သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) ၌ စာပေနှင့်အနုပညာမူပိုင်ခွင့်ဆိုင်ရာအသိပညာပေး ဆွေးနွေးပို့ချ

   စာပေနှင့်အနုပညာမူပိုင်ခွင့်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၈ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်၌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမျိုးသားယဉ်ကျေးမှု နှင့်အနုပညာတက္ကသိုလ် (ရန်ကုန်) တွင်  ကျင်းပပြုလုပ်ခဲ့ပါသည်။ 
   အဆိုပါအသိပညာပေးဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားတွင် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)မှ ပါမောက္ခချုပ် ဒေါက်တာကေသီထွေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်တွင် သင်ကြားပို့ချလျက်ရှိသည့် စာပေနှင့်အနုပညာဆိုင်ရာ ဘာသာရပ်အသီးသီးတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား အနုပညာဆိုင်ရာဖန်တီးမှုများ၏ မူပိုင်ခွင့်နှင့်စပ်လျဉ်း၍ အသိပညာဗဟုသုတများ ရရှိစေရေးအတွက် စာပေနှင့်အနုပညာမူပိုင်ခွင့်ဆိုင်ရာ ဟောပြောပွဲကို ကျင်းပရခြင်းဖြစ်ပါကြောင်း၊ စာပေနှင့်အနုပညာဖန်တီးသူများမှ  မိမိဖန်တီးမှုများအတွက် ရရှိနိုင်မည့် မူပိုင်ခွင့်ဆိုင်ရာအခွင့်အရေးများ၊ မူပိုင်ခွင့်ဖြင့်အကာအကွယ်ယူမှုများ၊ မူပိုင်ခွင့်ချိုးဖောက်မှုများအား သိရှိထားသင့်ပါကြောင်း၊ နိုင်ငံတော်မှ မူပိုင်ခွင့်ဆိုင်ရာဥပဒေများ၊ နည်းဥပဒေများအားလည်း ပြဋ္ဌာန်းပြီး ဖြစ်သည့်အတွက် ဥပဒေ၊ နည်းဥပဒေဆိုင်ရာပြဋ္ဌာန်းချက်များကိုလည်း သိရှိသင့်ပါကြောင်း၊  ယနေ့ ဆွေးနွေးဟောပြောပို့ချမှုများမှ အသိပညာဗဟုသုတများရရှိပြီး မိမိဖန်တီးမှုများအတွက် မူပိုင်ခွင့်ဆိုင်ရာ အကျိုးကျေးဇူးများရရှိစေရန်နှင့် ပိုမိုကောင်းမွန်သည့် အနုပညာလက်ရာများဖန်တီး ထုတ်လုပ်နိုင်ရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

   ဆက်လက်၍ မူပိုင်ခွင့်ဦးစီးဌာန၊ စာပေနှင့်အနုပညာမူပိုင်ခွင့်ဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာနွယ်ရီဝင်းက စာပေနှင့်အနုပညာမူပိုင်ခွင့်ဆိုင်ရာ သိကောင်းစရာများနှင့် စာပေနှင့်အနု ပညာ မူပိုင်ခွင့်ဆိုင်ရာဥပဒေအကြောင်း အသေးစိတ် ဆွေးနွေးပို့ချခဲ့ပါသည်။
    ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက သက်ဆိုင်ရာ အနုပညာကဏ္ဍအလိုက် သိရှိလိုသည်များကို မေးမြန်းခဲ့ကြပါသည်။ အဆိုပါအခမ်းအနားသို့ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (ရန်ကုန်)မှ ဆရာ၊ ဆရာမများ နှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၀၀ ခန့် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။