“(၇၈) ကြိမ်မြောက် အာဆီယံမူပိုင်ခွင့်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းအဖွဲ့ အစည်းအဝေး နှင့်ဆက်စပ်အစည်းအဝေးများ” သို့ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တက်ရောက်

နေပြည်တော်၊ ဧပြီလ ၆
အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီမြို့တွင် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက်နေ့မှ ၁၀ ရက်နေ့အထိ ကျင်းပ ပြုလုပ်သည့် “(၇၈) ကြိမ်မြောက် အာဆီယံမူပိုင်ခွင့်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်း အဖွဲ့ အစည်းအဝေး နှင့်ဆက်စပ်အစည်းအဝေးများ (78th ASEAN Working Group on Intellectual Property Cooperation and Related Meetings)” သို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တက်ရောက်လျက်ရှိပါသည်။
အဆိုပါအစည်းအဝေးကို အာဆီယံဒေသတွင်း မူပိုင်ခွင့်ဆိုင်ရာ လုပ်ငန်းစီမံချက် (၂၀၂၆-၂၀၃၀) အရ အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ အာဆီယံဒေသတွင်း မူပိုင်ခွင့် ဆိုင်ရာ လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍  နိုင်ငံတကာအဆင့်မီ ဖွံ့ဖြိုးတိုးတက်နိုင်စေရေး လုပ်ငန်းစဉ်များ၊  အာဆီယံဒေသတွင်း မူပိုင်ခွင့်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ မူပိုင်ခွင့်ရုံး အသီးသီးမှ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များကို တင်ပြဆွေးနွေးဖလှယ်ခြင်း၊ မူပိုင်ခွင့်ဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ်များကို တင်ပြတောင်းဆိုနိုင်ရေးဆွေးနွေးခြင်း၊ အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ မူပိုင်ခွင့်ရုံးများအနေဖြင့် မူပိုင်ခွင့်ဆိုင်ရာ လက်တွေ့ဆောင်ရွက်နေမှုများကို လေ့လာနိုင်ခြင်းနှင့် မူပိုင်ခွင့်ရုံးများ၏ ဌာနအကြီးအကဲများနှင့်အတူ တွေ့ဆုံဆွေးနွေးခြင်းစသည့် မူပိုင်ခွင့်ဆိုင်ရာ ဖွံ့ဖြိုး တိုးတက်စေရေး ပူးပေါင်းဆောင်ရွက်မှုများကို ပြုလုပ်နိုင်ရန် ရည်ရွယ်၍ ကျင်းပခြင်း ဖြစ်ပါသည်။
မြန်မာနိုင်ငံ၊ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ အနေဖြင့် ဆက်စပ်အစည်းအဝေးများဖြစ်သည့် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့တွင် ကမ္ဘာ့မူပိုင်ခွင့် အဖွဲ့မှ ကြီးမှူးကျင်းပမည့် မူပိုင်ခွင့်ရုံးတို့၏ ဌာနကြီးမှူးများ တွေ့ဆုံသည့် အစည်းအဝေး၊ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၈ ရက်နေ့တွင် အာဆီယံ- ဩစတေးလျ-နယူးဇီလန် လွတ်လပ်သော ကုန်သွယ်မှုနှင့် စပ်လျဉ်းသည့် မူပိုင်ခွင့်ဆိုင်ရာအစည်းအဝေး၊ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့တွင် အာဆီယံ-ဥရောပသမဂ္ဂမူပိုင်ခွင့်ရုံးတို့၏ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်ဖြင့် ကျင်းပမည့် မူပိုင်ခွင့်ဆိုင်ရာ ကော်မတီအစည်းအဝေးနှင့်   မူပိုင်ခွင့်ဆိုင်ရာ တန်ဖိုးဖြတ်ခြင်းနှင့် ငွေကြေးထောက်ပံ့ခြင်းဆိုင်ရာ အစည်းအဝေးများတွင် ပါဝင်တက်ရောက်သွားမည်ဖြစ်ပါကြောင်း သတင်းရရှိသည်။