အာဆီယံ

အရှေ့တောင်အာရှနိုင်ငံများအသင်း 

(Association of South East Asia Nations-ASEAN)

 

နောက်ခံသမိုင်း

၁။  ၁၉၄၅ ခုနှစ်တွင် ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးသွားခဲ့သော်လည်း အရှေ့အုပ်စုနှင့် အနောက်အုပ်စုတို့သည် ဝါဒရေးရာယှဉ်ပြိုင်မှုကြောင့် စစ်အေးကာလ ပေါ်ပေါက်ခဲ့သည်။ စစ်အေးကာလတွင် အာရှတိုက်၌ အမေရိကန် ဦးဆောင်သည့် အနောက်အုပ်စုသည် တရုတ် ပြည်သူ့သမ္မတနိုင်ငံကို ဝန်းရံသည့် မဟာဗျူဟာကျင့် သုံးပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများတွင် စစ်စခန်းများချကာ ယင်းနိုင်ငံများနှင့် မဟာမိတ်စာချုပ်များချုပ်ဆိုခဲ့ပါသည်။ ၁၉၅၀-၅၁ ၌ ကိုရီးယားနိုင်ငံတွင် ဒေသဆိုင်ရာစစ်ကြီးဖြစ်ပွားပြီး တောင်- မြောက်ကိုရီးယားနိုင်ငံအဖြစ် ကွဲထွက်သွားခဲ့ပါသည်။ ယင်းကာလတွင် အရှေ့တောင်အာရှကုန်သွယ်ရေးစာချုပ်အဖွဲ့ (SEATO) ဟူသော စစ်မဟာမိတ်စာချုပ်ကို အိမ်နီးချင်းနိုင်ငံများက အမေရိကန်နိုင်ငံနှင့် ချုပ်ဆိုခဲ့ကြပါသည်။

၂။       ထိုစဉ်အခါက မြန်မာနိုင်ငံသည် အရှေ့အနောက်အုပ်စု ဝါဒယှဉ်ပြိုင်မှုတွင် ပါဝင်ပတ်သက်ခြင်းမရှိဘဲ ကြားနေရေးမူဝါဒကို ကျင့်သုံးခဲ့ပါသည်။ ထို့အပြင် ၁၉၅၄ ခုနှစ်တွင် တရုတ်၊ အိန္ဒိယ နှင့် မြန်မာတို့ ပူးပေါင်း၍ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅)ရပ်ကို ချမှတ်ခဲ့ပါသည်။ ၁၉၅၅ ခုနှစ် ဘန်ဒေါင်းမြို့၌ ပြုလုပ်သည့် အာရှ-အာဖရိက ကွန်ဖရင့်တွင် အမြုတေခဲ့သည့် ဘက်မလိုက်လှုပ်ရှားမှု၏ အခြေခံမူများသည် အဆိုပါမူကြီး (၅) ရပ်ပေါ်တွင် အခြေခံပါသည်။

၃။     ၁၉၆၀ တွင် ဗီယက်နမ်နိုင်ငံ၌ ဒေသဆိုင်ရာစစ်ပွဲများ ကူးစက်ခဲ့ပါသည်။ ထိုအချိန်တွင် အင်ဒိုနီးရှားနှင့် မလေးရှားတို့သည် မလေးရှားနိုင်ငံထူထောင်မှုကြောင့် ထိပ်တိုက်ရင်ဆိုင်မှုပေါ်ပေါက်ခဲ့သကဲ့သို့ မလေးရှားနှင့် ဖိလစ်ပိုင်နိုင်ငံအကြားတွင်လည်း ဆားဗားနယ်မြေ အငြင်းပွားမှု ပေါ်ပေါက်ခဲ့ပါသည်။ ယင်းပြဿနာများကြောင့် အရှေ့တောင် အာရှနိုင်ငံများအကြား ဆက်ဆံရေး ပိုမိုဆိုးဝါးခြင်း မဖြစ်ပေါ်စေရေးအတွက် ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ကြရန် ကြိုးပမ်းခဲ့ကြရာ အာဆီယံမပေါ်ပေါက်မီ အရှေ့တောင်အာရှအသင်း (Association of Southeast Asia) နှင့် မာဖီလင်ဒို (Maphilindo) ဟုခေါ်သည့် မလေးရှား၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနိုင်ငံများအဖွဲ့စသည်တို့ကို တည်ထောင်ခဲ့ကြသော်လည်း ရေရှည် တည်တံ့ခိုင်မြဲခြင်းမရှိခဲ့ပါ။

၄။   ထိုစဉ်က ဒေသအတွင်းနိုင်ငံအချင်းချင်းအကြား ပေါ်ပေါက်ခဲ့သော ထိပ်တိုက်ရင်ဆိုင်မှု ပြဿနာတွင် ထိုင်းနိုင်ငံပါဝင်မှုမရှိခဲ့သော်လည်း အခြေအနေဆိုးဝါးလာပြီး စစ်ပွဲဖြစ်ပွားလာပါက ထိုင်းနိုင်ငံပါ စစ်မက်ဘေးဒဏ်လွတ်ကင်းနိုင်မည် မဟုတ်သည့်အပြင် ဒေသပြင်ပမှနိုင်ငံများ အနေဖြင့် ဒေသပြဿနာများတွင် ပါဝင်လာပါက အခြေအနေပိုမိုရှုပ်ထွေးနိုင်သည့် အလား အလာများ ရှိနေပါသည်။ ထို့ကြောင့်ဒေသတွင်းပြဿနာများ ပြေလည်မှုရရှိရန် အချင်းချင်း ညှိနှိုင်းအဖြေရှာရေးအတွက် ထိုစဉ်က ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာသာနတ် ကိုမန်းက ကွာလာလမ်ပူ၊ ဂျာကာတာ နှင့် မနီလာမြို့တော်များသို့ သွားရောက်ကာ ဆွေးနွေး အဖြေရှာရေးအတွက် ဘန်ကောက်မြို့တွင်တွေ့ဆုံကြရန် ကမ်းလှမ်းခဲ့ပါသည်။ ထိပ်တိုက်ရင်ဆိုင် လျှက်ရှိကြသည့် ပြဿနာများ အဖြေရရှိရေးအတွက် မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးများသည် ဘန်ကောက်မြို့တွင် တွေ့ဆုံဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။ ပြဿနာများ ပြေလည်မှုအတွက် သဘောတူညီမှုရခဲ့ပြီး အရှေ့တောင်အာရှအဖွဲ့ (ASA) မအောင်မြင်ခဲ့သည်ကို သုံးသပ်ပြီး ဒေသနိုင်ငံအချင်း ချင်း နိုင်ငံရေးနှင့်စစ်ရေးမှအပ ယဉ်ကျေးမှု၊ ပညာရေး၊ လူမှုရေး၊ စီးပွားရေးနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်ရေးအတွက် ဒေသအဖွဲ့အစည်းအသစ် ထူထောင်ရန်လိုကြောင်း ကမ်းလှမ်းဆွေးနွေးညှိနှိုင်းရာမှ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်္ကာပူနှင့် ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးများသည် ၁၉၆၇ ခုနှစ်၊ သြဂုတ်လတွင် ဒေသအဖွဲ့အစည်းအသစ် တည်ထောင်ရန် တွေ့ဆုံဆွေးနွေးညှိနှိုင်းသည့်အဆင့်သို့ ရောက်ရှိခဲ့ပါ သည်။ ၁၉၆၇ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့တွင် အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်္ကာပူ နှင့် ထိုင်းနိုင်ငံတို့သည် ဘန်ကောက်မြိ့ု၌ အရှေ့တောင်အာရှနိုင်ငံများအသင်း (Association of South East Asian Nations – ASEAN) ကို ဖွဲ့စည်းတည်ထောင်ခဲ့ကြပါသည်။

၅။     အာဆီယံ ဖွဲ့စည်းတည်ထောင်စဉ်ကပင် မြန်မာနိုင်ငံကို အာဆီယံအဖွဲ့အစည်းသို့ ဝင်ရောက်ရန် ဖိတ်ခေါ်ခဲ့ပါသည်။ သို့သော် စစ်အေးကာလဖြစ်နေခြင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ထိုင်းနှင့် ဖိလစ်ပိုင်နိုင်ငံတို့တွင် နိုင်ငံခြားစစ်စခန်းများရှိနေခြင်း၊ မြန်မာနိုင်ငံအနေဖြင့် တိကျသော ကြားနေရေးနှင့် ဘက်မလိုက်ဝါဒကို တိကျစွာလိုက်နာကျင့်သုံးနေခြင်းတို့ကြောင့် အာဆီယံသို့ဝင်ရောက်ခြင်းမပြုခဲ့ပါ။ အာဆီယံအဖွဲ့အနေဖြင့်စတင် တည်ထောင်စဉ်ကပင် အရှေ့တောင်အာရှနိုင်ငံ အားလုံးပါဝင်ရန် ရည်မှန်းချက်ရှိသဖြင့် မြန်မာနိုင်ငံကို အဖွဲ့ဝင်အဖြစ်ပါဝင်ရန် အလျဉ်းသင့် သလို တိုက်တွန်းခဲ့ပါသည်။

၆။     ၁၉၈၄ ခုနှစ်တွင် ဘရူနိုင်းနိုင်ငံသည် လွတ်လပ်ရေးရရှိပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်လာခဲ့ပါသည်။ စစ်အေးကာလလွန်မြောက်ပြီးနောက် ၁၉၉၅ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်နေ့တွင် ဗီယက်နမ်နိုင်ငံသည်လည်း အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်လာခဲ့ပါသည်။ ၁၉၉၂ ခုနှစ်၊ ဇူလိုင်လတွင် လာအိုနိုင်ငံဝ ၁၉၉၅ ခုနှစ်၊ ဇူလိုင်လတွင် ကမ္ဘောဒီးယားနိုင်ငံ၊ ၁၉၉၆ ခုနှစ်တွင် မြန်မာနိုင်ငံတို့ သည် လေ့လာသူနိုင်ငံအသီးသီးတို့ ဖြစ်လာခဲ့ပြီး ၁၉၉၇ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့တွင် လာအိုနှင့် မြန်မာနိုင်ငံတို့သည် အာဆီယံအဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့ပါ သည်။ ၁၉၉၉ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့တွင် ကမ္ဘောဒီးယားနိုင်ငံသည်လည်း အာဆီယံအဖွဲ့ဝင်ဖြစ်လာခဲ့သဖြင့် အာဆီယံအဖွဲ့တွင် အရှေ့တောင်အာရှနိုင်ငံ (၁၀)နိုင်ငံစလုံး ပါဝင်ခဲ့ပြီးဖြစ်ပါသည်။

ရည်ရွယ်ချက်

 ၇။      ကမ္ဘာ့ကုလသမဂ္ဂ၏မူအရ တရားမျှတရေး၊ ဥပဒေများနှင့်အညီ အရှေ့တောင်အာရှ ဒေသအတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်မှုရရှိရေးကို မြှင့်တင်ရန်အတွက် အရှေ့တောင်အာရှ နိုင်ငံများ အနေဖြင့် စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ နည်းပညာ၊ ပညာရေးနယ်ပယ်များ ပူးပေါင်းဆောင်ရွက်ရန်။

၈။       ထို့ကြောင့် လွတ်လပ်၍ ငြိမ်းချမ်းသည့် သယံဇာတပြည့်စုံသောဘဝသို့ ရောက်ရှိရန် ဆန္ဒတစ်ရပ်အနေ ဖြင့် အရှေ့တောင်အာရှနိုင်ငံများရှိ လူထုတစ်ရပ်လုံးနှင့် သားစဉ်မြေးဆက် အကျိုးခံစားနိုင်ရေး ပူးပေါင်း ဆောင်ရွက်ကြမည် ဖြစ်ပါသည်။

အရေးပါသောသဘောတူညီမှုများ

 ၉။    အာဆီယံအသင်းကြီးသည် ယခုအခါတွင် တည်ထောင်ခဲ့သည်မှာ နှစ်(၄၀)ပြည့်မြောက်ပြီးဖြစ်ပါသည်။ ဤသို့နှစ်ပေါင်း(၄၀)ကြာ တည်တံ့နိုင်ခဲ့ခြင်းမှာ တစ်နိုင်ငံနှင့်တစ်နိုင်ငံချစ်ကြည်ရင်းနှီးစွာပူပေါင်းဆောင်ရွက်ခြင်း၊ တစ်ဦး ပြည်တွင်းရေးကို တစ်ဦးက ဝင်ရောက်စွက်ဖက်မှုမပြုခြင်း၊ အငြင်းပွား ခြိမ်းခြောက်ခြင်းကို ရှောင်ကြဉ်ခြင်းနှင့် စီးပွားရေး၊ ကုန်သွယ်ရေးနှင့် အခြားကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ခြင်းတို့ကြောင့် ဖြစ်ပါသည်။ ဤသို့သော ကောင်းမြတ်သည့် မူဝါဒများချမှတ်နိုင်ရန် အရေးပါသော အောက်ဖော်ပြပါ နိုင်ငံရေးဆိုင်ရာ သဘောတူညီ မှုများ အတည်ပြု သဘောတူညီခဲ့ကြ ပါသည်-

(က) အာဆီယံကြေငြာစာတမ်း (ASEAN Declaration, Bangkok 1967)

( ခ )  ငြိမ်းချမ်းရေး၊ လွတ်လပ်မှုနှင့် ကြားနေရေးဇုန်ဆိုင်ရာ ကြေငြာစာတမ်း (Zone of Peace, Freedom and Neutrality Declaration, Kuala Lumpur, 27 November 1971)

