မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းရှင် များအတွက် စက်မှုဒီဇိုင်းမူပိုင်ခွင့်ဆိုင်ရာအသိပညာပေးဆွေးနွေးပွဲကျင်းပ

နေပြည်တော်၊ စက်တင်ဘာလ ၅

   မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (MRCCI) ညီနောင်အသင်းများမှကိုယ်စားလှယ်များ၊ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်း ရှင်များအတွက် စက်မှုဒီဇိုင်းမူပိုင်ခွင့်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၁၀:၃၀ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

   အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် စက်မှုဒီဇိုင်းမူပိုင်ခွင့်ဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်စန္ဒာဝင်းက  မူပိုင်ခွင့်အမျိုးအစားများနှင့်စပ်လျဉ်းသည့် အခြေခံသိကောင်းစရာများ၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်အကြောင်းသိကောင်းစရာများ၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေပါ စီးပွားရေးလုပ်ငန်း ရှင်များ သိရှိထားရမည့် အကြောင်းအရာများ၊ စက်မှုဒီဇိုင်းမှတ်ပုံတင် လျှောက်ထားရာတွင်သိရှိရမည့် အကြောင်းအရာများ၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်အငြင်းပွားမှုများဆိုင်ရာကိစ္စရပ်များကို Case Study များဖြင့်ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြသည်။

  ဆက်လက်၍ မူပိုင်ခွင့်ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က စက်မှုဒီဇိုင်းမူပိုင်ခွင့်နှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ယခုအခါ မူပိုင်ခွင့်လျှောက်ထားချက်များကို လက်ခံဆောင်ရွက်၍ မှတ်ပုံတင်လက်မှတ်များထုတ်ပြန်ပေးလျက်ရှိပါကြောင်း၊ ထုတ်ကုန်တစ်ခုတွင် မူပိုင်ခွင့်(၄)ခုဖြင့် အကာအကွယ်ရယူနိုင်ပြီး ထုတ်ကုန်တစ်ခု၏ဒီဇိုင်းဆန်းသစ်လှပမှုသည် စျေးကွက်ယှဉ်ပြိုင်ရာတွင် အသာစီးရ‌စေမည့် အားသာချက်တစ်ခုဖြစ်ပါကြောင်း၊အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME)လုပ်ငန်းများသည် နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် အဓိကကျသည့် အခန်းကဏ္ဍတစ်ရပ် အနေဖြင့် ပါဝင်သည့်အတွက် လုပ်ငန်းရှင်များအနေဖြင့် ဒီဇိုင်းများကို တီထွင်ဆန်းသစ်ဖန်တီးနေရုံဖြင့် မလုံလောက်ပဲ မူပိုင်ခွင့်ဖြင့်အကာအကွယ်ရယူထားရန် အ‌ရေးကြီးပါကြောင်း၊ မိမိဖန်တီးထားသော ဒီဇိုင်းများကို မူပိုင်ခွင့်ဖြင့် အကာအကွယ်ရယူထားခြင်းမရှိပါက သူတစ်ပါးမှပုံတူကူးချခြင်း၊ အတုပြုလုပ်ရောင်းချခြင်း၊ မိမိပစ္စည်းအား နာမည် ပျက်စေရန် ပုံစံတူ အရည်အသွေးညံ့သည့် ပစ္စည်းများ ထုတ်လုပ်ကာ ထင်ယောင်ထင်မှား ဖြစ်အောင် ပြုလုပ်လာနိုင်ပြီး ဆုံးရှုံးနစ်နာမှုများ ရှိလာနိုင်ပါကြောင်း၊ မူပိုင်ခွင့်အကာအကွယ် ရယူထားခြင်းဖြင့် မူပိုင်ခွင့်ပိုင်ရှင်၏ ခွင့်ပြုချက်မရှိဘဲ စီးပွားဖြစ်အသုံးပြုခြင်း၊ ကူးယူခြင်း သို့မဟုတ် တုပခြင်းများမှ ကာကွယ်တားဆီးနိုင်မည်ဖြစ်ပြီး မိမိ၏ဒီဇိုင်းမူပိုင်ခွင့်ကို ထိပါးချိုးဖောက်သည့်သူများကိုလည်း ဥပဒေအရ ထိထိရောက်ရောက် အရေးယူနိုင်မည်ဖြစ်ပါကြောင်း၊ မိမိ၏ဒီဇိုင်းကို အခြားသူများအား လိုင်စင်ချထားခြင်းများ ခွင့်ပြုပေးနိုင်သည့်အတွက် မိမိလုပ်ငန်းဝင်ငွေလည်ပတ်မှု ကောင်းလာနိုင်စေပြီး လုပ်ငန်း၏ပုံရိပ် ပိုမိုကောင်းမွန်လာမည်ဖြစ်ပါကြောင်း  နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။

   အဆိုပါအသိပညာပေးဆွေးနွေးပွဲသို့ မူပိုင်ခွင့်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးများ၊ တာဝန်ရှိသူများ၊ မန္တလေးတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ် ငန်းရှင်များအသင်း (MRCCI) ညီနောင်အသင်းများမှ ကိုယ်စားလှယ်များနှင့် အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းရှင်များ စုစုပေါင်း (၅၀) ဦးခန့်တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။