မတ်ပဲလွတ်လပ်စွာ တင်သွင်းခွင့်ပြုသည့်ကာလအား တိုးမြှင့်ကြောင်းအိန္ဒိယအစိုးရမှ ကြေညာချက်ထုတ်ပြန်

 

              အိန္ဒိယနိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေးနှင့်စက်မှုဝန်ကြီးဌာန၊ အိန္ဒိယကူးသန်းရောင်းဝယ်ရေး ဌာနသည်  မတ်ပဲအား လွတ်လပ်စွာတင်သွင်းခွင့်ပြုသည့်ကာလကို ၂၀၂၆ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့ အထိ တိုးမြှင့်သတ်မှတ်ကြောင်း အမိန့်ကြော်ငြာစာအမှတ် (၆၄/၂၀၂၄-၂၅) ဖြင့် ၂၀၂၅ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့ပါသည်။

              အိန္ဒိယနိုင်ငံသည် ယခင်နှစ်က မတ်ပဲနှင့် ပဲစင်းငုံလွတ်လပ်စွာတင်သွင်းခွင့်ကြေညာချက်ကို တစ်ပြိုင်တည်းကြေညာလေ့ရှိသော်လည်း ယခုနှစ်တွင် ပဲစင်းငုံ လွတ်လပ်စွာ တင်သွင်းခွင့်ကို အမိန့် ကြော်ငြာစာအမှတ် (၅၁/၂၀၂၄-၂၅) ဖြင့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ထုတ်ပြန်ကြေညာ ခဲ့ပြီး မတ်ပဲအား လွတ်လပ်စွာတင်သွင်းခွင့်အား ထုတ်ပြန်ခဲ့ခြင်း မရှိခဲ့သဖြင့် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး လမ်းညွှန်ချက်ဖြင့် နှစ်နိုင်ငံတာဝန်ရှိသူများအကြား တွေ့ဆုံဆွေးနွေးခြင်း၊ သံတမန်လမ်းကြောင်းမှ  ညှိနှိုင်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

              ယခုကဲ့သို့ မတ်ပဲအား လွတ်လပ်စွာတင်သွင်းခွင့်ပြုခြင်းကို ၂၀၂၆ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့ အထိ တိုးမြှင့်သတ်မှတ်ခဲ့ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ခြင်းသည် နှစ်နိုင်ငံညှိနှိုင်းဆွေးနွေးမှုများ၏ အောင်မြင်မှုရလဒ်တစ်ခုဖြစ်ပါသည်။

          အိန္ဒိယအစိုးရက ပဲစင်းငုံနှင့် မတ်ပဲလွတ်လပ်စွာတင်သွင်းခွင့်ပြုသည့်ကာလအား ၂၀၂၆ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အထိ တိုးမြှင့်သတ်မှတ်လိုက်ခြင်းဖြင့် မြန်မာ့ပဲစိုက်တောင်သူများ၊ ပဲကုန်သည် လုပ်ငန်းရှင်များ ဈေးကွက်ခိုင်မာမှုရှိခြင်း၊ ဈေးကွက်ဈေးနှုန်းမှန်ကန်စွာရရှိနိုင်ခြင်း၊ ပဲစိုက်တောင်သူများ ဝင်ငွေတိုးတက်စေပြီး ကွင်းဆက်တလျှောက်လုံးအတွက် အကျိုးရှိစေသကဲ့သို့ အိန္ဒိယနိုင်ငံဘက်မှ ပဲတင်သွင်းသူများ၊ ကုန်ကြမ်းမှကုန်ချောအဖြစ် ထုတ်လုပ်သူစက်မှုလုပ်ငန်းရှင်များ၊ စားသုံးသူပြည်သူ များအတွက်ပါ အကျိုးရှိစေခြင်း၊ ကုန်သည်လုပ်ငန်းရှင်များအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ခြင်းတို့ကြောင့် နှစ်နိုင်ငံ ကုန်သွယ်မှုကဏ္ဍ ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း သုံးသပ်ရရှိပါသည်။