မြန်မာနိုင်ငံ မူပိုင်ခွင့်ဦးစီးဌာနနှင့် အင်ဒိုနီးရှားနိုင်ငံ မူပိုင်ခွင့်ရုံးတို့ ပူးပေါင်းဆောင်ရွက်သည့် ကုန်အမှတ်တံဆိပ်စစ်ဆေးခြင်းဆိုင်ရာ သင်တန်းဖွင့်လှစ်

နေပြည်တော်၊ မေလ ၂၇
   မြန်မာနိုင်ငံ မူပိုင်ခွင့်ဦးစီးဌာနနှင့် အင်ဒိုနီးရှားနိုင်ငံ မူပိုင်ခွင့်ရုံးတို့ ပူးပေါင်းဆောင်ရွက်သည့် ကုန်အမှတ်တံဆိပ်စစ်ဆေးခြင်းဆိုင်ရာ သင်တန်းကို ၂၀၂၄ ခုနှစ်၊ မေလ ၂၇ ရက်နေ့နံနက် ၉:၀၀ နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာန၊ ရုံးအမှတ် (၅၂) ၌ Virtual စနစ်ဖြင့် ကျင်းပခဲ့သည်။
    အဆိုပါ သင်တန်းကို မြန်မာနိုင်ငံမူပိုင်ခွင့်ဦးစီးဌာနမှ ကုန်အမှတ်တံဆိပ်စစ်ဆေးနေသည့် အရာထမ်း၊ အမှုထမ်းများအတွက် ကုန်အမှတ်တံဆိပ်မှတ်ပုံတင်လျှောက်ထားချက်များနှင့် အမှတ်တံဆိပ်များစစ်ဆေးခြင်းတို့နှင့်စပ်လျဉ်း၍ မှန်ကန်မြန်ဆန်စွာဆောင်ရွက်နိုင်ရေးနှင့် အမှတ်တံဆိပ်မူပိုင်ခွင့် လျှောက်ထားချက်များအတွက် စစ်ဆေးခြင်းရလဒ်များကို လျှောက်ထားသူများထံသို့ တိကျမြန်ဆန်စွာ စစ်ဆေးထုတ်ပြန်နိုင်ရေးအတွက် စစ်ဆေးရေးအရာရှိများအား ကျွမ်းကျင်မှုရှိစေရန်နှင့် အရည်အချင်းမြှင့်တင်ပေးရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပါသည်။
    အဆိုပါ ကုန်အမှတ်တံဆိပ်စစ်ဆေးခြင်းဆိုင်ရာသင်တန်းသို့ မြန်မာနိုင်ငံ မူပိုင်ခွင့်ဦးစီးဌာန မှ ကုန်အမှတ်တံဆိပ်စစ်ဆေးသည့် အရာထမ်း၊ အမှုထမ်းများ စုစုပေါင်း (၄၀)ဦး တက်ရောက်ခဲ့ ကြသည်။ အဆိုပါ သင်တန်းကို ၂၇-၅-၂၀၂၄ ရက်နေ့မှ ၃၁-၅-၂၀၂၄ ရက်နေ့အထိ (၅)ရက်ကြာ သင်ကြားပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။