင်ခွင့်စနစ်တစ်ရပ်ရှိခြင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပါကြောင်း၊ မူပိုင်ခွင့်ဦးစီးဌာနအနေဖြင့် မူပိုင်ခွင့်ဥပဒေ (၄)ရပ်ကို အတည်ပြုပြဋ္ဌာန်းထားပြီးဖြစ်ရာ မူပိုင်ခွင့်အကာအကွယ်ပေးသည့်စနစ်မှ တီထွင်ဖန်တီးမှုများတိုးမြှင့်လာခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများတိုးတက်လာခြင်းမှတစ်ဆင့် နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်အတွက်အထောက်အကူပြုနိုင်မည်ဖြစ်ပါကြောင်း၊ မူပိုင်ခွင့်ဦးစီး ဌာနနှင့် MGYCCIတို့ ပူးပေါင်း၍ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများအား မူပိုင်ခွင့်အသိပညာဗဟုသုတများကို ဖြန့်ဝေခြင်းအားဖြင့် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ စီးပွားရေးလုပ်ငန်းများကို မူပိုင်ခွင့်ဖြင့်အကာအကွယ်ရယူနိုင်သည့် နည်းစနစ်များသိရှိလာနိုင်ခြင်း၊ မိမိလုပ်ငန်း၏ အမှတ်တံဆိပ်များ၊ ဒီဇိုင်းများကို မူပိုင်ခွင့်ဖြင့် အကာအကွယ်ယူနိုင်ခြင်း၊ မူပိုင်ခွင့် ပိုင်ရှင်နှင့် ဖန်တီးသူတို့၏ အခွင့်အရေးနှင့်အကျိုးစီးပွားကို အကာအကွယ်ပေးနိုင်ခြင်း၊ စက်မှု လက်မှုလုပ်ငန်းများ ဖွံဖြိုးတိုးတက်လာစေခြင်း၊ နည်းပညာတိုးတက်ပြန့်ပွားစေခြင်း၊ လူမှုစီးပွား ဘဝ သာယာဝပြောရေးကို အကျိုးပြုစေခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

            ဆက်လက်၍ မူပိုင်ခွင့်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာမိုးမိုးသွယ်မှ အမှာစကားပြောကြားရာတွင် မကွေးတိုင်းဒေသကြီးအတွင်းရှိ MSMEs လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ စီးပွားရေးလုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရာတွင် မူပိုင်ခွင့်၏ အခန်းကဏ္ဍမှာ အလွန်အရေးကြီးပါကြောင်း၊ စီးပွားရေးဈေးကွက်သို့ ဝင်ရောက်ရာတွင် ထုတ်ကုန် သို့မဟုတ် ဝန်ဆောင်မှုဆိုင်ရာ ကုန်အမှတ်တံဆိပ်သည် အဓိကအရေးပါကြောင်း၊ ဈေးကွက်အတွင်း ကုန်အမှတ်တံဆိပ်တစ်ခုနှင့်တစ်ခု ထင်ပေါ်ကျော်ကြားမှုနှင့် စားသုံးသူများ၏ ရွေးချယ်သုံးစွဲမှုများမှာလည်း ကွာခြားမည်ဖြစ်ပါကြောင်း၊ အလားတူ ဒေသတွင်းထုတ်ကုန်များနှင့် စပ်လျဉ်း၍ ထုတ်ပိုးမှုများကိုလည်း စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေအရ အကာအကွယ်ရယူနိုင်မည်ဖြစ်ပါကြောင်း၊ ထုတ်ကုန်များ၏ အပြင်ပန်းပုံသဏ္ဍာန်များမှာလည်း တီထွင်ဖန်တီးထားသော ဒီဇိုင်းအနေအထားပေါ်မူတည် ၍ စားသုံးသူများကို ပိုမိုဆွဲဆောင်မှုများ ရှိလာနိုင်စေပြီး ဈေးကွက်အတွင်း ထိုးဖောက်နေရာရယူ နိုင်ပါကြောင်း၊ ဒေသတွင်း ရေမြေဥတုသဘာဝအရ ထူးခြားသည့်အရည်အသွေးရှိသော စိုက်ပျိုးရေးထုတ်ကုန်များကိုလည်း ဒေသဆိုင်ရာအညွှန်းဖြင့် မူပိုင်ခွင့်အကာအကွယ်ရယူနိုင်ပါက ဒေသတွင်းစီးပွားရေးလုပ်ငန်းများ ပိုမိုတိုးတက်လာမည်ဖြစ်ပါကြောင်း၊ MSMEs လုပ်ငန်းရှင်များ၏ ထုတ်ကုန် သို့မဟုတ် ဝန်ဆောင်မှုများကို အများပြည်သူသိရှိစေရန် ထုတ်ဝေသော စာစောင်၊ ကြော်ငြာများမှာလည်း စာပေနှင့်အနုပညာမူပိုင်ခွင့်ရယူနိုင်မည်ဖြစ်ပါကြောင်း၊ ဒေသတွင်းထွက်ရှိထုတ်လုပ်လျက်ရှိသော ထုတ်ကုန်နှင့် ထုတ်လုပ်မှုနည်းစဉ်များ၊  အသစ်တီထွင်ဖန်တီးမှုများကို တီထွင်မှု မူပိုင်ခွင့်အကာအကွယ်ရယူနိုင်မည်ဖြစ်ပါကြောင်း၊ သို့မှသာ ကုန်ကြမ်းထုတ်ကုန်များ ထုတ်လုပ်ခြင်းသာမက တန်ဖိုးမြှင့်ထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ခြင်းအားဖြင့် ဒေသတွင်းစီးပွားရေးပိုမို တိုးတက်လာမည်ဖြစ်ပါကြောင်း၊ ယနေ့ဆွေးနွေးပွဲတွင် သက်ဆိုင်ရာညွှန်မှူးများမှ MSMEs လုပ်ငန်းရှင်များအတွက် မူပိုင်ခွင့်နှင့်စပ်လျဉ်းသော အကြောင်းအရာများကို ရှင်းလင်းပို့ချသွားမည်ဖြစ်ပါကြောင်း နှင့် ဆွေးနွေးပွဲဖြစ်မြောက်အောင် ဆောင်ရွက်ပေးခြင်းအတွက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

  ထို့နောက် မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာအေးသီရိဝေက ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေနှင့် စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေများအကြောင်းသိကောင်း စရာများနှင့် စပ်လျဉ်း၍လည်းကောင်း၊ ညွှန်ကြားရေးမှူး ဦးလင်းအောင်ဆွေက တီထွင်မှုမူပိုင်ခွင့်ဥပဒေနှင့် စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေများအကြောင်းသိကောင်းစရာများနှင့်စပ်လျဉ်း၍လည်းကောင်းအသီးသီး ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများက သိရှိလိုသည်များအား မေးမြန်းခြင်းများအပေါ် ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ကာ ဆွေးနွေးပွဲများကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။