( ဂ )  အာဆီယံသဘောတူညီမှုကြေငြာစာတမ်း (ဘာလီ)၊ (Declaration of ASEAN concord, Bali,  27 February 1976)

(ဃ)   အရှေ့တောင်အာရှငြိမ်းချမ်းရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးစာချုပ် (Treaty of Amity and Cooperation in Southeast Asia, Bali, 27 February 1976)

( င )  တောင်တရုတ်ပင်လယ် အာဆီယံကြေငြာစာတမ်း (ASEAN Declaration on the South   China Sea, Manila, 22 July 1992)

( စ )  အရှေ့တောင်အာရှ၊ နျူကလီးယား လက်နက်ကင်းမဲ့ဇုန်စာချုပ် (Treaty on the Southeast Asia Nuclear Weapon-Free Zone, Bangkok, 15 December 1997)

(ဆ) အာဆီယံရည်မှန်းချက် ၂၀၂၀ (ASEAN Vision 2020, Kuala Lumpur15 December 1997)

( ဇ)   အာဆီယံသဘောတူညီမှုအမှတ် (၂) ကြေငြာစာတမ်း (Declaration of ASEAN concord II,    Bali, 7 October 2003)

အာဆီယံဆိုင်ရာအစည်းအဝေးများ

၁၀။     အာဆီယံအဖွဲ့ကြီး ရေရှည်တည်တံ့နိုင်စေခဲ့သော အဓိကအချက်များမှာ အာဆီယံ ဆိုင်ရာအစည်းအဝေးများမှ သဘောတူမှုရရှိပြီး စုပေါင်းအကောင်အထည်ဖော်ကြသောကြောင့် ဖြစ်ပါသည်။ ထိုကဲ့သို့သော ကောင်းမြတ်သည့် အခြေခံများကိုရရှိစေခဲ့သော အာဆီယံအစည်း အဝေးများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က)  အာဆီယံထိပ်သီးညီလာခံ

        (ASEAN Summit)

( ခ )  အာဆီယံထိပ်သီးအဆင့် အလွတ်သဘောအစည်းအဝေး

        (ASEAN Informal Summit)

( ဂ )  အာဆီယံ + ဂျပန်၊ ကိုရီးယား၊ တရုတ် ဆွေးနွေးဖက်နိုင်ငံများ

         (ASEAN + 3)

(ဃ) အာဆီယံဝန်ကြီးအဆင့်အစည်းအဝေး

        (ASEAN Ministerial Meeting - AMM)

( င ) အာဆီယံအမြဲတမ်းကော်မတီအစည်းအဝေး

        (ASEAN Standing Committee - ASC)

( စ)   အာဆီယံစီးပွားရေးဝန်ကြီးအဆင့်အစည်းအဝေး

        (ASEAN Economic Ministers Meeting-AEM)

(ဆ) အာဆီယံအဆင့်မြင့် စီးပွားရေးအရာရှိကြီးများ အစည်းအဝေး

         (ASEAN Senior Economic Officials Meeting – SEOM)

( ဇ ) အာဆီယံဒေသဆိုင်ရာ ဆွေးနွေးပွဲ

        (ASEAN Regional Forum - ARF)    

 ဗီယန်ကျင်းလုပ်ငန်းအစီအစဉ်တွင် ပါဝင်သော အာဆီယံအသိုင်းအဝန်း (၃) ရပ်ထူထောင်ရေး

၁၁။      အာဆီယံအဖွဲ့ကြီးနှစ် (၄၀) ပြည့်မြောက်ပြီးသည်အထိ သက်တမ်းရှည်ကြာစွာ ရပ်တည် နိုင်သည့်အပြင် ကမ္ဘာအဖွဲ့အစည်းများက လေးစားဂုဏ်ယူရသောအဖွဲ့အစည်း အဖြစ်ရပ်တည် နိုင်ခဲ့ခြင်းမှာ နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှု၊ လူမှုရေးတို့နှင့် ပတ်သတ်၍ ကောင်းမြတ်သော အစဉ်အလာများချမှတ် စောင့်ထိန်းကျင့်သုံးလေ့ရှိခြင်းကြောင့်ဖြစ်သည်။ ဤသို့သော ကောင်းမြတ်သည့်အစဉ်အလာများကို ကောင်းမြတ်သော ရည်ရွယ်ချက်နှင့် စနစ် တကျချမှတ် ဆောင်ရွက်နိုင်ရန် ဗီယန်ကျင်းလုပ်ငန်းအစီအစဉ်များကို ချမှတ်နိုင်ခဲ့ပါသည်။ ASEAN concord II ၏ ကြေညာချက်အရ အာဆီယံအသိုက်အဝန်း၏ ရည်ရွယ်ချက်အောင်မြင် စေရန် အောက်ဖော်ပြပါ အသိုက်အဝန်း (၃) ရပ်ကို တည်ထောင်ဆောင်ရွက်ကြပါသည်-

(က)  အာဆီယံလုံခြုံရေးအသိုက်အဝန်း

        (ASEAN Security Community)

(ခ)    အာဆီယံစီးပွားရေးအသိုက်အဝန်း

        (ASEAN Economic Community)

(ဂ)    အာဆီယံယဉ်ကျေးမှု၊ လူမှုရေးအသိုက်အဝန်း

        (ASEAN Social-cultural Community)

နိုင်ငံရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု

၁၂။      နိုင်ငံရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုသည် အာဆီယံစတင်ဖွဲ့စည်းတည်ထောင် သည့် အစောဆုံးနှစ်များကပင် စတင်ခဲ့ပါသည်။ အာဆီယံ၏ အဓိကကျသောစာချုပ်များ အနက် (Zone of peace Freedom and Neutrality- ZOPEAN) ကို ၁၉၇၁ ခုနှစ်၊ ကွာလာလမ်ပူ ကြေညာချက်အရထုတ်ပြန်ခဲ့ပြီး အရှေ့တောင်အာရှဒေသ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက် ရေးစာချုပ် (Treaty of Amity and Cooperation-TAC) ကို ၁၉၇၆ ခုနှစ်တွင် ချုပ်ဆိုနိုင်ခဲ့ ပါသည်။ ယင်းစာချုပ်ကို ၁၉၉၂ ခုနှစ်တွင် ကုလသမဂ္ဂက အတည်ပြုခဲ့ပါသည်။ ၁၉၇၆ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် အာဆီယံ ညီညွတ်ရေးကြေညာစာတမ်း (Declaration of ASEAN Concord) အရ နိုင်ငံရေး၊ လုံခြုံရေးနှင့် စီးပွားရေးလုပ်ငန်းဆိုင်ရာ နယ်ပယ်များတွင် အာဆီယံပူးပေါင်း ဆောင်ရွက ရေးမူနှင့် လုပ်ငန်းစဉ်များ ချမှတ်နိုင်ခဲ့ပါသည်။

၁၃။     အာဆီယံ၏ နိုင်ငံရေးနှင့် လုံခြုံရေးရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က)  အရှေ့တောင်အာရှ နိုင်ငံအားလုံး ၂၀၀၀ ပြည့်နှစ်တွင် အာဆီယံအသင်း ဝင်ဖြစ် ရေး၊

(ခ)    လုံခြုံရေးဆိုင်ရာ အာဆီယံဒေသပူူးပေါင်းဆွေးနွေးပွဲများ ဖွံဖြိုးတိုးတက်ရေး၊

(ဂ)    တောင်တရုတ်ပင်လယ်အငြင်းပွားမှုဖြေရှင်းရေး၊

(ဃ) ချစ်ကြည်ရင်းနှီးရေးစာချုပ်တွင် အာဆီယံအသင်းဝင် မဟုတ်သောနိုင်ငံများ ပါဝင် လက်မှတ်ရေးထိုးရန် အားပေးတိုက်တွန်းရေး၊

(င)    နျူးကလီးယားလက်နက်မဲ့ဇုန်ထူထောင်ရေး၊

(စ)    ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်ဖြစ်မှုမျှတရေး၊

၁၄။     အာဆီယံခေါင်းဆောင်များသည် ဒေသဆိုင်ရာအဖွဲ့အစည်းများပိုမိုကျယ့်ပြန့်လာရန် သဘောတူ ဆောင်ရွက်ခဲ့ကြသည်။ အထူးသဖြင့် မဟာဗျူဟာအချက်အချာဌာန ပြောင်းလဲရေး ကို ထည့်သွင်းစဉ်းစားခဲ့ ကြသည်။

အကြမ်းဖက်ဝါဒဆန့်ကျင်ရေးအာဆီယံ၏အနေအထား(ASEAN’s Stance Against Terrorism) 

၁၅။    ထိပ်သီးဆွေးနွေးပွဲတွင် အာဆီယံခေါင်းဆောင်များသည် အကြမ်းဖက်မှုဆန့်ကျင် ရေး ပူးပေါင်းလူပ်ရှားမှုအတွက် ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။ ထိုကြေညာချက် အောင်မြင်မှုရရှိရေးအတွက် လက်တွေနည်းစနစ်များဖြင့် ဖော်ဆောင်ရမည်ဖြစ်ကြောင်း၊ အာဆီယံဝန်ကြီးများက လမ်းညွှန်ခဲ့သည်။ အကြမ်းဖက်ဝါဒ ဆန့်ကျင်ရေးဆိုင်ရာ ဝန်ကြီးများ အစည်းအဝေးမှ အကြမ်းဖက်ဆန့်ကျင်ရေးနည်းလမ်းများ ပြဌာန်းခဲ့သည်။ ယင်းတွင် သတင်း ဖလှယ်မှု၊ တည်ဆဲဥပဒေများအရ တရားဝင်ပူးပေါင်းဆောင်ရွက်မှု၊ လူမှုအဖွဲ့အစည်းဆိုင်ရာ အဆောက်အအုံတည် ဆောက်မှု၊ ပြင်ပဒေသများ ပူးပေါင်းမှုသည်တို့ ပါဝင်သည်။ ဝန်ကြီးများ တွေ့ဆုံဆွေးနွေးပြီးနောက် ၂၀၀၂  ခုနှစ်၊ မေလ ၇ ရက်နေ့တွင် အင်ဒိုနီးရှား၊ မလေးရှားနှင့် ဖိလစ်ပိုင်နိုင်ငံတို့သည် သတင်းဖလှယ်ရေးနှင့် အကြမ်းဖက် ကျူးကျော်မှုများကို ဆန့်ကျင်သော ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များချမှတ်ရေးတို့အတွက် သဘောတူလက်မှတ်ရေးထိုးခဲ့ကြ သည်။

အာဆီယံဒေသဆိုင်ရာအဖွဲ့အစည်း (ASEAN Regional Forum – ARF)

၁၆။      အာရှပစိဖိတ်ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများသည် ARF ၏ နိုင်ငံရေးနှင့် လုံခြုံရေး သော့ချက် တစ်ရပ်ဖြစ်ပါသည်။ ၁၉၉၃ ခုနှစ်တွင် စတင်တည်ထောင်သည်။ ARF အဖွဲ့အစည်း ပူးပေါင်းဆောင်ရွက်မှုအဆင့် (၃) ဆင့်ဖြစ်သော တစ်ဦးနှင့်တစ်ဦး ထိတွေ့ပြီးယုံကြည်မှု တည်ဆောက်ခြင်း (Confidence Building Measures – CBM)၊ အရေးအခင်း တစ်ခုဖြစ်ပေါ် မလာမီ သံတမန်နည်းလမ်းအရ ကြိုတင်ဝင်ရောက်ကာကွယ်ခြင်း (Preventive Diplomacy)၊ ပဋိပက္ခဖြစ်စေမည့်နည်းလမ်းများကို သတိပြုရှောင်ရှား ဖြေရှင်းခြင်း (Conflict Resolution) အတွက် နိုင်ငံအချင်းချင်းညှိနိူင်းတိုင်ပင် ဆွေးနွေးနိုင်ရန် ရည်ရွယ်တည်ထောင်သည်။ အာဆီယံ နိုင်ငံများအပြင် ဆွေးနွေးဖက်နိုင်ငံများ (ASEAN Dialogue Partners) များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

(က) သြစတြေးလျ

( ခ )   ကနေဒါ

( ဂ )   ကိုရီးယားသမ္မတနိုင်ငံ

(ဃ)    ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် (UNDP)

( င )   ဥရောပ သမဂ္ဂနိုင်ငံများ

( စ )   ဂျပန်

(ဆ)  နယူးဇီလန်

( ဇ )   အမေရိကန် ပြည်ထောင်စု

( ဈ )   အိန္ဒိယ

( ည)   တရုတ်ပြည်သူ့သမ္မတနိုင်ငံ 

၁၇။     အာဆီယံသည် ARF Network ကို ပိုမိုကျယ်ပြန့်လာစေရန် အားစိုက်ထုတ်သည့် အနေဖြင့် ထူးချွန်ထက်မြတ်သော ပုဂ္ဂိုလ်များကို စာရင်းပြုစုပြီး ARF ၏ အကြံပေးပညာရှင်များ အဖြစ် လက်ခံဆောင်ရွက်နိုင်ရန် ကမ်းလှမ်းခဲ့သည်။ ARF အစည်းအဝေးများတွင် ကူညီအကြံပြု ပံ့ပိုးရန် ဖိတ်ခေါ်ခဲ့သည်။ ယခင်က ARF အပေါ် ယုံကြည်မှုတည်ဆောက်နိုင်ရန် ဆွေးနွေးပွဲများ ကို အိန္ဒိယနှင့် ဗီယက်နမ်နိုင်ငံများမှ သဘာပတိအဖြစ် လက်ခံဆောင်ရွက်စေခဲ့သည်။ ၂၀၀၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့နှင့် ၂၀ ရက်နေ့များတွင် နယူးဒေလီ၌ လည်းကောင်း၊ ၂၀၁၂ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့မှ ၂၄ ရက်နေ့ထိ ဟနွိုင်း၌လည်းကောင်း ကျင်းပခဲ့သည်။ ARF သည် ပြီးခဲ့သောလှုပ်ရှားမှုများ၏ အတွေ့အကြုံရယူကာ အနာဂါတ်ရည်မှန်းချက်အဖြစ် အဖွဲ့အစည်း ပိုမိုကျယ်ပြန့် ကြီးထွားခိုင်မာရန် ကြိုးပမ်းအား ထုတ်လျှက်ရှိသည်။

