“(၇၇) ကြိမ်မြောက် အာဆီယံမူပိုင်ခွင့်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းအဖွဲ့ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ” သို့ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တက်ရောက်
နေပြည်တော်၊ နိုဝင်ဘာလ ၅
မလေးရှားနိုင်ငံ၊ ပီနန်မြို့တွင် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့မှ ၇ ရက်နေ့အထိကျင်းပပြုလုပ်သည့် “(၇၇) ကြိမ်မြောက် အာဆီယံမူပိုင်ခွင့်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းအဖွဲ့ အစည်းအဝေးနှင့်ဆက်စပ်အစည်းအဝေးများ (77th ASEAN Working Group on Intellectual Property Cooperation and Related Meetings)” သို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တက်ရောက်လျက်ရှိပါသည်။
အဆိုပါအစည်းအဝေးကို အာဆီယံဒေသတွင်းနိုင်ငံများအကြား မူပိုင်ခွင့်ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် စီမံချက်များကို အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ မူပိုင်ခွင့်ရုံးများမှ ဌာနအကြီးအကဲများနှင့်အတူ ပါဝင်ဆွေးနွေးနိုင်ခြင်း၊ မူပိုင်ခွင့်ဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်နိုင်ခြင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား မူပိုင်ခွင့်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများကို ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပါသည်။
အဆိုပါအစည်းအဝေးတွင် အာဆီယံမူပိုင်ခွင့်ဆိုင်ရာလုပ်ငန်းစီမံချက်(၂၀၁၆-၂၀၂၅) အရ အကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေများ၊ ၂၀၂၅ ခုနှစ်အတွင်း ဦးစားပေးဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်အခြေအနေများ၊ အာဆီယံစီးပွားရေး အသိုက်အဝန်းပါ အာဆီယံမူပိုင်ခွင့်ဆိုင်ရာ လုပ်ငန်းစီမံချက်အရ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ မူပိုင်ခွင့်ဆိုင်ရာ လိုက်ပါဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ အာဆီယံမူပိုင်ခွင့်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက် အဆင့်မြှင့်တင်နိုင်ရေးအတွက် အာဆီယံမူပိုင်ခွင့်ဆိုင်ရာလုပ်ငန်းစီမံချက် (၂၀၂၆-၂၀၃၀) လုပ်ငန်းစဉ်ရေးဆွဲရေး အစီအစဉ်များ၊ မူပိုင်ခွင့်ဆိုင်ရာမိတ်ဖက်အဖွဲ့အစည်းများ ဖြစ်ကြသည့် ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့(WIPO)၊ ဥရောပသမဂ္ဂမူပိုင်ခွင့်ရုံး(EUIPO)၊ ဥရောပသမဂ္ဂတီထွင်မှု ရုံး(EPO)၊ ဂျပန်နိုင်ငံမူပိုင်ခွင့်ရုံး(JPO)၊ ကိုရီးယားနိုင်ငံမူပိုင်ခွင့်ရုံး(KIPO)၊ ဗြိတိန်နိုင်ငံမူပိုင်ခွင့်ရုံး (UKIPO)၊ အမေရိကန်ပြည်ထောင်စုတီထွင်မှုနှင့်ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ရုံး(USPTO) တို့နှင့် ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းစဉ်များကို ညှိနှိုင်းဆွေးနွေးသွားမည်ဖြစ်ပါသည်။
မြန်မာကိုယ်စားလှယ်အဖွဲ့အနေဖြင့် ဖော်ပြပါအစည်းအဝေးနှင့်အတူ ဆက်စပ်အစည်းအဝေးများဖြစ်သည့် အာဆီယံနိုင်ငံများနှင့် ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့(WIPO)၊ ဥရောပသမဂ္ဂမူပိုင်ခွင့်ရုံး (EUIPO)၊ ဗြိတိန်နိုင်ငံမူပိုင်ခွင့်ရုံး (UKIPO)၊ Intrinsika တို့၏ ဌာနကြီးမှူးများ တွေ့ဆုံသည့် အစည်းအဝေးများတွင် ပါဝင်တက်ရောက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
