အာဆီယံ-‌ဟောင်ကောင်၊ တရုတ် ကုန်သွယ်မှုနယ်မြေ နှင့်စပ်လျဉ်းသည့် မူပိုင်ခွင့်ဆိုင်ရာမိတ်ဆက်ဆွေးနွေးပွဲ” သို့ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တက်ရောက်

နေပြည်တော်၊ အောက်တိုဘာ

    တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသတွင် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်နေ့မှ ၁၀ ရက်‌နေ့အထိ ကျင်းပပြုလုပ်မည့်အာဆီယံ-‌ဟောင်ကောင်၊ တရုတ်ကုန်သွယ်မှုနယ်မြေနှင့်စပ်လျဉ်းသည့် မူပိုင်ခွင့်ဆိုင်ရာမိတ်ဆက်ဆွေးနွေးပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ဒေါက်တာနှင်းနွယ်အေး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တက်ရောက်လျက်ရှိပါသည်။

  အဆိုပါ ဆွေးနွေးပွဲကို အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသတို့အကြား စီးပွားရေးလုပ်ငန်းရှင်အတွက် လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေနိုင်ရန်၊ ဒေသနှစ်ခုကြား စီးပွားရေးကူးသန်းရောင်းဝယ်မှုများ လွယ်ကူချောမွေ့စေရန်၊  မူပိုင်ခွင့်ဆိုင်ရာ လျှောက်ထားမှုများနှင့်စပ်လျဉ်းသည့် အချက်အလက်များနှင့် နည်းလမ်းများ လွယ်ကူစွာနားလည် သိရှိနိုင်စေရန် နှင့် နည်းပညာပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးဖလှယ်နိုင်ရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ပါသည်။

 ဆွေးနွေးပွဲတွင် မူပိုင်ခွင့်ဆိုင်ရာနယ်ပယ်တွင် ပိုမိုဖွံ့ဖြိုးတိုးတက်စေနိုင်မည့်နည်းလမ်းများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများရှိ မူပိုင်ခွင့်ရုံးများအနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်အခြေအနေများ၊ အာဆီယံနှင့် ‌ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသတို့အကြား မူပိုင်ခွင့်ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက်ပူးပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့် လုပ်ငန်းစဉ်များကို တင်ပြဆွေးနွေးကြမည်ဖြစ်ပါကြောင်းနှင့် ‌ဆွေးနွေးပွဲတက်ရောက်လာကြသည့် ကိုယ်စားလှယ်များအနေဖြင့် ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသရှိ မူပိုင်ခွင့်ဆိုင်ရာ လက်တွေ့ဆောင်ရွက်နေသည့် အကျိုးဆောင်ရုံးများသို့ သွားရောက်လေ့လာကြမည်ဖြစ်ပါကြောင်း သတင်း ရရှိပါသည်။