နိုင်ငံခြားရေးဝန်ကြီးများချစ်ကြည်ရင်းနှီးမှု (Foreign Minister’s Retreat)

၁၈။      ၂၀၀၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ဖူးခက် (Phuket) ၌ အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများအလွတ်သဘော ချစ်ကြည်ရင်းနှီးစွာ တွေ့ဆုံခဲ့ကြရာ နိုင်ငံတကာနှင့် ဒေသအတွင်း ဖွံ့ဖြိုးတိုးတက်မှုအတွက် လျှင်မြန်သောပြောင်းလဲမှုများ တစိုက်မတ်မတ် ဆောင်ရွက်ရန် လိုအပ်နေပြီဖြစ်ကြောင်း လက်ခံခဲ့ကြသည်။ ဝန်ကြီးများသည် အရှေ့တီမောကျွန်းကိစ္စကို အလွတ် သဘောဆွေးနွေးကြသည်။ နိုင်ငံတကာအကြမ်းဖက်မှုလုပ်ရပ်များကို ကန့်ကွက် တိုက်ပွဲဝင်ကြရန် ဆုံးဖြတ်ကြသည်။ တောင်အာရှပင်လယ်အရေးကိစ္စ၊ အာဆီယံ အိန္ဒိယထိပ်သီး ဆွေးနွေးပွဲကျင်းပရေးကိစ္စ၊ အနောက်တောင်ပစိဖိတ် အဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက် ရေးကိစ္စတို့ကို တိုင်ပင်ခဲ့ကြသည်။

 အရှေ့တောင်အာရှချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးစာချုပ် (Treaty of Amity and Cooperation in Southeast Asia)

၁၉။    (၇) ကြိိမ်မြောက် အာဆီယံဝန်ကြီး များ တွေ့ဆုံဆွေးနွေးပွဲ ကို ၂၀၀၁ ခုနှစ်၊ ဇူလိုင်လတွင် ဟနွိုင်းမြို့၌ ကျင်းပခဲ့သည်။  ယင်းဆွေးနွေးပွဲတွင် High Council မှ ၁၉၇၆ ခုနှစ်က ချုပ်ဆိုခဲ့ သော အရှေ့တောင်အာရှ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးစာချုပ်ပါ စည်းမျဉ်းဥပဒေ (၄) ခုကို ချပြခဲ့သည်။ ထိုဥပဒေအရ High Council သည် အငြင်းပွားမှုများကိုဖြေရှင်း ရမည် ဖြစ်ပြီး ဒေသတွင်းအေးချမ်းသာယာရေးနှင့် စည်းလုံးညီညွတ်ရေးကို ဖေါ်ဆောင်ပေးရမည်ဖြစ် သည်။ အာဆီယံသည် အရှေ့တောင်အာရှ မဟုတ်သောနိုင်ငံများနှင့် အရှေ့တောင်အာရှနိုင်ငံ များအကြား ချစ်ကြည်မှုကို တည်ဆောက်လျက်ရှိပါသည်။ ထိုနိုင်ငံများက အာဆီယံကို လက်ခံ လိုက်လျောနိုင်ရန် ချည်းကပ်နည်းများကို အစီအစဉ်တကျရေးဆွဲခဲ့သည်။ အာဆီယံမှာ အရှေ့တောင်အာရှမဟုတ်သောနိုင်ငံများ၏ ချစ်ကြည်ရင်းနှီးမှုကိုရရှိပြီး ဒေသတွင်းငြိမ်းချမ်းရေး နှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းတည်ဆောက်နိုင်မည်ဟု ယုံကြည်သည်။ အာဆီယံအထက်အဖွဲ့ အစည်းများတွင် အာဆီယံမဟုတ်သောနိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများ ပူးပေါင်းပါဝင်၍ အငြင်းပွားမှုပြဿနာများကို ကူညီဖြေရှင်းပေးနိုင်ရန် ရည်ရွယ်လိုလားသည်။

တောင်တရုတ်ပင်လယ် (South China Sea)

၂၀။     တောင်တရုတ်ပင်လယ်၏ အချုပ်အခြာအာဏာပိုင်ခွင့် နှင့်တရားရေးအာဏာစီရင်ပိုင်ခွင့် တို့သည် အာဆီယံဒေသ လုံခြုံရေးနှင့် နိုင်ငံရေးအတွက် ပိုမိုဦးစားပေးရမည့် အစီအစဉ်များဖြစ် သည်။ အာဆီယံဒေသ ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကို  ထိန်းသိမ်းနိုင်ရန်အလို့ငှာ အာဆီယံက တရုတ်နိုင်ငံကို စေ့စပ်ဆွေးနွေးလျှက် တောင်တရုတ်ပင်လယ်ဆိုင်ရာ ဥပဒေမူကြမ်းရေးဆွဲနိုင် ရေးကို တိုက်တွန်းအားပေး လျှက်ရှိသည်။ အဘက်ဘက်မှ ကတိကဝတ်များကို လိုက်နာကြပြီး တားမြစ်ထိန်းချုပ်မှုများကို လိုက်နာကြမည်ဆိုလျှင် တောင်တရုတ်ပင်လယ် အငြင်းပွားမှုများ ပြေလည်ငြိမ်းချမ်းသွားမည်ဟု အာဆီယံက မျှော်လင့်ယုံကြည်လျှက်ရှိသည်။

အရှေ့တောင်အာရှနျူးကလီးယားလက်နက်မဲ့ဒေသ (Southeast Asia Nuclei Weapon Free Zone)။ 

၂၁။      အာဆီယံနိုင်ငံများ၏ အခြေခံတာဝန်တစ်ရပ်မှာ အရှေ့တောင်အာရှနျူးကလီးယား လက်နက်မဲ့ဒေသထူထောင်နိုင်ရေးဖြစ်သည်။ အာဆီယံသည် နျူးကလီးယားလက်နက် ဖျက်သိမ်းရေးနှင့် လျော့ချရေးကို လက်ခံသဘောတူသည်။ အာဆီယံသည် နျူးကလီးယား လက်နက်နိုင်ငံများနှင့် ချဉ်းကပ်ဆွေးနွေးခဲ့ပြီး ချစ်ကြည်ရေး စာချုပ်ချုပ်ဆို နိုင်ရန်ကြိုးပမ်းခဲ့ သည်။ အာဆီယံနှင့် Nuclei Weapon States (NWS) နျူးကလီးယား လက်နက်နိုင်ငံများ ပထမအကြိမ် တိုက်ရိုက်ဆွေးနွေးပွဲကို ၂၀၀၁ ခုနှစ်၊ မေလ ၁၉ ရက်နေ့တွင် ဟနွိုင်း၌ ကျင်းပ ခဲ့ပြီး ဒုတိယအကြိမ်ဆွေးနွေးပွဲကို ၂၀၀၂ ခုနှစ်၊ ဇူလိုင်လတွင် ကျင်းပခဲ့သည်။

 အာဆီယံ၏ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု

၂၂။     အာဆီယံအဖွဲ့ကြီးသည် နိုင်ငံရေးနှင့်ဒေသတွင်းလုံခြုံရေး၊ စည်းလုံးညီညွတ်ရေး များသာမက စီးပွားရေးပူး ပေါင်းဆောင်ရွက်ရန် အားထုတ်ခဲ့သည်။ မူလ (၆) နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် နောက်ထပ်အဖွဲ့ဝင်နိုင်ငံများ၏ သယံဇာတအရင်းအမြစ် ကြွယ်ဝမှု၊ လုပ်အားခဈေးချိုမှုများပေါင်းစပ်၍ အာဆီယံထွက်ကုန်အဖြစ် ကမ္ဘာ့ဈေးကွက် ရရှိရေးအထိ မျှော်လင့်ချက်ထားရှိပါသည်။

 အာဆီယံ၏ စီးပွားရေးရည်မှန်းချက်များ

၂၃။      အာဆီယံ၏ စီးပွားရေးရည်မှန်းချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည် -

 (က)  ၂၀၀၇ ခုနှစ်တွင် လွတ်လပ်သော အာဆီယံကုန်သွယ်ရေးနယ်မြေထူထောင်ရေး

( ခ )   ဒေသခွဲဆိုင်ရာအစီအစဉ်များကို အားပေးထောက်ခံရေး

(ဂ)  ဝန်ဆောင်မှုလုပ်ငန်းများ၊ အတတ်ပညာရှင်များ၏ မူပိုင်ခွင့်ကိစ္စရပ်များစေ့စပ် ဆွေးနွေးရေး

(ဃ)    ပူးတွဲရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး

( င )   ပုဂ္ဂလိကကဏ္ဍမှ ပါဝင်ဆောင်ရွက်ရေး

( စ )   အငြင်းပွားမှုဖြေရှင်းရေးစနစ်တစ်ရပ်ရေးဆွဲရေး

(ဆ)  အပြည်ပြည်ဆိုင်ရာ စီးပွားရေးကိစ္စရပ်များတွင် အာဆီယံကပိုမိုတက်ကြွစွာပါဝင် ဆောင်ရွက်ရေး

အာဆီယံလွတ်လပ်သောကုန်သွယ်မှုဒေသ (ASEAN Free Trade Area-AFTA)

၂၄။      ၁၉၉၂ ခုနှစ်၊ ဇန်နဝါရီ လတွင် စင်္ကာပူနိုင်ငံ၌ကျင်းပခဲ့သော (၄)ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးမှ ထွက်ပေါ်လာသည့် “စင်္ကာပူကြေညာချက် ၁၉၉၂” အရ အာဆီယံ လွတ်လပ်သောကုန်သွယ်မှုဒေသ- AFTA ကို တည်ထောင်ရန် သဘောတူညီခဲ့ကြသည်။ AFTA ၏ အဓိကရည်ရွယ်ချက်မှာ ကမ္ဘာ့ဈေးကွက်အတွင်း အာဆီယံအဖွဲ့၏ ပူးပေါင်း ထုတ်လုပ်မှု၊ ပူးပေါင်းဆောင်ရွက်မှုများဖြင့် ယှဉ်ပြိုင်နိုင်မှုစွမ်းအား ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ပါသည်။ စင်္ကာပူကြေငြာချက်အရ အာဆီယံဒေသအတွင်း ပူးပေါင်းဆောင်ရွက်မှု တိုးတက်ရန်လွတ်လပ် သောကုန်သွယ်မှုဒေသ AFTA ကို အကောက်ခွန် အထူးလျော့ချရေးအစီအစဉ် Common Effective Preferential Tariff- CEPT ဖြင့် ၁၉၉၃ ခုနှစ်မှစ၍ ၁၅ နှစ်အတွင်း အကောင် အထည်ဖော်ဆောင်ရွက်ရန်တို့ဖြစ်ပါသည်။ AFTA ကို သက္ကရာဇ် ၂၀၀၈ ခုနှစ်တွင် အကောင် အထည်ဖော်ရန်ဖြစ်သော်လည်း ၁၉၉၄ ခုနှစ်၊ စက်တင်ဘာလတွင် ထိုင်းနိုင်ငံ၌ကျင်းပခဲ့သည့် အာဆီယံ စီးပွားရေးဝန်ကြီးများ၏ အစည်းအဝေးမှ သဘောတူဆုံးဖြတ်ချက်အရ အာဆီယံ လွတ်လပ်သော ကုန်သွယ်မှုဒေသ တည်ထောင်ရန် အချိန်ကာလကို သက္ကရာဇ် ၂၀၀၃ သို့ ပြောင်းလဲသတ်မှတ်ခဲ့ပါသည်။ သို့ဖြစ်၍ ၂၀၀၃ ခုနှစ်မှစ၍ အာဆီယံဒေသအတွင်း ကုန်သွယ်မှု တွင်ပါဝင်သည့် ကုန်ပစ္စည်းများအတွက် အကောက်ခွန်နှုန်းကို ဝ% မှ ၅% သို့ လျော့ချရန်ဖြစ် ပါသည်။ လာအိုနှင့် မြန်မာနိုင်ငံအတွက် ၂၀၀၅ ခုနှစ်နှင့် ကမ္ဘောဒီးယားအတွက် ၂၀၀၇ အဖြစ်ရည်ရွယ်ခဲ့ပါသည်။ အာဆီယံ အကောက်ခွန်အထူး လျော့ချရေး (Common Effective Preferential Tariff- CEPT) ယန္တရား၏ ရည်ရွယ်ချက်မှာ AFTA ၏ ရည်မှန်းချက်ဖြစ်သော အာဆီယံအဖွဲ့ဝင်နိုင်ငံများ အခြားသွင်းကုန်ဆိုင်ရာ အကောက်ခွန်များလျော့ချရေးနှင့် အရေ အတွက် ကန့်သတ်မှုလျော့ချရေး၊ အကောက်ခွန်မဟုတ်သော ကုန်သွယ်မှုဆိုင်ရာအတားအဆီး များ Non- Tariff Barriers လျော့ချရေးတို့အတွက် ဆောင်ရွက်ရန်ဖြစ်ပါသည်။ CEPT Scheme အရ အကောက်ခွန်နှုန်းထားများ လျော့ချမည့်ကုန်ပစ္စည်းအုပ်စုများမှာ အောက်ပါအတိုင်းဖြစ် ပါသည် -

