(၇၆) ကြိမ်မြောက် အာဆီယံမူပိုင်ခွင့်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းအဖွဲ့ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ” သို့ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တက်ရောက်

နေပြည်တော်၊ ဩဂုတ်လ ၁၉
   ထိုင်းနိုင်ငံ၊ အယုဒ္ဓယမြို့တွင် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်နေ့မှ ၂၂ ရက်နေ့အထိ  Hybrid စနစ်ဖြင့် ကျင်းပပြုလုပ်သည့် “(၇၆) ကြိမ်မြောက် အာဆီယံမူပိုင်ခွင့်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးလုပ်ငန်းအဖွဲ့အစည်းအဝေး နှင့်ဆက်စပ်အစည်းအဝေးများ. (76th ASEAN Working Group on Intellectual Property Cooperation and Related Meetings)” သို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာနှင်းနွယ်အေး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ Virtual စနစ်ဖြင့် တက်ရောက်လျက်ရှိ ပါသည်။
  အဆိုပါအစည်းအဝေးတွင် အာဆီယံစီးပွားရေး အသိုက်အဝန်းပါ အာဆီယံမူပိုင်ခွင့်ဆိုင်ရာ လုပ်ငန်းစီမံချက်အရ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ မူပိုင်ခွင့်ဆိုင်ရာ လိုက်ပါဆောင်ရွက်လျက်ရှိသည့် လုပ်ငန်း‌ဆောင်ရွက်နေမှု အခြေအနေများ၊ မူပိုင်ခွင့်ဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေးအတွက် လုပ်ငန်းစီမံချက်ရေးဆွဲရေး အစီအစဉ်များ၊ တီထွင်မှုမူပိုင်ခွင့်၊ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်နှင့်စပ်လျဉ်းသည့် လုပ်ငန်းအဖွဲ့ အစည်းအဝေးများ မှ ဆွေးနွေးတင်ပြခဲ့မှုများနှင့် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊ မူပိုင်ခွင့်ဆိုင်ရာမိတ်ဖက် အဖွဲ့အစည်းများဖြစ်ကြသည့် ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့ (WIPO)၊ ကနေဒါနိုင်ငံမူပိုင်ခွင့်ရုံး (CIPO) တို့နှင့် ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းစဉ်များကို ညှိနှိုင်းဆွေးနွေးသွားမည်ဖြစ်ပါသည်။
  မြန်မာကိုယ်စားလှယ်အဖွဲ့အနေဖြင့် ဖော်ပြပါအစည်းအဝေးနှင့်အတူ ဆက်စပ်အစည်းအဝေးများဖြစ်သည့်  (၁၆)ကြိမ်မြောက် အာဆီယံနိုင်ငံများနှင့် ဂျပန်နိုင်ငံမူပိုင်ခွင့်ရုံးတို့၏ ဌာနကြီးမှူးများ တွေ့ဆုံသည့် အစည်းအဝေးနှင့် အာဆီယံမူပိုင်ခွင့်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက် မူဘောင်နှင့်စပ်လျဉ်းသည့် အစည်းအဝေးများတွင် ပါဝင်တက်ရောက်သွားမည် ဖြစ်ကြောင်း  သတင်းရရှိပါသည်။