တီထွင်မှုမူပိုင်ခွင့်အကျိုးဆောင်ကိုယ်စားလှယ်အခြေခံသင်တန်း ၁/၂၀၂၅ ဖွင့်လှစ်ကျင်းပ

နေပြည်တော်၊ နိုဝင်ဘာလ ၁၀ ရက်
    တီထွင်မှုမူပိုင်ခွင့်အကျိုးဆောင်ကိုယ်စားလှယ်အခြေခံသင်တန်း ၁/၂၀၂၅ ဖွင့်ပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်နေ့တွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာန၊ ရုံးအမှတ်(၅၂)၌ Virtual စနစ်ဖြင့် ကျင်းပခဲ့ရာ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်က အဖွင့်အမှာစကားပြောကြားခဲ့သည်။
     သင်တန်းဖွင့်ပွဲအခမ်းအနားသို့ မူပိုင်ခွင့်ဦးစီးဌာနမှဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ သင်တန်းသား/သူများ စုစုပေါင်း (၅၀) ဦး တက်ရောက်ကြသည်။
    အဆိုပါသင်တန်းတွင် ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာ၌ ၂၀၁၉ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော မူပိုင်ခွင့်ဥပဒေ ၄ ရပ်လုံး  အာဏာသက်ဝင်ခဲ့ပြီး  မူပိုင်ခွင့်လျှောက်ထားခြင်းများကို အီလက်ထရောနစ်စနစ်ဖြင့်လည်းကောင်း၊ လျှောက်လွှာလက်ခံဌာနများတွင် လူကိုယ်တိုင်လျှောက်ထားခြင်းဖြင့် လည်းကောင်းလက်ခံ၍စစ်ဆေးဆောင်ရွက်လျက်ရှိပါကြောင်း၊ တီထွင်မှုမူပိုင်ခွင့်နှင့် အသေးစားတီထွင် မှုမူပိုင်ခွင့်လျှောက်လွှာများကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့တွင် စတင်လက်ခံဆောင်ရွက်ခဲ့ပြီး ပဏာမစစ်ဆေးခြင်းများဆောင်ရွက်၍ သတ်မှတ်ချက်ကိုက်ညီမှုမရှိသည့် လျှောက်ထား ချက်များကို ပြင်ဆင်ရန် အကြောင်းကြားစာပေးပို့ခြင်းများ ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ တီထွင်မှုမူပိုင်ခွင့်သည် ကဏ္ဍအားလုံးနှင့်ဆက်စပ်နေပြီး အလွန် ကျယ်ပြန့်သဖြင့်တစ်ကမ္ဘာလုံးတွင် အသစ်ဖြစ်ရမည်ဆိုသော အချက်သည်လည်း အရေးကြီးသောအချက်ဖြစ်ပါကြောင်း၊ တီထွင်မှုမူပိုင်ခွင့်လျှောက်ထားရာ တွင် ကိုယ်စားလှယ်များ သိရှိထားရမည့် အကြောင်းအရာများကို ဘာသာရပ်တာဝန်ခံများက ရှင်းလင်းဆွေးနွေးသွားမည်ဖြစ်ပြီး တီထွင်မှုမူပိုင်ခွင့်ဥပဒေ၊ နည်းဥပဒေတို့နှင့်အညီ မှတ်ပုံတင်လျှောက်ထားခြင်း နှင့်စပ်လျဉ်းပြီး ဥပဒေ၊ နည်းဥပဒေပါ ပြဋ္ဌာန်းသတ်မှတ်ချက်များ၊ တီထွင်မှုမူပိုင်ခွင့် လျှောက်ထားရာတွင် လိုက်နာဆောင်ရွက်ရမည့် အကြောင်းအရာများ၊ မူပိုင်ခွင့်ဆိုင်ရာနိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများ နှင့် အပြည်ပြည်ဆိုင်ရာသဘောတူစာချုပ်များအကြောင်း သိကောင်းစရာများ၊ အီလက်ထရောနစ်စနစ်ဖြင့် တီထွင်မှု မှတ်ပုံတင်လျှောက်ထားခြင်းအတွက် နည်းပညာပိုင်းဆိုင်ရာသိကောင်းစရာများ စသည့် သင်ခန်းစာများအား ပို့ချသင်ကြားသွားမည်ဖြစ်ပါကြောင်း၊ မူပိုင်ခွင့်စနစ်သည် သတ်မှတ်အချိန်အတွင်း ဆောင်ရွက်ရခြင်း ဖြစ်သောကြောင့် ကိုယ်စားလှယ်များ၊ တီထွင်မှုမူပိုင်ခွင့်အကျိုးဆောင်ကိုယ်စားလှယ်များအနေဖြင့် တီထွင်မှုမူပိုင်ခွင့် လျှောက်ထားခြင်းဆိုင်ရာ အကြောင်းအရာများ၊ တီထွင်မှုမူပိုင်ခွင့် သို့မဟုတ် အသေးစားတီထွင်မှုမူပိုင်ခွင့်မှတ်ပုံတင်စနစ်ဆိုင်ရာ အကြောင်းအရာများကို သေသေချာချာ သိရှိနားလည်ထားမှသာ တီထွင်မှုမူပိုင်ခွင့်လျှောက်ထားရာတွင် ပိုမိုလွယ်ကူပြီး တီထွင်မှုမူပိုင်ခွင့်ရရှိရန် လျင်မြန်စွာ လုပ်ဆောင်နိုင်မည့်အပြင် မိမိတို့ဦးစီးဌာနအနေဖြင့်လည်း မှတ်ပုံတင်လျှောက်လွှာများကို အချိန်နှင့်တပြေးညီ လျင်မြန်စွာ စစ်ဆေးဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။ အဆိုပါတီထွင်မှုမူပိုင်ခွင့် အကျိုးဆောင်ကိုယ်စားလှယ်အခြေခံသင်တန်းကို နိုဝင်ဘာလ ၁၀ ရက်နေ့မှ ၁၉ ရက်နေ့အထိ ပိတ်ရက်မပါ (၇)ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။