(က)     ထည်သွင်းစာရင်း (Inclusion List-IL)။     AFTA အကောင်အထည်ဖော်ချိန် တွင် အကောက်ခွန်နှုန်းထား ဝ% မှ ၅%သို့ လျော့ချသွားရန် ကုန်ပစ္စည်းများ စာရင်းဖြစ်ပါသည်။ အာဆီယံအဖွဲ့ဝင်ဖြစ်သည်နှင့် တစ်ပြိုင်နက် အကောက်ခွန် နှုန်းထားများလျော့ချရမည့် ကုန်ပစ္စည်းစာရင်း၊ တစ်နည်းအားဖြင့် လက်တလော ထည့်သွင်းပါဝင်မည့် ကုန်ပစ္စည်းများ စာရင်းဖြစ်ပါ သည်။

(ခ)      ယာယီဖယ်ထားသည့်စာရင်း (Temporary Exclusion List - TEL)။   အာဆီယံအဖွဲ့ဝင်နိုင်ငံအသီးသီး၏ ချက်ချင်းလျော့ချပေးနိုင်ခြင်း မရှိသေးသော အကောက်ခွန်နှုန်းထားများအရ ယာယီကာကွယ်ထားသော ကုန်ပစ္စည်းများ စာရင်းဖြစ်ပါသည်။ သတ်မှတ်ထားသည့်အချိန်မှစ၍ ထည့်သွင်းစာရင်းထဲသို့ ပြောင်းရွေ့သွားရမည်ဖြစ်ပြီး အကောက်ခွန်နှုန်းထား လျော့ချရမည့် ကုန်ပစ္စည်း များစာရင်းဖြစ်ပါသည်။

( ဂ )   အရေးကြီးစာရင်း (Sensitive List- SL)။        မိမိနိုင်ငံအတွက်အဓိကအရေးကြီးပြီး

          အကောက်ခွန်လျော့ချပေးခြင်းကို အချိန်ယူအကာအကွယ်ပေးလိုသော ပစ္စည်း များစာရင်းဖြစ်ပါသည်။ အဆိုပါစာရင်းတွင် မပြုပြင်ရသေးသော လယ်ယာ ထွက်ကုန်ပစ္စည်းများပါဝင်ပြီး အကောက်ခွန်လျော့ပေါ့ ပေးမှုအတွက် ခွင့်ပြု ချိန်ပိုမိုပေးထားပါသည်။ သတ်မှတ်ချိန်ရောက်ရှိမှ ထည့်သွင်းစာရင်းသို့ ပြောင်း ရွေ့ပြီးအကောက်ခွန်နှုန်းများ လျော့ချရမည့် ကုန်ပစ္စည်းများစာရင်းဖြစ်ပါသည်။ (TEL စာရင်းထက် အချိန်ပို၍ ရပါသည်။)

(ဃ)    အထွေထွေကင်းလွတ်ခွင့်ပြုစာရင်း (General Exception List-GEL)။  အကောက်ခွန်လျော့ချမှုမှ အမြဲတမ်းကင်းလွတ်ခွင့်ပြုထားသည့် ကုန်ပစ္စည်းများ စာရင်းဖြစ်ပါသည်။ တစ်နည်းအားဖြင့် အကောက်ခွန်နှုန်းလျော့ချပေးရန် လုံးဝ မလိုသည့် ပစ္စည်းများဖြစ်ပါသည်။

အာဆီယံစီးပွားရေးအသိုက်အဝန်း (ASEAN Economic Community)

၂၅။      အာဆီယံစီးပွားရေးအသိုက် အဝန် (AEC) ကို မူလရည်မှန်းချက်ဖြစ်သော ၂၀၂၀ ခုနှစ် အစား ၂၀၁၅ ခုနှစ်တွင် ထူထောင်ရန် ၁၂ ကြိမ်မြောက် အာဆီယံထိပ်သီးညီလာခံမှ သဘောတူ ကြေညာခဲ့ပါသည်။ အာဆီယံစီးပွားရေးအဝန်းအဝိုင်းပုံစံ (AEC Blueprint) ကို ၂၀၀၇ ခုနှစ်တွင် အာဆီယံစီးပွားရေးဝန်ကြီးများမှ သဘောတူအတည်ပြုခဲ့ပါသည်။

၂၆။     အေအီးစီ၏ သွင်ပြင်လက္ခဏာများ (Characteristics and Elements of AEC) မှာ အောက်ပါအတိုင်းဖြစ် ပါသည် -

(က)  တစ်ခုတည်းသော ဈေးကွက်နှင့်ထုတ်လုပ်မှုအခြေခံဒေသ

        Single Market and Production Base

( ခ )  ယှဉ်ပြိုင်နိုင်စွမ်းမြင့်မားသော စီးပွားရေးဒေသ 

        Highly Competitive Economic Region 

( ဂ )  စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမျှတသောဒေသ

        Equitable Economic Development

(ဃ)    ကမ္ဘာ့စီးပွားရေးတွင် အပြည့်အဝပေါင်းစည်းပါဝင်သောဒေသ

        Fully Integrated into the Global Economy

၂၇။     တစ်ခုတည်းသော ဈေးကွက်နှင့်ထုတ်လုပ်မှုအခြေခံဒေသ ဖြစ်ပေါ်လာစေရန်အတွက် အခြေခံအချက်များမှာ -

(က)  ကုန်စည်များလွတ်လပ်စွာစီးဆင်းစေနိုင်ခြင်း

        (Free Flow of Goods)

( ခ )  ဝန်ဆောင်မှုများလွတ်လပ်စွာစီးဆင်းစေနိုင်ခြင်း

        (Free Flow of Service)

( ဂ )  ရင်းနှီးမြှုပ်နှံမှုများလွတ်လပ်စွာစီးဆင်းစေနိုင်ခြင်း

        (Free Flow of Investment)

(ဃ)  ငွေကြေးအရင်းအနှီးများပိုမို လွတ်လပ်စွာစီးဆင်းစေနိုင်ခြင်း

        (Free Flow of Capital)

( င )  ကျွမ်းကျင်လုပ်သားများ လွတ်လပ်စွာ ပြောင်းရွှေ့စေနိုင်ခြင်း

        (Free Flow of Skilled Labour)

၂၈။     ကုန်စည်များလွတ်လပ်စွာစီးဆင်းစေနိုင်ခြင်း (Free Flow of Goods) အတွက် အောက်ပါတို့ကို ဆောင်ရွက် ရပါသည် -

(က)  အကောက်ခွန်များဖယ်ရှားခြင်း

(၁) အဖွဲ့ဝင်ဟောင်း (၆)နိုင်ငံ- ၂၀၁၀ ခုနှစ်

       (Bru; Indo; Malay; Phil; Sin; Thai)

(၂) အဖွဲ့ဝင်အသစ် (၄)နိုင်ငံ - ၂၀၁၅ ခုနှစ်

      (Cam; Lao; Myan; Vie)

( ခ )   အကောက်ခွန်မဟုတ်သော ကုန်သွယ်မှုအတားအဆီများ ဖယ်ရှားပေးခြင်း

          (၁) အဖွဲ့ဝင်ဟောင်း (၅)နိုင်ငံ- ၂၀၁၀ ခုနှစ်

                (Bru; Indo; Malay; Phil; Sin; Thai)

           (၂) ဖိလစ်ပိုင်နိုင်ငံ        -        ၂၀၁၂ ခုနှစ်

           (၃) အဖွဲ့ဝင်သစ် (၄)နိုင်ငံ  - ၂၀၁၅ ခုနှစ်

                 (Cam; Lao; Myan; Viet)

( ဂ )   အကောက်ခွန်ပေါင်းစည်းမှု

          (၁) အကောက်ခွန်လုပ်ထုံးလုပ်နည်းများ လွယ်ကူမှုရှိပြီး တပြေးညီဖြစ်စေရေး

          (၂) ASEAN Single Window စနစ်ကို

(ကက) အဖွဲ့ဝင်ဟောင်း (၆)နိုင်ငံ -၂၀၀၈ ခုနှစ်

 (ခခ)  အဖွဲ့ဝင်အသစ် (၄)နိုင်ငံ- ၂၀၁၂ ခုနှစ်တွင်နောက်ဆုံးထား၍  ကျင့်သုံးရန်

(ဂ ဂ)   စံချိန်စံညွှန်းနှင့်နည်းပညာဆိုင်ရာ စည်းမျဉ်းများတူညီမှုရှိစေရေး၊ သတ်မှတ်ကဏ္ဍများအတွက် အပြန်အလှန်အသိအမှတ်ပြုရေး၊ ဓါတ်ခွဲစမ်းသပ်စစ်ဆေးမှုများ စွမ်းဆောင်ရည်မြှင့်တင်ရေးတို့ကိုပါ ဆောင်ရွက်ရန်။

၂၉။     ဝန်ဆောင်မှုများ လွတ်လပ်စွာစီးဆင်းစေနိုင်ခြင်း (Free Flow of Service) အတွက် အောက်ပါတို့ကို ဆောင်ရွက်ရပါမည် -

(က)  ဦးစားပေးဝန်ဆောင်မှုကဏ္ဍ (၄)ခုဖြစ်သည့် လေကြောင်းပို့ဆောင်ရေး၊ အီး-အာဆီယံ၊ ကျန်းမာရေး စောင့်ရှောက်မှုနှင့် ခရီးသွားကဏ္ဍတို့တွင်ရှိသည့် ကန့်သတ်ချက်များကို ၂၀၁၀ ခုနှစ်၊ ကုန်စည်ထောက်ပံ့ပို့ဆောင်ရေးကဏ္ဍ (Logistics Sectors) တွင်ရှိသည့် ကန့်သတ်ချက်များကို ၂၀၁၃ ခုနှစ်တွင် ဖယ်ရှား ပေးရန်၊

 (ခ)  ၂၀၁၅ ခုနှစ်တွင် ဝန်ဆောင်မှုကုန်သွယ်ရေးတွင်ရှိသည့် ကဏ္ဍအားလုံး၏ ကန့်သတ်ချက်များကို ဖယ်ရှားပေးရန်၊ အာဆီယံအနုတ်အိတ်စ် (ASEAN-X) Formula ကို အသုံးပြုရန်။

၃၀။     ရှင်းနှီးမြှုပ်နှံမှုများ လွတ်လပ်စွာစီးဆင်းစေနိုင်ခြင်း (Free Flow of Investment) အောက်ပါအတိုင်း ဆောင်ရွက်ရပါမည် -

 (က) ၁၉၉၈ ခုနှစ်၊ အာဆီယံရင်းနှီးမြှုပ်နှံမှုဒေသဘောင် သဘောတူစာချုပ်ကို အောက်ပါအချက်များအပေါ် အခြေခံ၍ပြန်လည်ညှိနှိုင်းရေးဆွဲ အကောင်အထည် ဖော်ရန်

(ခ)  ရင်းနှီးမြှုပ်နှံမှု အကာအကွယ်ပေးခြင်း

        (Investment Protection)

( ဂ )  ရင်းနှီးမြှုပ်နှံမှုလွယ်ကူစေခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်း

        (Facilitation and Cooperation)

 (ဃ)  ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ခြင်းနှင့် ပိုမိုသိရှိလာစေရန် ဆောင်ရွက်ခြင်း

        (Promotion and Awareness)

 ( င)  လွတ်လပ်စွာရင်းနှီးမြှုပ်နှံစေခြင်း

        (Liberalisation)

၃၁။     ငွေကြေးအရင်းအနှီးများပိုမို လွတ်လပ်စွာစီးဆင်းစေနိုင်ခြင်း (Free Flow of Capital) အတွက် အောက်ပါအတိုင်းဆောင်ရွက်ရပါမည် -

          (က)  ဒေသတွင်းအရင်းအနှီးဈေးကွက်ဖွံ့ဖြိုးမှုနှင့်ပေါင်းစည်းမှု တိုးတက်ခိုင်မာစေရေး

          ( ခ )  အရင်းအနှီးပြောင်းရွှေ့မှုပိုမိုခွင့်ပြုရေး

(ဂ)  ငွေပေးငွေလွှဲမှုနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာကန့်သတ်ချက်များ ဖယ်ရှား ပေးရေး (သို့မဟုတ်) လျှော့ပေါ့ပေးရေးတို့ကို ဆောင်ရွက်ရန်ဖြစ်ပါသည်။

ကျွမ်းကျင်လုပ်သားများ လွတ်လပ်စွာပြောင်းရွှေ့စေနိုင်ခြင်း (Free Flow of Skilles Labour)

၃၂။      နယ်စပ် ဖြတ်ကျော်ကုန်သွယ်မှု၊ ဝန်ဆောင်မှုနှင့်ရင်းနှီးမြှုပ်နှံမှုလုပ်ကိုင်သူများ ကျွမ်းကျင်လုပ်သားများအတွက် ဗီဇာနှင့် အလုပ်လုပ်ကိုင်ခွင့်များထုတ်ပေးရာတွင် လွယ်ကူမှု ရှိစေရန်နှင့် အိမ်ရှင်နိုင်ငံ၏ စည်းမျဉ်းဥပဒေများအရ ခွင့်ပြုရန်ဖြစ်ပါသည်။

ဦးစားပေးပေါင်းစည်းမှုပြုလုပ်မည့် ကဏ္ဍများ (Priority Integration Sectors- PIS)

