တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ထိန်းချုံးမြို့တွင် ကျင်းပပြုလုပ်သည့် ထိန်းချုံးသိပ္ပံ ပညာရှင်များ ဖိုရမ်သို့ မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တက်ရောက်ခြင်း

နေပြည်တော်၊  ဒီဇင်ဘာလ ၅

    ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့မှ ၈ ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ထိန်းချုံးမြို့ တွင် ကျင်းပပြုလုပ်သည့် “ထိန်းချုံးသိပ္ပံပညာရှင်များဖိုရမ်” သို့ မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တက်ရောက်လျက်ရှိပါသည်။

    အဆိုပါ ဖိုရမ်ကို တောင်အာရှနှင့်အရှေ့တောင်အာရှနိုင်ငံများအတွင်း သိပ္ပံနှင့်နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်၊ ရေရှည်တည်တံ့သော စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန်၊ ဖန်တီးနိုင်စွမ်းရှိသည့် လူငယ်များအား  တီထွင်ကြံဆလိုသည့် စိတ်ဓာတ်များဖြစ်ပေါ် လာရေး အားပေးမြှင့်တင်ရန်၊ မူပိုင်ခွင့်ဆိုင်ရာအသိပညာအား ဖြန့်ဝေနိုင်ရန်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် တောင်အာရှနှင့်အရှေ့တောင်အာရှနိုင်ငံများရှိ တက္ကသိုလ်များ၊ စက်မှုလုပ်ငန်းများနှင့် အစိုးရတို့အကြား မူပိုင်ခွင့်ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များကို  အပြန်အလှန်ဆွေးနွေးနိုင်ရန် ရည်ရွယ်၍ ကျင်းပခြင်း ဖြစ်ပါသည်။

    အဆိုပါ ဖိုရမ်နှင့်အတူ တောင်အာရှနှင့်အရှေ့တောင်အာရှနိုင်ငံများအတွင်း မူပိုင်ခွင့်ဆိုင်ရာ တီထွင်ဆန်းသစ်မှုများ၊ ပူးပေါင်းဆောင်ရွက်မှုများနှင့်စပ်လျဉ်းသည့် နိုင်ငံတကာဆွေးနွေးပွဲကို ပူးတွဲ ကျင်းပလျက်ရှိပြီး၊ အဆိုပါ ဆွေးနွေးပွဲတွင် မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က Keynote Speaker အဖြစ် ပါဝင်ဆောင်ရွက်လျက်ရှိပါကြောင်း သတင်းရရှိပါသည်။