စက်မှုဒီဇိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာ ကိုယ်စားလှယ်သင်တန်းအမှတ်စဉ် (၁/၂၀၂၄) ဖွင့်လှစ်

နေပြည်တော်၊ မေလ ၂၇
   မူပိုင်ခွင့်ဦးစီးဌာန၏ စက်မှုဒီဇိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာ ကိုယ်စားလှယ်သင်တန်းအမှတ်စဉ် (၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ မေလ ၂၇ ရက်နေ့တွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာန၊ ရုံးအမှတ်(၅၂)၌ Virtual စနစ်ဖြင့်ကျင်းပခဲ့ရာ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာ မိုးမိုးသွယ်က အဖွင့်အမှာစကား ပြောကြားသည်။
   အဆိုပါသင်တန်းကို မူပိုင်ခွင့်ဦးစီးဌာနမှ ကိုယ်စားလှယ်ဆောင်ရွက်ခွင့် (WIPO File Account) ရရှိထားသူများနှင့် စက်မှုဒီဇိုင်းမှတ်ပုံတင်ခြင်းများ လက်ခံဆောင်ရွက်ရာတွင် လျှောက်ထားသူများ ကိုယ်စားဆောင်ရွက်မည့် ကိုယ်စားလှယ်များအား စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေ၊ နည်းဥပဒေနှင့် စက်မှုဒီဇိုင်း အကြောင်း၊ စက်မှုဒီဇိုင်းမှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်းသည့် သတ်မှတ်ချက်များ၊ ကန့်သတ်ချက်များအား ပြည့်စုံစွာသိရှိနားလည်ပြီး အဆင်ပြေချော့မွေ့စွာလျှောက်ထားနိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်း ဖြစ်ပါသည်။ 
   စက်မှုဒီဇိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာ ကိုယ်စားလှယ်သင်တန်းကို ၂၀၂၃ ခုနှစ်တွင် ပထမအကြိမ်ဖွင့်လှစ်ခဲ့ပြီး၊ ယခု ၂၀၂၄ ခုနှစ်တွင် ဒုတိယအကြိမ် ထပ်မံဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း၊ “စီးပွားရေး ဂေဟစနစ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ခေတ်မီကောင်းမွန်သော မူပိုင်ခွင့်စနစ် ဖွံ့ဖြိုးတိုးတက်လာစေရန်” ဆိုသည့် ရည်မှန်းချက်နှင့်အညီ မြန်မာနိုင်ငံတွင် မူပိုင်ခွင့်စနစ်တရပ် ဖွံ့ဖြိုးတိုးတက် လာစေရေးကို အကောင်အထည်ဖော်ဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း၊ မူပိုင်ခွင့်ဦးစီးဌာန၏ အဓိက လုပ်ငန်းဖြစ်သည့် မူပိုင်ခွင့်မှတ်ပုံတင်ခြင်းလုပ်ငန်းတွေကို အောင်မြင်စွာ ဆောင်ရွက်နိုင်မည့်အပြင် မြန်မာနိုင်ငံတွင် မူပိုင်ခွင့်စနစ်တစ်ရပ်ကို ထူထောင်ရန်အတွက်လည်း ကြိုးပမ်းဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ပြည်တွင်းမှတ်ပုံတင်စနစ်ကို ထူထောင်ရုံသာမက နောင်အခါတွင် အပြည်ပြည်ဆိုင်ရာမှတ်ပုံတင်စနစ်(International Filing System)ကိုလည်း ကျင့်သုံးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ သင်တန်းတွင် မူပိုင်ခွင့်နှင့်အပြည်ပြည်ဆိုင်ရာ စာချုပ်များအကြောင်း သိကောင်းစရာများ၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေ၊ နည်းဥပဒေနှင့် စက်မှုဒီဇိုင်းအကြောင်းသိကောင်းစရာများ၊ မှတ်ပုံတင်ခွင့်ရှိသော စက်မှုဒီဇိုင်းနှင့် မှတ်ပုံတင်ခွင့်မရှိသော စက်မှုဒီဇိုင်းအကြောင်း၊ စက်မှုဒီဇိုင်း မှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း သည့် လျှောက်လွှာများနှင့် အခကြေးငွေများ၊ စက်မှုဒီဇိုင်း မှတ်ပုံတင် လျှောက်ထားခြင်းဆိုင်ရာ လျှောက်လွှာပုံစံများအား ရှင်းလင်းခြင်း၊ အပြည်ပြည်ဆိုင်ရာ စက်မှုဒီဇိုင်း အမျိုးအစားခွဲခြားခြင်း၊ Online Filing စနစ်ဖြင့် စက်မှုဒီဇိုင်းမှတ်ပုံတင်လျှောက်ထားခြင်းအတွက် နည်းပညာပိုင်းဆိုင်ရာ သိကောင်းစရာများ၊  ကိုယ်စားလှယ်တစ်ဦး၏ အခန်းကဏ္ဍ၊ မှတ်ပုံတင်လျှောက်ထားခြင်းနှင့်စပ်လျဉ်း ၍ ကိုယ်စားလှယ်များ သိရှိလိုက်နာသင့်သည့်အချက်များကို သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။
   အဆိုပါ သင်တန်းကို ၂၀၂၄ ခုနှစ်၊ မေလ (၂၇) ရက်နေ့မှ (၃၁)ရက်နေ့ထိ (၅)ရက်ကြာ ဖွင့်လှစ် သင်ကြားသွားမည်ဖြစ်ပြီး သင်တန်းသား/သူ စုစုပေါင်း (၄၃)ဦးနှင့် လေ့လာသူ(၂)ဦး တက်ရောက်ကြ ကြောင်း သတင်းရရှိသည်။