၃၃။      အာဆီယံ၏ စီးပွားရေးပေါင်းစည်းမှုအရှိန်အဟုန်မြှင့်တင်ရန်အတွက် ဦးစားပေးကဏ္ဍ (၁၂) ခုကို မြန်မာနိုင်ငံအပါအဝင် ညှိနှိုင်းရေးမှူးနိုင်ငံများ သတ်မှတ်ဆောင်ရွက်လျက်ရှိရာတွင် ဦးစားပေးကဏ္ဍများပေါင်းစည်းမှုကို သတ်မှတ်ကာလအတွင်း အကောင်အထည်ဖော်ရေးနှင့် တိုးတက်မှုရှိစေရေးအတွက် တစ်နှစ်လျှင် နှစ်ကြိမ်သုံးသပ်၍ သက်ဆိုင်ရာလုပ်ငန်းအဖွဲ့အစည်း များ အထူးသဖြင့် ပုဂ္ဂလိကကဏ္ဍနှင့် ပုံမှန်ဆွေးနွေးညှိနှိုင်းမှုများမှ တစ်ဆင့်ကဏ္ဍအလိုက် အစိအမံများ ချမှတ်ဆောင်ရွက်ရန်ဖြစ်ပါသည်။

၃၄။     အာဆီယံစီးပွားရေးအသိုက်အဝန်း (အေအီးစီ) ဖြစ်ပေါ်လာရေးအတွက် အထက်ပါ လုပ်ငန်းအစီအစဉ်များအပြင် အောက်ပါပူးပေါင်းဆောင်ရွက်မှုလုပ်ငန်း၊ အစီအမံများကိုလည်း ချမှတ်ဆောင်ရွက်သွားမည်ဖြစ်ပါသည် -

(က) စားနပ်ရိက္ခာ၊ လယ်ယာစိုက်ပျိုးရေး၊ သစ်တော (Food, Agriculture and Forestory) ထွက်ကုန်များ ရေရှည်ယှဉ်ပြိုင်နိုင်မှုတိုးမြှင့်ရေး၊

(ခ)  ယှဉ်ပြိုင်နိုင်စွမ်းမြင့်မားသော စီးပွားရေးဒေသ (Competitive Economic Region) ဖြစ်လာစေရေး၊

(ဂ)  စားသုံးသူများကို အကာအကွယ်ပေးမှု (Consumer Protection) ကျယ်ပြန့်ခိုင်မာ မှုရှိစေရေး၊

(ဃ)   အသိဉာဏ်ပစ္စည်းဆိုင်ရာမူပိုင်ခွင့် (Intellectual Property Right-IPR) အစီအစဉ်များတွင် ပူးပေါင်းဆောင်ရွက်ရေး၊

(င)  အခြေခံအဆောက်အအုံဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု (Infrastruture Development) အတွက် ကုန်းလမ်း၊ ပင်လယ်ရေကြောင်းလမ်း၊ လေကြောင်း ပို့ဆောင်ရေးကဏ္ဍ များတွင် ပူးပေါင်းဆောင်ရွက်ရေး၊ သတင်းနှင့်ဆက်သွယ်ရေး အခြေခံအဆောက် အအုံနှင့် နည်းပညာခေတ်မီတိုးတက်မှုရှိစေရေး၊

( စ )  စွမ်းအင်နှင့်သတ္တုကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရေး၊

(ဆ)  အခြေခံအဆောက်အအုံစီမံကိန်းများအတွက် ငွေကြေးပံ့ပိုးမှု၊ အသေးစား နှင့် အလတ်စားစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှု၊ အခွန်နှစ်ထပ် စည်းကြပ်ခြင်း မရှိစေမှု၊ အီလက်ထရောနစ်စနစ်ဖြင့် ကူးသန်းရောင်းဝယ်မှုတို့တွင် ပူးပေါင်း ဆောင်ရွက်ရေး၊

(ဇ)    အသေးစားနှင့်အလတ်စား စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အာဆီယံ၏ အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်းများဆိုင်ရာ မူဝါဒပုံစံ (၂၀၀၄-၂၀၁၄) ကို အကောင်အထည်ဖော်ဆောင်ရွက်ရန်၊

(ဈ)   အာဆီယံအဖွဲ့ဝင်ဟောင်း (၆)နိုင်ငံမှ အာဆီယံပေါင်းစည်းရေး ကနဦး အစီအစဉ် (Initiative for ASEAN Integration- IAI) ကိုဆက်လက် ကူညီထောက်ပံ့ရေး၊

(ည)  အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများဖြစ်သော ကမ္ဘာ့ဘဏ်၊ အေဒီဘီစသည့် အဖွဲ့အစည်းများနှင့် ဆွေးနွေးဘက်နိုင်ငံများမှ ကူညီထောက်ပံ့မှုများပိုမိုရရှိရေး

၃၅။      ကဏ္ဍအလိုက်ဝန်ကြီးဌာနအဖွဲ့အစည်းများမှ အကောင်အထည်ဖော်၍ အာဆီယံ စီးပွားရေးဝန်ကြီးများသည် စီးပွားရေးပေါင်းစည်းမှုအတွက် ဦးဆောင်ပြီး တာဝန်ယူကြီးကြပ် ရန်ဖြစ်ပါသည်။

၃၆။     အာဆီယံစီးပွားရေးအသိုက်အဝန်း ဖေါ်ဆောင်ရေးအတွက် အာဆီယံကို သက္ကရာဇ် ၂၀၂၀တွင် တစ်စုတစ် စည်းတည်းသော ဈေးကွက်နှင့် ထုတ်လုပ်မှုအခြေခံဒေသကြီး ဖြစ်လာ စေရန်၊ တရားမျှတသော စီးပွားရေးတိုးတက် အောင်မြင်မှုရှိစေရန်နှင့် ဆင်းရဲမွဲတေမှု လျော့ချရန် စသည်တို့ကို ဦးတည်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ယင်းသို့ AEC ကို အောင်မြင်စွာ အကောင်အထည်ဖေါ်ရေးအတွက် VAP လုပ်ငန်းအစီအစဉ်အရ အောက်ပါ နည်းလမ်းများဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါသည် -

(က)  သက္ကရာဇ် ၂၀၁၀ တွင် (သို့) ၂၀၁၀ ထက်စော၍ ဦးစားပေးကဏ္ဍကြီး (၁၁) ရပ် (11 Priority Sectors) ပေါင်းစည်းရေးကို ဆောင်ရွက်သွားရန်။ အဆိုပါ ကဏ္ဍ (၁၁) ရပ်တွင် ပါဝင်သောကုန်စည်နှင့် ဝန်ဆောင်မှုများကို ပေါင်းစည်း၍ အာဆီယံ ဒေသထုတ်ကုန် (Made in ASEAN) ပြုလုပ်ရန်။

(ခ)    ကုန်စည်ဝန်ဆောင်မှုနှင့် ကျွမ်းကျင်လုပ်သားများလွတ်လပ်စွာစီးဆင်းမှု၊ သွားလာ မှု၏ အဟန့်အတား၊ အတားအဆီးများကို အဖွဲ့ဝင်နိုင်ငံများ၏ ဆောင်ရွက်မှုနှင့် သဘောတူညီမှု အနေအထားအရ ဖယ်ရှားပစ်ရန်နှင့် ၂၀၁၀ ခုနှစ်တွင် အရင်းအနှီး များလွတ်လပ်စွာစီးဆင်းနိုင်ရန်။

(ဂ)    အာဆီယံကို ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အချက်အချာဒေသဖြစ်ရေး၊ ကုန်စည် ကုန်သွယ်မှုဆိုင်ရာ ဖြေလျော့မှုများအရှိန်အဟုန်မြှင့်ဆောင်ရွက်ရေး၊ကုန်သွယ်ရေး နှင့်စီးပွားရေးလုပ်ငန်းများလွယ်ကူ ချောမွေ့စွာဖြင့်တိုးတက်ရေး၊ ကုန်သွယ်မှု စရိတ်များ လျော့ချရေး၊ ဒေသတွင်းဝန်ဆောင်မှု၊ ကုန်သွယ်ရေးကို တိုးတက်စေ ရေး၊ အာဆီယံ အသေးစားနှင့်အလတ်စားလုပ်ငန်းများ (Small & Medium Enterprises- SMEs) ၏ ယှဉ်ပြိုင်မှု တိုးမြှင့်ရေး၊ အာဆီယံ အငြင်းပွားမှုဖြေရှင်း ခြင်းဆိုင်ရာကိစ္စရပ်များ ခိုင်မာစေရေးတို့ကို ဆောင်ရွက်ရန်။

(ဃ)   AEC ကို အကောင်အထည်ဖေါ်ဆောင်ရွက်ရာတွင် အောက်ဖေါ်ပြပါ ကုန်စည် နှင့် ဝန်ဆောင်မှု ဆိုင်ရာကဏ္ဍများပါဝင်ပါသည် -

(၁)   ပေါင်းစည်းရေးအတွက် ကနဦးဦးစားပေးကဏ္ဍ (၁၁) ရပ်

(၂)   အာဆီယံ ရင်းနှီးမြှုပ်နှံမှု ဒေသ

(၃)   ကုန်သွယ်မှု

(၄)   ဝန်ဆောင်မှု

(၅)   ဘဏ္ဍာရေးပူးပေါင်းဆောင်ရွက်မှု

(၆)   သယ်ယူပို့ဆောင်ရေး

(၇)   ကြေးနန်းဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာ

(၈)   သိပ္ပံနှင့်နည်းပညာ

(၉)   စွမ်းအင်

(၁၀) အသင်းအဖွဲ့များခိုင်မာစေရေး

(၁၁)ဆွေးနွေးဖက်နိုင်ငံများနှင့် စီးပွားရေးဆက်သွယ်ဆောင်ရွက်မှု

(င)    အောက်ဖေါ်ပြပါ ဦးစားပေးကဏ္ဍ (၁၁) ရပ် (11 Priority Sectors) ပါ ကုန်ပစ္စည်း နှင့် ဝန်ဆောင်မှုများကို (Made in ASEAN) အဖြစ် သက္ကရာဇ် ၂၀၁၀ တွင် အပြည့်အဝပေါင်းစည်းရေးအတွက် တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ပါသည် -

 (၁)  Agro-Based Products

 (၂) Automotive

( ၃)  Electronics

(၄)   Fisheries

( ၅) Rubber-Based Products

(၆)   Textiles and Apparels

(၇)   Wood-Based Products

(၈)   Air-Travel

(၉)   e-ASEAN

(၁၀) Healthcare

(၁၁)Tourism

ဘဏ္ဍာရေးနှင့် ပူးပေါင်းဆောင်ရွက်မှု (Finance Cooperation)

၃၇။    ကမ္ဘာ့စီးပွားရေး ကျဆင်းမှုကြောင့် အာဆီယံနိုင်ငံ စီးပွားရေးအကျပ်အတည်းများ ကြုံတွေ့ခဲ့ရပြီးနောက် ၂၀၀၁ ခုနှစ်တွင် ဒေသတွင်းဘဏ္ဍာရေးပူးပေါင်း ဆောင်ရွက်မှုအရ တိုးတက်မှုများ ထင်ရှား စွာ ဖြစ်ပေါ်လာနိုင်ခဲ့သည်။ အာဆီယံနိုင်ငံများနှင့် တရုတ် ၊ ဂျပန်၊ ကိုးရီးယား (၃)နိုင်ငံတို့ ပေါင်းစည်းမှုသည်လည်း စံနှုန်းများစုစည်းရေးကို အထောက်အကူပြု နိုင်ခဲ့သည်။ အာဆီယံ ဘဏ္ဍာရေးဝန်ကြီးများ မျက်နှာစုံညီဆွေးနွေးပွဲကို ၂၀၀၂ ခုနှစ်၊ ဧပြီလ ၅-၆ ရက်များတွင် ရန်ကုန်မြို့၌ ကျင်းပခဲ့ သည်။ ဆွေးနွေးပွဲတွင် ၂၀၀၁ ခုနှစ်က အာဆီယံစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအမြင်များကို ရှင်းလင်းသုံးသပ်ကြသည်။ တစ်ကမ္ဘာလုံးဆိုင်ရာ လိုအပ်ချက် နည်းပါးမှုကြောင့် ၂၀၀၀ ပြည့်နှစ်တွင် အာဆီယံစီးပွားရေးတိုးတက်မှု (အထူးသဖြင့် လျှပ်စစ် ကုန်ပစ္စည်းများ) သည် ၅.၅% မှ ၂.၈% ထိ လျော့နည်းသွားခဲ့သည်။ တစ်ကမ္ဘာလုံးငွေကြေး အကြပ်အတည်းကင်းစင်ပြီး ဒေသတွင်းငွေကြေးဖောင်းပွမှုကို ထိန်းချုပ်ထားနိုင်မည်ဆိုပါက အာဆီယံဗဟိုဘဏ်များ၌ ငွေကြေးဆိုင်ရာမူဝါဒများ လွယ်ကူချောမွေ့လာစေနိုင်ပြီး ကျယ်ပြန့် သော မိသားစုလိုအပ်ချက်များကို ထောက်ပံ့ပေးနိုင်မည်ဖြစ်ပါသည်။

ဝန်ဆောင်မှုများ (Trade in Services)

၃၈။      အာဆီယံသည် စုပေါင်းဝန်ဆောင်မှု လုပ်ငန်းများအတွက်လည်း ဆုံးဖြတ်ချက်များ၊ ကတိဝန်ခံချက်များ ချမှတ်ထားပြီးဖြစ်၍ ယင်းတွင် လေကြောင်းပို့ဆောင်ရေးလုပ်ငန်း အလုပ် အကိုင်ဝန်ဆောင်မှုလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ ကြေးနန်းဆက်သွယ်ရေးလုပ်ငန်းနှင့် ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းတို့ပါဝင်သည်။ အလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းတွင် ICT ဆက်သွယ်ရေးလုပ်ငန်းများ ဖွဲ့စည်းထားပြီး e-ASEAN ပူးပေါင်းဆောင်ရွက်မှုအတွက်လည်း စီစဉ်ထားရှိပြီးဖြစ်ပါသည်။

