ကုန်အမှတ်တံဆိပ်မှတ်ပုံတင်ခြင်း၊ မြန်မာ့ပေါ်ဆန်းနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဒေသထွက်ကုန်များအား ဒေသဆိုင်ရာအညွှန်းတို့ဖြင့် အကာအကွယ်ပေးခြင်းဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကျင်းပ
နေပြည်တော်၊ ဇူလိုင်လ ၁၇
ကုန်အမှတ်တံဆိပ်မှတ်ပုံတင်ခြင်း၊ မြန်မာ့ပေါ်ဆန်းနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဒေသထွက်ကုန်များအား ဒေသဆိုင်ရာအညွှန်းတို့ဖြင့် အကာအကွယ်ပေးခြင်းဆိုင်ရာအသိပညာ ပေးဆွေးနွေးပွဲကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်နေ့၌ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ ဧရာရွှေဝါခန်းမတွင် ကျင်းပခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဆန်စပါးစိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများ၊ အသေးစား၊ အငယ်စား နှင့်အလတ်စားစက်မှုလက်မှုလုပ်ငန်းရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ စုစုပေါင်း ၃၅၀ ဦးခန့် တက်ရောက်ခဲ့သည်။
ဆွေးနွေးပွဲတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ခေတ်တွင် နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှုမြှင့်တင်ရေးနှင့် သိပ္ပံနှင့်နည်းပညာ ပူးပေါင်းဆောင် ရွက်မှုတိုးမြှင့်ရေးတို့တွင် မူပိုင်ခွင့်ကဏ္ဍ၏ အရေးပါမှုသည် ပိုမိုကြီးမားလာသည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသည် စိုက်ပျိုးရေး ကို အခြေခံသည့်နိုင်ငံဖြစ်ပြီး မြေပေါ်မြေအောက် သဘာဝသယံဇာတများ ပေါကြွယ်ဝသည့်အပြင် ဒေသထွက်ကုန်များစွာနှင့် လက်ရာမြောက်သော မြန်မာ့ယဉ်ကျေးမှုလက်မှုအနုပညာပစ္စည်းများနှင့်ထင်ရှားသော နိုင်ငံဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ ဒေသထွက်ကုန်ပစ္စည်းများအား ဈေးကွက်မြှင့်တင်ဆောင်ရွက်နိုင်ရန်၊ နိုင်ငံတကာဈေးကွက် သို့ ပိုမိုထိုးဖောက်နိုင်ရန်နှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစက်မှုလက်မှုလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် မူပိုင်ခွင့်စနစ်ကို ထိရောက်စွာကျင့်သုံးနိုင်ရေး အလေးထားဆောင်ရွက်သွားကြမည်ဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဆန်စပါးစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစက်မှုလက်မှုလုပ်ငန်းရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိလုပ်ငန်းများ၏ အမှတ်တံဆိပ်များ၊ ဒီဇိုင်းများနှင့် ဒေသ ထွက်ကုန်များကို သက်ဆိုင်ရာမူပိုင်ခွင့်ဥပဒေများနှင့် အကာအကွယ်ရယူခြင်းဖြင့် အရည်အသွေး ပြည့်မီသော ထုတ်ကုန်များကို နိုင်ငံတကာဈေးကွက်သို့ တင်ပို့ရောင်းချနိုင်ခြင်း၊ လူမှုစီးပွားဘဝ သာယာဝပြောရေးကို အကျိုးပြုစေခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိမည်ဖြစ်သည့်အတွက် သက်ဆိုင်တဲ့အခန်းကဏ္ဍတွင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။
မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်က မြန်မာနိုင်ငံတွင် မူပိုင်ခွင့်စနစ်တစ်ရပ် အကောင်အထည်ဖော်နိုင်ရေးအတွက် မူပိုင်ခွင့်ဥပဒေများကို ၂၀၁၉ ခုနှစ်တွင် အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့ပါကြောင်း၊ မူပိုင်ခွင့်စနစ်သည် နိုင်ငံ၏စီးပွားရေး၊ ပညာရေး၊ ယဉ်ကျေးမှု နှင့်ကျန်းမာရေး စသည့်ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရန် အထောက်အပံ့ဖြစ်စေသည့်အတွက် အမျိုး သားအဆင့်မူပိုင်ခွင့်ဆိုင်ရာမဟာဗျူဟာများချမှတ်ပြီး မဟာဗျူဟာပါလုပ်ငန်းစဉ်များအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မူပိုင်ခွင့်အသိပညာဖြန့်ဝေခြင်း အခန်းကဏ္ဍသည်လည်း လုပ်ငန်းစဉ်တစ်ရပ်အနေဖြင့် ပါရှိသည့်အတွက် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဆန်စပါး စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စက်မှုလက်မှု လုပ်ငန်းရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များအား မူပိုင်ခွင့်ဆိုင်ရာအသိပညာများရရှိစေရန် လာရောက်ဆွေးနွေးခြင်းဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးတွင် ထင်ရှားကျော်ကြားသော ဒေသထွက်ကုန်များစွာရှိပါကြောင်း၊ အဆိုပါထွက်ကုန်များအား သက်ဆိုင်ရာမူပိုင်ခွင့်ဥပဒေများ ဖြင့် အကာအကွယ်ရယူထားရန်လိုအပ်ပါကြောင်း၊ စီးပွားရေးလုပ်ငန်းများတွင် အသုံးပြုလျက်ရှိသော အမှတ်တံဆိပ်များ၊ ဒီဇိုင်းများနှင့် တီထွင်ဖန်တီးမှုများကိုလည်း မူပိုင်ခွင့်ဥပဒေများဖြင့် အကာအကွယ်ရယူထားရန်လိုအပ်ပါကြောင်းနှင့် အကာအကွယ်ရယူနိုင်သည့် နည်းလမ်းများ၊ လုပ်ငန်းစဉ်များနှင့် ပူးပေါင်းဆောင် ရွက်နိုင်သည့် နယ်ပယ်များအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
ထို့နောက် မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာစိမ့်သန္တာထွန်းက မူပိုင်ခွင့်အကြောင်းသိကောင်းစရာနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ရာ မူပိုင်ခွင့်အမျိုးအစားများ၊ အကာအကွယ်ရယူခြင်းကြောင့်ရရှိနိုင်မည့် အခွင့်အရေးများ၊ ထင်ရှားကျော်ကြားသည့် ဒေသထွက်ကုန်များအား ဒေသဆိုင်ရာအညွှန်းဖြင့် အကာအကွယ်ရရှိနိုင်ရန် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ လိုက်နာရမည့်စည်းမျဉ်းစည်းကမ်းများနှင့် ဒေသထွက်ကုန်များအား ဒေသဆိုင်ရာအညွှန်းဖြင့် အကာအကွယ်ရယူခြင်းကြောင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများအား နိုင်ငံတကာတွင် ထင်ရှား ကျော်ကြားသော ဒေသဆိုင်ရာထွက်ကုန်များဖြင့် ဥပမာပေး၍ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက် တက်ရောက်လာကြသော ဆန်စပါးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစက်မှုလက်မှုလုပ်ငန်းရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များမှ မူပိုင်ခွင့် အကာအကွယ်ရယူခြင်းနှင့်စပ်လျဉ်း၍ သိရှိလိုသည်များအား မေးမြန်းခြင်းအပေါ် ပြန်လည်ရှင်းလင်း ဆွေးနွေးကာ ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့ကြောင်းသတင်းရရှိသည်။
