စာပေနှင့်အနုပညာ မူပိုင်ခွင့်မှတ်ပုံတင်ခြင်းဆိုင်ရာ ကိုယ်စားလှယ်သင်တန်း အမှတ်စဉ်(၁/၂၀၂၅) ဖွင့်လှစ်ကျင်းပ
နေပြည်တော်၊ ဖေဖော်ဝါရီလ ၁၇ ရက်
မူပိုင်ခွင့်ဦးစီးဌာန၏ စာပေနှင့်အနုပညာမူပိုင်ခွင့်မှတ်ပုံတင်ခြင်းဆိုင်ရာ ကိုယ်စားလှယ်သင်တန်း အမှတ်စဉ် (၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာန၊ ရုံးအမှတ်(၅၂)၌ Virtual စနစ်ဖြင့် ကျင်းပခဲ့ရာ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်က အဖွင့်အမှာစကားပြောကြားခဲ့သည်။
အဆိုပါသင်တန်းတွင် ညွှန်ကြားရေးမှူးချုပ်က မူပိုင်ခွင့်ဦးစီးဌာနအနေဖြင့် ယခုလို ကိုယ်စားလှယ် သင်တန်းများကို ဖွင့်လှစ်ပေးရသည့် ရည်ရွယ်ချက်မှာ စာပေနှင့်အနုပညာမူပိုင်ခွင့် မှတ်ပုံတင်လျှောက်ထားလိုသည့် ပုဂ္ဂိုလ်များအနေဖြင့် မှတ်ပုံတင်လျှောက်ထားခြင်းလုပ်ငန်းစဉ်များကို ၎င်းတို့ကိုယ်တိုင် မဆောင်ရွက်နိုင်ပါကလည်း ကိုယ်စားလှယ်လွှဲအပ်၍ ဆောင်ရွက်ခြင်းဖြင့် လျှောက်ထားသူများအတွက် အဆင်ပြေချောမွေ့စေရန်နှင့် ကိုယ်စားလှယ်အဖြစ် လုပ်ကိုင်လိုသူများအနေဖြင့်လည်း အလုပ်အကိုင် အခွင့်အလမ်းများရရှိခြင်းဖြင့် နှစ်ဦးနှစ်ဖက် အကျိုးရှိစေမည်ဖြစ်ပါကြောင်း၊ စာပေနှင့်အနုပညာမူပိုင်ခွင့် ဥပဒေကို ၂၀၁၉ ခုနှစ်၊ မေလ ၂၄ ရက်နေ့မှာ အတည်ပြုပြဋ္ဌာန်းခဲ့ပြီး ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့တွင် အာဏာသက်ဝင်ခဲ့ပါကြောင်း၊ စာပေနှင့်အနုပညာမူပိုင်ခွင့်မှတ်ပုံတင် လျှောက်ထားချက် များကို စာပေနှင့်အနုပညာမူပိုင်ခွင့် အီလက်ထရောနစ်မှတ်ပုံတင်စနစ် (CRFile System) မှလည်း ကောင်း၊ လျှောက်လွှာလက်ခံဌာနများမှလည်းကောင်း ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၉ ရက်နေ့မှစတင်၍ လက်ခံဆောင်ရွက်ခဲ့ပါကြောင်း၊ အဆိုပါ သင်တန်းကို တက်ရောက်ခြင်းဖြင့် စာပေနှင့်အနုပညာမူပိုင်ခွင့် နှင့်စပ်လျဉ်း၍ ကောင်းစွာသိရှိနားလည်ပြီး စာပေနှင့်အနုပညာမူပိုင်ခွင့် မှတ်ပုံတင်လျှောက်ထားခြင်းများ ဆောင်ရွက်ရာတွင် မှန်ကန်တိကျစွာ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ကိုယ်စားလှယ်များအနေဖြင့် သင်တန်းမှပို့ချခဲ့သည့် စာပေနှင့်အနုပညာမူပိုင်ခွင့် မှတ်ပုံတင်လျှောက်ထားခြင်းများနှင့်စပ်လျဉ်း၍ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် ကိုယ်စားလှယ်တစ်ဦးအနေဖြင့် ထားရှိရမည့်ကျင့်ဝတ်များကို သိရှိနားလည်ပြီး စာပေနှင့်အနုပညာမူပိုင်ခွင့် မှတ်ပုံတင်လျှောက်ထားမည့် ပုဂ္ဂိုလ်များအား ကောင်းမွန်သော ဝန်ဆောင်မှုများပေးနိုင်ရန်အတွက် ရည်ရွယ်ကျင်းပရခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
အဆိုပါသင်တန်းတွင် သက်ဆိုင်ရာဘာသာရပ်တာဝန်ခံများက စာပေနှင့်အနုပညာမူပိုင်ခွင့် အကြောင်းသိကောင်းစရာများ၊ စာပေနှင့်အနုပညာ မူပိုင်ခွင့်ဥပဒေ၊ စာပေနှင့်အနုပညာလက်ရာများ၊ ဆက်နွှယ်သည့်အခွင့်အရေးဆိုင်ရာကိစ္စရပ်များကို မှတ်ပုံတင်ခြင်းဆိုင်ရာနည်းဥပဒေ၊ စာပေနှင့်အနုပညာမူပိုင်ခွင့် မှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်းသည့် လျှောက်လွှာများနှင့် အခကြေးငွေများ၊ မူပိုင်ခွင့်နှင့် အပြည်ပြည် ဆိုင်ရာ စာချုပ်များအကြောင်းသိကောင်းစရာများ၊ စာပေနှင့်အနုပညာမူပိုင်ခွင့် မှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်းသည့် လျှောက်လွှာများအား ရှင်းလင်းဆွေးနွေးခြင်း၊ စာပေနှင့်အနုပညာ မူပိုင်ခွင့်မှတ်ပုံတင်ခြင်းအတွက် Copyright Registration System အသုံးပြုမှု နည်းပညာပိုင်းဆိုင်ရာ ရှင်းလင်းဆွေးနွေးခြင်းများနှင့်စပ်လျဉ်း၍ ကိုယ်စားလှယ်များ သိရှိလိုက်နာသင့်သည့် အကြောင်းအရာများကို သင်ကြားပို့ချပေးသွားမည်ဖြစ်ပါသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားသို့ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ သင်တန်းသား/သူများ တက်ရောက်ကြသည်။ အဆိုပါသင်တန်းကို ဖေဖော်ဝါရီလ ၁၇ ရက် နေ့မှ ၂၁ ရက် နေ့ထိ(၅)ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းသား/သူ စုစုပေါင်း(၆၅)ဦးနှင့် တက်ရောက်ကြကြောင်း သတင်းရရှိသည်။