အီး-အာဆီယံ (e-ASEAN)

၃၉။      e-ASEAN Framework Agreements ကို ၂၄-၁၁-၂၀၀၀ ခုနှစ်တွင် စင်္ကာပူနိုင်ငံ၌ လက်မှတ်ရေးထိုးခဲ့ပါသည်။ အာဆီယံဒေသ၏ သတင်းအချက်အလက်နည်းပညာ ( Information and Communication Technology) ယှဉ်ပြိုင်မှုဖွံ့ဖြိုးရန်၊ အားဖြည့်ရန်နှင့် မြှင့်တင်ရန်ရည်ရွယ် ပါသည်။ အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ICT ကွာဟမှုကျဉ်းမြောင်းစေရန် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်နှင့် ICT ပစ္စည်းများကုန်သွယ်မှု၊ ဝန်ဆောင်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများအပေါ် ကန့်သတ်ချက်များကို ဖြေလျော့မြှင့်တင်ရေးအတွက် ဆောင်ရွက် လျက်ရှိပါသည်။

သယ်ယူပို့ဆောင်ရေး (Transport)

၄၀။      အာဆီယံသယ်ယူပို့ဆောင်ရေး ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းသည် နိုင်ငံရေးအခြေ အနေနှင့် နိုင်ငံ၏ထောက်ပံ့နိုင်မှုအပေါ် ချင့်ချိန် သုံးသပ်အကောင်အထည်ဖော်ရမည့် လုပ်ငန်း ဖြစ်ပါသည်။ သတ္တမအကြိမ်ထိပ်သီးညီလာခံတွင် စင်္ကာပူ-ကူမင်း မီးရထားဆက်သွယ်ရေး လုပ်ငန်းကို ဦးစားပေးအစီအစဉ်အဖြစ် ထပ်မံအတည်ပြုခဲ့ကြပြီး လမ်းဖောက်လုပ်ရေးဆိုင်ရာ သဘောတူညီချက်များကို သယ်ယူပို့ဆောင်ရေးဝန်ကြီးများထံမှ ခွင့်ပြုချက်များရယူခဲ့သည်။ ၂၀၀၁ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်တွင် အာဆီယံစီးပွားရေး ဝန်ကြီးများက အာဆီယံရေကြောင်း သယ်ယူပို့ဆောင်ရေး အပိုင်းကဏ္ဍများကို သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်။ အာဆီယံ ဒေသတွင်းလေကြောင်းပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းကို ၂၀၀၂ ခုနှစ်၊ နှစ်လယ်ပိုင်းတွင် စတင်ခဲ့ရာ အာဆီယံ ဒေသအတွင်းလေကြောင်းဆက်သွယ်မှု လွယ်ကူချောမွေ့စေရေးအတွက် ပထမဆုံး ခြေလှမ်း ဖြစ်သည်။ အာဆီယံအဖွဲ့ဝင်နိုင်ငံတိုင်းသည် တန်ချိန် ၁၀၀ အထိ ရှိသော လေယာဉ်ကြီးများ ဆင်းသက်နိုင်သည့် လေယာဉ်ကွင်းများတည်ဆောက်ရမည်ဖြစ်သည်။ အာဆီယံခရီးသွား လမ်းမကြီး တည်ဆောက်ရန်အတွက် ဒေသဆိုင်ရာလမ်းကြောင်း(၂၈)ခု သတ်မှတ်ထားပြီးဖြစ်သည်။ အာဆီယံအဖွဲ့ဝင်နိုင်ငံများအတွင်းဆိုင်ရာ လေကြောင်းများအတွက် အသီးသီးစီမံ ဆောင်ရွက်လျက်ရှိနေပြီးဖြစ်ပါသည်။

အာဆီယံကုန်းလမ်းပို့ဆောင်ရေးသဘောတူညီချက်များ

၄၁။     ပထမအကြိမ် အာဆီယံအလွတ်သဘော  ထိပ်သီးအစည်းအဝေး (၃-၁၂-၁၉၉၆ ဂျာကာတာမြို့၊ အင်ဒိုနီးရှား) နှင့် ဒုတိယအကြိမ် အာဆီယံအလွတ်သဘော ထိပ်သီးအစည်း အဝေး (ကွာလာလမ်ပူမြို့၊ မလေးရှား) မှစတင်ခဲ့ပြီး (၆) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်း အဝေး (၁၆-၁၂-၁၉၉၈၊ ဟနွိုင်းမြို့၊ ဗီယက်နမ်) ၏ Hanoi Plan of Action အရ အောက်ပါ သဘောတူညီချက် (၃)ခုကို အကောင်အထည်ဖော်ရန် ဆုံးဖြတ်ခဲ့ကြပါသည်-

(က)  အာဆီယံနိုင်ငံ ဖြတ်သန်းကုန်စည်များပို့ဆောင်ရာတွင် လွယ်ကူချောမွေ့ စေရေးမူဘောင်သဘော တူညီချက်

        ASEAN Framework Agreement on the Facilitation of Goods in Transit-AFAFGIT

 (ခ)   အာဆီယံနိုင်ငံအချင်းချင်း ပို့ဆောင်ရေးလွယ်ကူချောမွေ့စေရေးမူဘောင် သဘောတူညီချက်

         ASEAN Framework Agreement on the Facilitation of Inter- State Transport- AFAFIST

(ဂ)    အာဆီယံဘက်စုံပို့ဆောင်ရေး သဘောတူညီချက်

        ASEAN Agreement on Multimodal Transport         

၄၂။     အထက်ပါသဘောတူညီချက် (၃) ခုအနက် ပထမ (၂)ခုမှာ ကုန်းလမ်းဖြင့် ကုန်စည် ပို့ဆောင်ခြင်းအတွက် ရေးဆွဲထားပြီး တတိယစာချုပ်မှာ ကုန်း၊ ရေ၊ လေ ချိတ်ဆက်၍ ကုန်စည် ပို့ဆောင်ခြင်းအတွက် ရေးဆွဲထားသော စာချုပ်များဖြစ်ပါသည်။

၄၃။   အာဆီယံနိုင်ငံ ဖြတ်သန်းကုန်စည်များပို့ဆောင်ရာတွင် လွယ်ကူချောမွေ့စေရေး မူဘောင်သဘောတူညီချက် - AFAFGITကို အဖွဲ့ဝင်နိုင်ငံများက လက်ခံအတည်ပြုသော ကြောင့် သဘောတူစာချုပ်သည် အာဏာသက်ဝင် သော်လည်း လက်တွေ့အကောင်အထည် ဖော်ရာတွင် အသေးစိတ်ညှိနှိုင်းရေးဆွဲသည့် အခြေပြစာချုပ်ငယ် (Protocols) – (၉) ခုကို အဖွဲ့ဝင်နိုင်ငံများ ညှိနှိုင်းသဘောတူလက်ခံအတည်ပြုမှသာ အကောင်အထည်ဖော်နိုင်မည်ဖြစ်ပါသည်။ အခြေပြ စာချုပ်များနှင့် တာဝန်ယူဆောင်ရွက်သောဌာနများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က) Protocol-1။   Designation of Transit Transport Router and Facilities (ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း ၈-၂-၂၀၀၇ လက်မှတ်ရေးထိုးပြီး)

(ခ)     Protocol-2။  Designation of frontier post

                            (အကောက်ခွန်ဦးစီးဌာန-ညှိနှိုင်းဆဲ)

(ဂ)    Protocol-3။ Types and Quantity of Road

                            (က.ည.န -၁၆-၉-၉၉ လက်မှတ်ရေးထိုးပြီး)

(ဃ)  Protocol-4။  Technical Requirement of Venicle

                            (က.ည.န ၁၆-၉-၉၉ လက်မှတ်ရေးထိုးပြီး)

(င)   Protocol-5။   ASEAN Sheme of compulsory Morter Vehicke Isurance)

(စ)   Protocol-6။   Railway of Border and Interchange Station

                            (မြန်မာ့မီးရထား- ဆိုင်းငံ့)

(ဆ)  Protocol-7။  Customs Transit System

                            (အကောက်ခွန်ဦးစီးဌာန-ညှိနှိုင်းဆဲ)

(ဇ)   Protocol-8။  Sanitary and Phytosnitary Measures

                            (စိုက်ပျိုးရေးစီမံကိန်းဦးစီးဌာန ၂၇-၉-၂၀၀၀ လက်မှတ်ထိုးပြီး)

(ဈ)  Protocol-9။    Dangerous Goods

                            (က.ည.န ၂၀-၉-၂၀၀၂ လက်မှတ်ရေးထိုးပြီး)

၄၄။    အာဆီယံနိုင်ငံအချင်းချင်း ပို့ဆောင်ရေးပို့ဆောင်ရေးလွယ်ကူချောမွေ့စေရေး မူဘောင် သဘောတူညီချက် AFAFIST မှာမူ Goods in Transit အပေါ် အခြေခံ၍ ရေးဆွဲထားသော်လည်း ညှိနှိုင်းမှုမှာ ရပ်ဆိုင်းလျက်ရှိပါသည်။ ယခင်ရေးဆွဲထားချက်များအပေါ် ပြင်ဆင်ချက်များ ဆောင်ရွက်ပြီး ၂၀၀၃ ခုနှစ်နောက်ဆုံးမူကြမ်းအထိ ဆောင်ရွက်ထားနိုင်ပြီး အကြမ်းအားဖြင့် Protocol (၁၀) ခု ပါဝင်မည်ဖြစ်ပါသည်။ အာဆီယံဘက်စုံပို့ဆောင်ရေးသဘောတူညီချက်ကို (၁၁) ကြိမ်မြောက် အာဆီယံပို့ဆောင်ရေးဝန်ကြီးများ အစည်းအဝေး (၁၈-၁၁-၂၀၁၅) ဗီယန် ကျင်းမြို့၊ လာအို)တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများအားလုံး သဘောတူလက်မှတ် ရေးထိုးနိုင် ခဲ့ပါသည်။

ကြေးနန်းဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နှင့်နည်းပညာ (Telecommunication and IT)

၄၅။      ကြေးနန်းဆက်သွယ်ရေးဆိုင်ရာဝန်ကြီးများ ပထမအကြိမ်အစည်းအဝေးကို ၂၀၀၁ ခုနှစ်၊ ဇူလိုင်လ ၁၃-၁၄ ရက်များ တွင် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၌ ကျင်းပခဲ့ပြီး၊ ကြေးနန်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာပူးပေါင်းဆောင်ရွက်မှုကို သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပါသည်။ ထိုပူးပေါင်းဆောင်ရွက်မှုမှ အာဆီယံသတင်းအချက်အလက် များ အတွင်းကျကျဖွဲ့စည်းမှု (ASEAN Information Infrastructure – All) ကို တည်ထောင်နိုင် ခဲ့ပါသည်။ ဝန်ကြီးများသည် သီးခြားလုပ်ငန်းအဖွဲ့များကို ASEAN Telecommunications Senior Officials Meeting (TELSOM) ၏ လက်အောက်တွင် တည်ထောင်နိုင်ခဲ့သည်။ ယင်း အစည်းအဝေးများသည် အာဆီယံဒေသအတွင်း စွမ်းရည်အဆောက်အအုံ၊ လူမှုအခွင့်အရေး၊ ကုန်သွယ်ရင်းနှီးမြှုပ်နှံမှု လွယ်ကူချောမွေ့ရေး အင်တာနက်အသုံးပြုနိုင်ရေးတို့ကို တည်ဆောက် ဆောင်ရွက်နိုင်ရန် ဆွေးနွေးနိုင်ခဲ့ကြသည်။ အာဆီယံကြေးနန်း ဆက်သွယ်မှုထိန်းသိမ်းရေး ကောင်စီ ASEAN Telecommunications Regulators Council (ATRC) သည် နည်းပညာ ဆိုင်ရာ အကြံပြုချက်များတောင်းခံပြီး အစီအစဉ်နှင့်လှုပ်ရှားမှုအသစ်များ ဆောင်ရွက်တာဝန်ယ ခဲ့ပါသည်။ (ATRC) သည် နည်းပညာဆိုင်ရာ အကြံပြုချက်များတောင်းခံပြီး အစီအစဉ်နှင့် လှုပ်ရှားမှုအသစ်များ ဆောင်ရွက်ခဲ့ပါသည်။ ATRC သည် အာဆီယံဆွေးနွေးဘက်နိုင်ငံများနှင့် အာဆီယံအဖွဲ့ဝင်သစ်နိုင်ငံများအကြား ဆက်သွယ်ရေးစနစ်တည်ဆောက်ရန် စီစဉ်လျက်ရှိပါ သည်။ ATRC သည် Digital Trunk Radio 380-400 Hmz ကို သဘောတူလက်ခံခဲ့ပြီး အာဆီယံ လေလှိုင်းအဖြစ် လုံခြုံရေး၊ ဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုလျက်ရှိပါ သည်။

