နည်းပညာတက္ကသိုလ်(ပုသိမ်)နှင့် ကွန်ပျူတာတက္ကသိုလ် (ပုသိမ်)တို့မှ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအတွက် မူပိုင်ခွင့်ဆိုင်ရာအသိပညာပေးဆွေးနွေးပွဲ ကျင်းပ

နေပြည်တော်၊ ဇူလိုင်လ ၁၅ 
    နည်းပညာတက္ကသိုလ်(ပုသိမ်)နှင့် ကွန်ပျူတာတက္ကသိုလ်(ပုသိမ်)တို့မှ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအတွက် မူပိုင်ခွင့်ဆိုင်ရာအသိပညာပေးဆွေးနွေးပွဲကို ၂၀၂၆ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့၌ နည်းပညာတက္ကသိုလ်(ပုသိမ်)တွင် ကျင်းပခဲ့ရာ ဆရာ/ဆရာမ များနှင့် ကျောင်းသား/ ကျောင်းသူများစုစုပေါင်း ၄၀၀ ဦးခန့် တက်ရောက်ခဲ့သည်။
   ဆွေးနွေးပွဲတွင် နည်းပညာတက္ကသိုလ်(ပုသိမ်)မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာကျော်သူရက  အဖွင့်အမှာစကားပြောကြားခဲ့ပြီး မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်က မြန်မာနိုင်ငံတွင် မူပိုင်ခွင့်စနစ်တစ်ရပ် အကောင်အထည်ဖော်နိုင်ရေးအတွက် မူပိုင်ခွင့်ဥပဒေများ ကို ၂၀၁၉ ခုနှစ်တွင် အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့ပါကြောင်း၊ မူပိုင်ခွင့်စနစ်သည် နိုင်ငံ၏စီးပွားရေး၊ ပညာရေး၊ ယဉ်ကျေးမှုနှင့် ကျန်းမာရေးစသည့်ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရန် အထောက်အပံ့ ဖြစ်စေသည့်အတွက် အမျိုးသားအဆင့်မူပိုင်ခွင့်ဆိုင်ရာမဟာဗျူဟာများ ချမှတ်ပြီး မဟာဗျူဟာပါ လုပ်ငန်းစဉ်များအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မူပိုင်ခွင့်အသိပညာ ဖြန့်ဝေခြင်း အခန်းကဏ္ဍသည်လည်း လုပ်ငန်းစဉ်တစ်ရပ်အနေဖြင့်ပါရှိသည့်အတွက် တက္ကသိုလ်၊ ကောလိပ်များ၊ သုတေသနဌာနများကို အသိပညာများ ဖြန့်ဝေလျက်ရှိပါကြောင်း၊ မူပိုင်ခွင့်ဦးစီး ဌာနအနေဖြင့် တီထွင်ဆန်းသစ်မှုသုတေသနလုပ်ငန်းများ မြှင့်တင်နိုင်စေရန် ရည်ရွယ်၍ နည်းပညာ နှင့်တီထွင်ဆန်းသစ်မှုအထောက်အကူပြုစင်တာ(TISC)များ တည်ထောင်ရန် နားလည်မှုစာချွန်လွှာများကို ၂၀၂၆ ခုနှစ် ဇွန်လ ၁၁ ရက်နေ့တွင် ဦးစီးဌာန ၅ ခု၊ တက္ကသိုလ် ၃၀ ခုဖြင့် လက်မှတ်ရေး ထိုးနိုင်ခဲ့ပြီး အဆိုပါ (TISCs) စင်တာ ၃၅ ခုနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ နည်းပညာအဆင့်အတန်းနှင့် တီထွင် ဆန်းသစ်မှုများ မြင့်မားလာစေရန်၊ နည်းပညာများ အလွယ်တကူ ရယူအသုံးပြုနိုင်ရန်နှင့် တီထွင်ဖန်တီးမှုများမှ မူပိုင်ခွင့်စနစ်ကို အသုံးပြု၍ ဈေးကွက်ဝင်ထုတ်ကုန်များ ထုတ်လုပ်နိုင်စေရန်အတွက် နည်းပညာနှင့်တီထွင်ဆန်းသစ်မှုအထောက်အကူပြုစင်တာ(TISCs)များ တည်ထောင်ခြင်းကို တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့ပါသည်။
    ထို့နောက် မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာစိမ့်သန္တာထွန်းက မူပိုင်ခွင့်အကြောင်းသိကောင်းစရာနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ရာ မူပိုင်ခွင့်အမျိုးအစားများ၊ အကာအကွယ်ရယူခြင်းကြောင့်ရရှိနိုင်မည့် အခွင့်အရေးများ၊ တက္ကသိုလ်များမှ သုတေသနပြုလုပ်ခြင်း ဖြင့် ရရှိလာသော တီထွင်ဆန်းသစ်မှုများအား ယင်းတို့နှင့်သက်ဆိုင်သည့် မူပိုင်ခွင့် အကာအကွယ်ရယူ၍ လက်တွေ့စီးပွားရေးနယ်ပယ်တွင်အသုံးချတတ်စေရန်နှင့် မူပိုင်ခွင့်စီမံခန့်ခွဲမှုဆိုင်ရာ သိရှိသင့်သည့်အချက်များအား ဥပမာများနှင့်တကွ ရှင်းလင်းဆွေနွေးခဲ့ပါသည်။ ထို့နောက် တက်ရောက်လာကြသော ကျောင်းသား/ ကျောင်းသူများနှင့် ဆရာ/ ဆရာမများက မိမိတို့ဖန်တီးထားသည့် အရာများအပေါ် မူပိုင်ခွင့်ရရှိနိုင်မှု ရှိ/မရှိနှင့်စပ်လျဉ်း၍ မေးမြန်းခြင်းအပေါ် ပြန်လည်ရှင်းလင်း ဆွေးနွေးကာ ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့ကြောင်းသတင်းရရှိသည်။