၄၆။   သိပ္ပံနှင့်နည်းပညာ (Science and Technology)။   အာဆီယံသိပ္ပံနှင့် နည်းပညာ ဝန်ကြီးများသည် အာဆီယံသိပ္ပံနှင့်နည်းပညာ ကွန်ယက်လှုပ်ရှားမှုအစီအစဉ် ( Action on Science and Technology Implementation Framework) ကို ၂၀၀၁ ခုနှစ်၊ စက်တင်ဘာလ မှစတင်ခဲ့ပြီး ၂၀၀၁ ခုနှစ်မှ ၂၀၀၄ ခုနှစ်အတွင်း ဆောင်ရွက်ရန်ရည်ရွယ်ခဲ့ကြပါသည်။ ဝန်ကြီး များသည် Committee on Science & Technology-COST ၏  အခက်အခဲများကို ဆွေးနွေး ခဲ့ကြပြီး ဒေသတွင်းအသက်မွေးဝမ်းကျောင်းပညာရပ်များ တိုးတက်မှုရှိလာအောင် အစီအစဉ် များချမှတ်ခဲ့ကြသည်။ COST ၏ (၆) ကြိမ်မြောက် သိပ္ပံနှင့်နည်းပညာသီတင်းပတ်ဆွေးနွေးပွဲကို ဘရူနိုင်းနိုင်ငံ၊ ဘန်ဒါသီရီဘီဂါဝမ်တွင် ၂၀၀၁ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်မှ ၂၁ ရက်နေ့အထိ ကျင်းပခဲ့ပြီး အစီအစဉ်(၉) ရပ် ချမှတ်ဆောင်ရွက်ခဲ့သည်။ အာဆီယံနိုင်ငံအားလုံးမှ သိပ္ပံပညာရှင် ၂၂၀ ခန့်နှင့်သြစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ အမေရိကန် ပြည်ထောင်စု၊ ဘင်္ဂလားဒေ့ရှ် ၊ အီဂျစ်နှင့် ကူဝိတ်မှ သိပ္ပံပညာရှင်များပူးပေါင်းပါဝင်၍ နည်းပညာစာတမ်း (၂၃၃) ခုကို တင်ပြ ဆွေးနွေးခဲ့သည်။ COST ၏ ဆပ်ကော်မတီအချို့မှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က)    အာဟာရသိပ္ပံနှင့်နည်းပညာ (Food Science and Technology) ဆပ်ကော်မတီ

(ခ)     ဇီဝနည်းပညာ (Biotechnology) ဆပ်ကော်မတီ

 (ဂ)     အာကာသနည်းပညာ (Space Technology) ကြိုးပမ်းဆောင်ရွက်မှုကော်မတီ

 (ဃ)   ရေကြောင်းသိပ္ပံနှင့်နည်းပညာ (Marine Science and Technology) ဆပ် ကော်မတီ

စွမ်းအင်( Energy)

၄၇။   အာဆီယံစွမ်းအင်ဝန်ကြီးများသည် အာဆီယံနိုင်ငံများအကြား သဘာဝဓါတ်ငွေ့ နှင့် စွမ်းအင်ဆက်သွယ်ရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက်နိုင်ရေးကို ဆွေးနွေးခဲ့ကြပါသည်။ စွမ်းအင်ဈေးကွက်၌ ကောင်းမွန်သော အကျိုးဆက်များရရှိလာနိုင်စေ ရန် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုပြုလုပ်ရန်လိုအပ်ကြောင်း လက်ခံခဲ့ကြသည်။ ၂၀၀၂ ခုနှစ်၊ မတ်လတွင် ဥရောပကော်မရှင်နှင့် အာဆီယံအကြား စွမ်းအင်ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်များ ချမှတ်နိုင်ရန် စတင်တွေ့ဆုံ ဆွေးနွေးခဲ့သည်။ ဥရောပကော်မရှင်မှ ယူရို(၁၈) သန်းထောက်ပံ့မည်ဖြစ်ပါသည်။ အာဆီယံ စွမ်းအင်ဗဟိုအဖွဲ့   ACE သည် ၁၉၉၉ မှ ၂၀၀၄ အတွင်း စွမ်းအင်ကွန်ရက်ကို ထောက်ပံ့ ဆောင်ရွက်နိုင်မည်ဟု ခန့်မှန်းထားပါသည်။

 အာဆီယံ၏ ယဉ်ကျေးမှုနှင့် လူမှုရေးအသိုက်အဝိုင်း

အာဆီယံ၏ ယဉ်ကျေးမှုနှင့်လူမှုရေးရည်ရွယ်ချက်များ

၄၈။     အာဆီယံ၏ ယဉ်ကျေးမှုနှင့်လူမှုရေးရည်ရွယ်ချက်များမှ  အောက်ပါအတိုင်းဖြစ်ပါ သည်-

(က)  ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ခေတ်ပြိုင်အနုပညာရပ်များ ကို တိုးမြှင့်အားပေးရေး။

(ခ)    ပညာရေးနှင့်လေ့ကျင့်သင်တန်းပို့ချမှုများတိုးမြှင့်ရေး။

(ဂ)    လူမှုရေး၊ မျှတမှုနှင့် လူမှုရေးဝန်ဆောင်မှုများ တိုးတက်ကောင်းမွန်ရေး။

(ဃ)  အမျိုးသမီးများအတွက် အခွင့်အလမ်းများတိုးတက်ရရှိရေးနှင် မိသားစုဘဝ ကျစ်လစ်ခိုင်မာရေး။

(င)    အေအိုင်ဒီအက်စ်ရောဂါနှင့် မူးယစ်ဆေးဝါးဆန့်ကျင်တိုက်ဖျက်မှုများကို ပြင်းပြင်း ထန်ထန်ဆောင်ရွက်ရေး။

(စ)   အကျိုးဖြစ်ထွန်းမည့် အစိုးရမဟုတ်သော အဖွဲ့အစည်းများကို အားပေးရေး။

လူမှုရေးဖွံ့ဖြိုးတိုးတက်မှု (Social Development)

၄၉။      အာဆီယံ လူနေမှုဘဝဖူလုံရေးနှင့်ဖွံ့ဖြိုးတိုး တက်ရေးအဆင့်မြင့်ဌာနဆိုင်ရာဆွေးနွေးပွဲ များသည် အာဆီယံဒေသအတွင်း လူမှုဘဝဖူလုံရေး၊ ကလေးသူငယ်များအရေး၊ လူဦးရေနှင့် မိသားစု ပြသနာများအရေးကို ဦးတည်ဆွေးနွေးလျက်ရှိပါသည်။ အာဆီယံလူမှုရေးနှင့် ဖွံ့ဖြိုး တိုးတက်မှုကော်မတီ (Committee of Social Development-COSD) သည် အဆင့်မြင့် ဌာနဆိုင်ရာဆွေးနွေးပွဲများတွင် အလုပ်သမားများ၊ လူငယ်များ၊ ကျန်းမာရေး ဖွံ့ဖြိုးတိုးတက် မှုအတွက် အားပေးတိုက်တွန်းခဲ့ကြပြီး ဝန်ကြီးအဆင့် အစည်းအဝေးများသို့ တင်ပြပေးခဲ့ သည်။ COSD ကို ၁၉၇၈ ခုနှစ်က စတင်ဖွဲ့စည်းဆောင်ရွက်ခဲ့ပြီး COSD၏ လုပ်ငန်းများတွင် ပညာရေး သုတေသနပညာပေးသင်တန်းနှင့် ကျန်းမာရေးအာဟာရဆိုင်ရာ လုပ်ငန်းများ၊ ကုန်ထုတ် လုပ်မှုလုပ်ငန်းများ၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှု၊ လူငယ်ရေးရာ၊ အမျိုးသမီးရေးရာ၊ AIDS ရောဂါ တိုက်ဖျက်ရေးလုပ်ငန်း များအပြင် ကလေးသူငယ်ဆိုင်ရာ၊ လူဦးရေဆိုင်ရာနှင့် လူမှုဝန်ထမ်း လုပ်ငန်းရပ်ဆိုင်ရာများ ပါဝင်သည်။ လက်ရှိတွင် အောက်ပါ လုပ်ငန်းစဉ် (၇) ရပ်ကို ဖွဲ့စည်း ဆောင်ရွက်လျက်ရှိသည်-

(က)    အာဆီယံလူငယ်ရေးရာဆပ်ကော်မတီ (ASY)

(ခ)     အာဆီယံအမျိုးသမီးများအစီအစဉ် (AWP)

(ဂ)     အာဆီယံကျန်းမာရေးနှင့် အာဟာရဆိုင်ရာဆပ်ကော်မတီ (ASCH)

(ဃ)    အာဆီယံပညာရေးဆိုင်ရာဆပ်ကော်မတီ (ASIOE)

(င)     အာဆီယံအလုပ်သမားရေးရာဆပ်ကော်မတီ (ASCLA)

(စ)     အာဆီယံဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ပညာရှင်များအဖွဲ့ (AEGDM)

(ဆ)    ခုခံအားကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေး (ASEAN Task Force on AIDS)

ကျေးလက်ဖွံ့ဖြိုးတိုးတက်မှုနှင့်ဆင်းရဲမှုပပျောက်ရေး (Rural Development & Poverty Eradicaiton)

၅၀။      ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမွဲတေမှုပပျောက်ရေး လေ့လာမှု စီမံချက်ကို ASEAN-UNDP ဒေသဆိုင်ရာ စီမံကိန်း-၆ (ASP 6 Project) နှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်။ ထိုလေ့လာမှုစီမံချက်သည် နိုင်ငံတကာမှပါဝင် ဆောင်ရွက်မှု အခွင့်အလမ်းများကို ရရှိစေနိုင်ခဲ့ပြီး ပြုပြင်ပြောင်းလဲရန်နှင့် အတွေ့အကြုံများဖလှယ်ရန် တန်ဖိုးရှိသော လုပ်ငန်းခွင်အတွေ့အကြုံ များကိုပါ ရရှိစေနိုင်ခဲ့သည်။

ကျန်းမာရေးဖွံ့ဖြိုးတိုးတက်မှု (Health Development)

၅၁။      အာဆီယံ ကျန်းမာရေး ဝန်ကြီးများသည် ဗီယန်ကျင်းကြေညာချက်ကို ထုတ်ပြန်ခဲ့ပြီး ဒေသတွင်းကျန်းမာရေး လှုပ်ရှားမှုစီမံချက်များကို ၂၀၀၂ခုနှစ်၊ မတ်လတွင် ချမှတ်ခဲ့ကြသည်။ အဖွဲ့ဝင်နိုင်ငံများသည် ပိုမိုရှုပ်ထွေးလာသော ရောဂါဘယများ၊ ကူးစက်ရောဂါများကို ရင်ဆိုင် ကြုံတွေ့လာခဲ့ကြရသည်။ ကျန်းမာရေးဘဝအခြေအနေကိုမြှင့်တင်ရန် အာဆီယံအဖွဲ့ဝင်နိုင်ငံ များသည် မတော်တဆထိခိုက်မှုများမှကာကွယ်ရေး၊ အရက်သေစာသောက်သုံးမှုနှင့် ဆက်နွယ် သော ရောဂါများ ထိန်းချုပ်ရေး၊ ပတ်ဝန်းကျင်ကျန်းမာရေး၊ သက်ကြီးရွယ်အိုကျန်းမာရေး၊ စိတ်ကျန်းမာရေး၊ အာဟာရပျိုးထောင်ရေး၊ ဆေးရွက်ကြီးထိန်းချုပ်ရေး၊ မူးယစ်ဆေးဝါး တားဆီး ကာကွယ်ရေး၊ မိခင်နှင့်ကလေးကျန်းမာရေးစသည့်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

ကူးစက်ရောဂါတိုက်ဖျက်ရေး (Disease Surveillance)

၅၂။      အာဆီယံဒေသအတွင်း ကူးစက်ရောဂါတိုက် ဖျက်ရေးဆွေးနွေးမှုများကို အင်ဒိုနီးရှား နိုင်ငံ၊ ဘာလီမြို့တွင် ၂၀၀၂ ခုနှစ်၊ ဧပြီလ ၂၉ ရက်မှ မေ ၂ ရက်နေ့အထိ  ပြုလုပ်ခဲ့ကြသည်။ ငွေကြေးနှင့်နည်းပညာပံ့ပိုးမှုများကို အမေရိကန်ပြည်ထောင်စုမှ Naval Medical Research Unit 2 (NAMRU-2) မှ ပေးအပ်ခဲ့ပြီး ဒေသတွင်းတိုးတက်ဖွံ့ဖြိုးရေးအကူအညီများကို ပေးအပ် လျက်ရှိပါသည်။  ၁၉၉၇ ခုနှစ်မှ ၂၀၀၂ ခုနှစ်အတွင်း WHO သည် အာဆီယံကူးစက်ရောဂါ တိုက်ဖျက်ရေးလှုပ်ရှားမှုအတွက် နည်းပညာနှင့် ငွေကြေးအထောက်အပံ့များ ပေးအပ်ခဲ့ပါသည်။

သက်ကြီးရွယ်အိုစောင့်ရှောက်ရေး (Care for the Elderly)

၅၃။      အာဆီယံလုပ်ငန်း အစီအစဉ်များတွင် သက်ကြီး ရွယ်အိုများစောင့်ရှောက်မှုသည်လည်း အရေးပါသော လူမှုရေးလုပ်ငန်တစ်ခုဖြစ်သည်။ သက်ကြီးရွယ်အို စောင့်ရှောက်မှုဆိုင်ရာ အာဆီယံလုပ်ငန်းခွင်အစည်းအဝေးကို ကိုးရီးယားနိုင်ငံ၊ ဆိုးလ်မြို့တွင် ၂၀၀၁ ခုနှစ်၊ စက်တင်ဘာလတွင် ကျင်းပခဲ့ပြီး၊ အစိုးရအဖွဲ့အစည်းများ၊ နိုင်ငံတကာနှင့်ဒေသတွင်း NGO အဖွဲ့ များ ပူးပေါင်း၍ အစီအစဉ်များဆောင်ရွက်ခဲ့ကြသည်။

ဆေးဝါးလုပ်ငန်း (Pharamaceuticals)

၅၄။     အာဆီယံနှင့် WHO တို့ ဆက်သွယ်ပြီး ဆေးဝါးအဆင့်အတန်းမြင့်မားရေးနှင့် ဒေသတွင်း စွမ်းရည်ထက်မြက်သူများ လေ့ကျင်ပေးရေးလုပ်ငန်းတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။ အာဆီယံအဖွဲ့ဝင်နိုင်ငံများကလည်း ကောင်းမွန်သော လေ့ကျင့်မှုများဖြင့် အရည်အသွေးမြင့်မား သော ဆေးဝါးများ ဖော်ထုတ်နိုင် ရေးအတွက် စီစဉ်ဆောင်ရွက်ကြရမည်ဖြစ်ပါသည်။

HIV/AIDS ကာကွယ်ရေးနှင့်ထိန်းချုပ်ရေး(HIV/AIDS Prevention and Control)

၅၅။     သတ္တမ အကြိမ်မြောက်ထိပ်သီးအစည်းအဝေးတွင် HIV/AIDS ကာကွယ်ထိန်းချုပ်ရေး ကိစ္စများကို ထည့်သွင်းစဉ်းစားခဲ့ကြသည်။ HIV/AIDS ဆိုင်ရာ ဥပဒေကြေညာချက်များ ထုတ်ပြန် ကြပြီး အာဆီယံလုပ်ငန်းအစီအစဉ် လေးနှစ်စီမံကိန်းအဖြစ် ၂၀၀၂ မှ ၂၀၀၅ အထိ သတ်မှတ် ခဲ့ပါသည်။ မြန်မာ၊ ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ် (၆)နိုင်ငံအကြား HIV ကျဆင်းရေးကို ပူးပေါင်းဆောင်ရွက်ရန်သဘောတူညီချက် အစီအစဉ်များရေးဆွဲ၍ ၂၀၀၁ ခုနှစ်၊ စက်တင်ဘာလတွင် လက်မှတ်ရေးထိုးခဲ့ကြပါသည်။ အာဆီယံနိုင်ငံ အသီးသီးသည် နိုင်ငံတွင်း နှင့် နိုင်ငံတကာ NGO အဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ဆက်သွယ်ရေးလမ်းကြောင်းများမှာ-

          (က)    Asia Pacific Network of People Living with HIV/AIDS (APN+)

          (ခ)     Asia Pacific Network of Sex Workers (APNSW)

          (ဂ)     Coordination of Action Research on AIDS and Mobility (CHARM-Asia)

          (ဃ)    Asia Pacific Council of AIDS Service Organization (APCASO)

          (င)     AIDS Society of Asia Pacific (ASAP) နှင့်

          (စ)     Asian Harm Reduction Network (AHRN) တို့ ဖြစ်ပါသည်။

အမျိုးသမီးများနှင့် ကလေးသူငယ်များ (Woman & Children)

 ၅၆။     ၁၉၈၈ ခုနှစ် နိုင်ငံခြားရေးဝန်ကြီးများ၏ အာဆီယံအမျိုးသမီးများ တိုးတက်မှုကြေညာ စာတမ်း၏ နောက်ဆက်တွဲအဖြစ် အာဆီယံအမျိုုးသမီးများ ကော်မတီသည် ပထမအစီရင်ခံစာ ကို ၁၉၉၆ တွင်ထုတ်ပြန်ခဲ့ပြီး UNDP ၏ ထောက်ပံ့မှှုဖြင့် ၂၀၀၁ ခုနှစ်တွင် ဒုတိယအကြိမ် ထုတ်ပြန်ခဲ့သည်။ နိုင်ငံတွင်းနှင့် ဒေသဆိုင်ရာအမျိုးသမီးများ၏ တိုးတက်မှုကို အာဆီယံ (၁၀) နိုင်ငံအစိုးရများက လက်ခံကြိုဆိုခဲ့ကြသည်။ ၂၀၀၁ ခုနှစ်တွင် ဒေသဆိုင်ရာလုပ်ငန်း အစီအစဉ် များကို ချမှတ်ဆောင်ရွက်ခဲ့ပြီး အားနည်းသော အမျိုးသမီးများ လေ့ကျင့်ပျိုးထောင် ပညာပေး ရေးလုပ်ငန်းကို စတင်ဆောင်ရွက်ခဲ့ရာ UNDP မှ ထောက်ပံ့ကူညီခဲ့သည်။ ကမ္ဘာ့ဘဏ်၏ ပူးပေါင်းဆောင်ရွက်မှုအားဖြင့် ၂၀၀၁ ခုနှစ်၊ ဇူလိုင်လတွင် Series of Video Conference ကို ကျင်းပနိုင်ခဲ့သည်။ ရည်ရွယ်ချက်မှာ အမျိုးသမီးများ၏ လူမှုရေး၊ စီးပွားရေး စွမ်းဆောင်မှု အရည်အသွေး မြင့်မားရေးဖြစ်သည်။ အာဆီယံကလေးသူငယ်စောင့်ရှောက်မှုနှင့် ဖွံ့ဖြိုးရေး စီမံချက်ကို အာဆီယံနှင့် UNICEF အရှေ့အာရှနှင့် ပစိဖိတ်ဒေသလုပ်ငန်းဌာနများ ပူးပေါင်း အကောင်အထည်ဖော်လျှက်ရှိ ပါသည်။

 လူငယ်ရေးရာ (Youth)

၅၇။   ၂၀၀၂ ခုနှစ်၊ မေလတွင် ASEAN+3 Leadership Executive Programs ကို စင်္ကာပူ တွင်ဖွဲ့စည်းတည်ထောင်ခဲ့သည်။ ရည်ရွယ်ချက်မှာ လူငယ်အဖွဲ့အစည်းများဖွံ့ဖြိုးတိုးတက်ရေး အတွက် သတင်းဆက်သွယ်ရေးနည်းပညာတိုးပွားမှု (Riding the information technology wave for the Youth Organization Development) ဖြစ်သည်။ ထိုအစီအစဉ်ကို အာဆီယံ၊ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားတို့မှ လူငယ်အဖွဲ့အစည်း ၄၀ တို့၏ ခေါင်းဆောင်များ တက်ရောက်ဆွေးနွေးခဲ့ကြသည်။ နောက်ထပ်စီမံချက်တစ်ခုမှာ Regional Training Workshop on Self-Employment for Out-of-School Youth ဖြစ်ပြီး ၂၀၀၂ ခုနှစ်၊ မေလ ၂၆ ရက်မှ ဇွန်လ ၂ ရက်အထိ ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တွင် ကျင်းပခဲ့သည်။ အာဆီယံ လူငယ်ဆိုင်ရာ ဆုများကို ၁၉၉၉ခုမှ စတင်ချီးမြှင့်ခဲ့ရာ နှစ်စဉ်ဆုများတိုးမြှင့်ချီးမြှင့်ခဲ့သည်။ နှစ်စဉ်အာဆီယံလူငယ်များနေ့ အစည်းအဝေးကို ကျင်းပခဲ့သည်။ ပထမတွင် ဂျပန်အစိုးရမှ ကမကထပြုလုပ်ပေးခဲ့ပြီး ၂၀၀၃ ခုနှစ်မှစတင်၍ အာဆီယံနိုင်ငံများမှ အိမ်ရှင်အဖြစ် အလှည့်ကျလက်ခံကျင်းပရမည်ဖြစ်ပါသည်။

ပညာရေးနှင့်အာဆီယံတက္ကသိုလ်ကွန်ယက်(Education and ASEAN University Network)  

၅၈။     အာဆီယံ ပညာရေးကော်မတီ ASEAN Committee on Education (ASCOE) သည် ပညာရေးပူးပေါင်းလှုပ်ရှားမှု ငါးနှစ် စီမံကိန်းအရ လမ်းညွှန်အစီအစဉ်များချမှတ် ဆောင်ရွက် လျက်ရှိပါသည်။ မလေးရှားနိုင်ငံသည် ပထမအကြိမ် အာဆီယံကျောင်းသားများ ဖလှယ်ရေး အစီအစဉ်ကိုလက်ခံခဲ့ပြီး စင်္ကာပူမှ ဒုတိယအကြိမ်၊ ထိုင်းမှ တတိယအကြိမ် လက်ခံဆောင် ရွက်ခဲ့သည်။ အာဆီယံပညာရေးပူးပေါင်း ဆောင်ရွက်မှုများ တိုးတက်လာခဲ့ရာ အာဆီယံ တက္ကသိုလ် ကွန်ယက် AUN တွင် တက္ကသိုလ်ပေါင်း (၁၇) ခု ပါဝင်လျက်ရှိပါသည်။ အာဆီယံ ပညာရေး ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်တွင် ပုံမှန်လှုပ်ရှားမှုအဖြစ် အာဆီယံနိုင်ငံများ အတွင်း တက္ကသိုလ်ချင်းဖလှယ်၍ လက်ခံသင်ကြားပေး လျက်ရှိပါသည်။ ပဉ္စမအကြိမ်မြောက် ပညာရေးဆွေးနွေးပွဲ အစီအစဉ်ကို ၂၀၀၂ မေလတွင် မလေးရှားမှလက်ခံ ကျင်းပခဲ့ပါသည်။ AUN ၏ တက္ကသိုလ်ချင်းဖလှယ်ရေးအစီအစဉ်ရည်ရွယ်ချက်မှာ ပညာရေးပူးပေါင်းဆောင်ရွက်မှု ပိုမို မြင့်မားလာစေရန်နှင့် သိပ္ပံပညာရှင်၊ ထူးချွန်ပညာရှင်များ ပေါ်ထွန်းလာစေရေးဖြစ်သည်။

ယဉ်ကျေးမှုနှင့်သတင်းအချက်အလက် (Culture and Information)

၅၉။     အာဆီယံ၏ပုံရိပ်ကို ဖော်ဆောင်နိုင်မည့် စီမံချက်အသစ်များ စတင်ချမှတ်ရန် ယုံကြည် လျက် အာဆီယံယဉ်ကျေးမှုနှင့် သတင်းအချက်အလက်ကော်မတီ (Committee on Culture and Information ) COCI အစီအစဉ် စာအုပ်သစ်ကိုထုတ်ဝေရန် စီစဉ်ခဲ့သည်။ ထိုစာအုပ်တွင် အရှေ့တောင်အာရှဒေသများ၏ ယဉ်ကျေးမှုဓလေ့ထုံးစံများကို ဖော်ပြထားသည်။ အထူးသဖြင့် အနုပညာလက်ရာများဖြစ်သည်။ စာအုပ်အမည်မှာ “Perspective on Southeast Asia Humanities” ဖြစ်ပါသည်။ COCI သည် အာဆီယံအနုပညာဆိုင်ရာပြပွဲများကို နိုင်ငံတကာ အဆင့်ကျင်းပပေးလျက်ရှိသည်။ ထိုပြပွဲများသည် ပရိတ်သတ်သစ်များနှင့် အာဆီယံအနုပညာရှင် များကို မိတ်ဆက်ခြင်းဖြစ်ပြီး ဒေသတွင်းယဉ်ကျေးမှု အဆင့်အတန်းကို ဖော်ထုတ်တင်ဆက ခြင်းဖြစ်သည်။

နိဂုံး

၆၀။     အာဆီယံအဖွဲ့ကြီးသည် ယနေ့ကမ္ဘာတွင် တစ်နိုင်ငံတည်းအထီးကျန်ရပ်တည်၍ မရနိုင်ကြောင်း လေးနက်စွာယုံကြည်သဖြင့် ဒေသတွင်းနိုင်ငံများ အချင်းချင်းချစ်ကြည် ရင်းနှီးစွာဖြင့် အာဆီယံအဖွဲ့ကြီးကို တည်ထောင်ခဲ့ရာ နိုင်ငံအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်များမှ တစ်ဆင့်ဒေတွင်းစီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေး မှုတိုးတက်ဖြစ်ပေါ်ရေး ကို မြှင့်တင်နိုင်ခဲ့ကြပါသည်။ အင်အားကြီးနိုင်ငံများ၏ ပြိုင်ဆိုင်မှု၊ ကြီးစိုးမှုများ ဒေသအတွင်း စိမ့်ဝင်ပျံ့နှံ့မလာစေရေးအတွက် ဒေသအတွင်းနိုင်ငံရေးနှင့် စီးပွားရေးတည်ငြိမ်မှုကို ထိန်းသိမ်းကာကွယ်ဆောင် ရွက်လျက်ရှိပြီး ဒေသအတွင်းနိုင်ငံအချင်းချင်း ဖြစ်ပေါ်လာသော သဘောထားကွဲလွဲမှုများကို ငြိမ်းချမ်းစွာညှိနှိုင်း ဖြေရှင်းပေးလျက်ရှိသည့် အဘက်ဘက်မှ တိုးတက်လျက်ရှိသော အဖွဲ့ကြီးအဖြစ် ရပ်တည်လျှက်ရှိသည်။ ထို့အပြင် ကမ္ဘာ့နိုင်ငံ အသီးသီးက အလေးထားရသော အဖွဲ့အစည်းကြီးဖြစ်ကြောင်း တင်ပြအပ်ပါသည်။

၆၁။      အာဆီယံ၏ နိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်း၊ စီးပွားရေးအသိုက်အဝန်းနှင့် လူမှုရေးနှင့် ယဉ်ကျေးမှု အသိုက်အဝန်းများအကြောင်း အသေးစိတ်ကို အောက်ဖော်ပြပါ link မှ အသေးစိတ်ဝင်ရောက်လေ့လာရရှိနိုင်ပါသည်။

https://asean.org/the-founding-of-asea