ပုသိမ်တက္ကသိုလ် ဆရာ/ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအတွက် မူပိုင်ခွင့်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

နေပြည်တော်၊ ဇူလိုင်လ ၁၆
   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနနှင့် ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ဦးစီးဌာန ပုသိမ်တက္ကသိုလ်တို့ ပူးပေါင်း၍ မူပိုင်ခွင့်ဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်နေ့၌ ပုသိမ်တက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပခဲ့ရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ် တက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့သည်။
   ဆွေးနွေးပွဲတွင် ညွှန်ကြားရေးမှူးချုပ်က တက္ကသိုလ်များတွင် နည်းပညာနှင့်တီထွင်ဆန်း သစ်မှုအထောက်အကူပြုစင်တာ(TISC)များ တည်ထောင်ရခြင်း၏ ရည်ရွယ်ချက်မှာ တက္ကသိုလ်များရှိ သုတေသနများ၊ နည်းပညာနှင့် သတင်းအချက်အလက်များကို တီထွင်ဖန်တီးမှုများတွင် အသုံးချနိုင်ခြင်း၊ သုတေသနလုပ်ငန်းများနှင့် တီထွင်ဖန်တီးမှုများကို မြှင့်တင်ပေးနိုင်ခြင်း၊ သုတေသနလုပ်လုပ်ငန်းများနှင့် တီထွင်ဆန်းသစ်မှုများကို လှုံ့ဆော်ပေးခြင်းနှင့် နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အပံ့ဖြစ်စေခြင်း စသည့်အကျိုးကျေးဇူးများရရှိစေမည်ဖြစ်ပါကြောင်း၊ တက္ကသိုလ်ရှိ သုတေသနများ၊ တီထွင်မှုများနှင့် ဒေသခံ MSME လုပ်ငန်းများအကြား ချိတ်ဆက်မှုတိုးမြှင့်နိုင်ရေး ဝိုင်းဝန်းဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး  TISC စင်တာများမှ Focal Person အား TISC စင်တာများနှင့်စပ်လျဉ်းသည့် အခြေခံဗဟုသုတများ၊ ကျွမ်းကျင်မှုများရရှိစေရန် သင်တန်းများပို့ချခြင်း၊ WIPO DL Courses များ ဖြေဆိုစေခြင်း၊ TISC စင်တာများကို ပြည်သူများသိရှိအောင် ဆောင်ရွက်ပေးခြင်း၊ သုတေသနပြုလုပ်သူများ၊ တီထွင်ဖန်တီးသူများ၊ စက်ရုံများ၊ MSMEs လုပ်ငန်းများနှင့် တက္ကသိုလ်/ သုတေသနဌာနများ အကြား ချိတ်ဆက်မှုတိုးမြှင့်နိုင်ရေး ဆောင်ရွက်နိုင်တော့မည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။ 
   ထို့နောက် ပုသိမ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသွယ်လင်းကိုက သုတေသန လုပ်ငန်းများမှ ရရှိလာ‌သော သုတေသနရလဒ်များကို ဒေသခံ MSME လုပ်ငန်းရှင်များ၊ စီပွားရေး လုပ်ငန်ရှင်များမှ ရယူသုံးစွဲနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ TISC စင်တာတွင် တာဝန်ထမ်းဆောင်နိုင်ရေးအတွက် Focal Person များကိုလည်း သတ်မှတ်ထားပြီး ဖြစ်ပါ ကြောင်း၊ TISC စင်တာဖွင့်လှစ်ပြီးပါက ဒေသခံ MSME လုပ်ငန်းရှင်များ၊ စီပွားရေးလုပ်ငန်ရှင်များ စနစ်တကျ ပေါင်းစပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အဆိုပါအခမ်းအနားသို့ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၄၅၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
  ဆက်လက်၍ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာစိမ့်သန္တာထွန်းက မူပိုင်ခွင့်အကြောင်းသိကောင်းစရာနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ရာ မူပိုင်ခွင့်အမျိုးအစားများ၊ အကာအကွယ်ရယူခြင်းကြောင့်ရရှိနိုင်မည့် အခွင့်အရေးများ၊ တက္ကသိုလ်များမှ သုတေသနပြုလုပ်ခြင်း ဖြင့် ရရှိနိုင်သော သုတေသနရလဒ်များအား မူပိုင်ခွင့်အကာအကွယ်ရယူ၍ ဧရာဝတီတိုင်းဒေသ ကြီးအတွင်းရှိ ဒေသခံ MSME လုပ်ငန်းရှင်များ၊ စီပွားရေးလုပ်ငန်းရှင်များနှင့် ပူပေါင်း၍ စီးပွားရေး နယ်ပယ်တွင်အသုံးချတတ်စေရန်နှင့် တက္ကသိုလ်တွင် မူပိုင်ခွင့်စီမံခန့်ခွဲမှုဆိုင်ရာ သိရှိသင့်သည့် အချက်များအား အခြားနိုင်ငံများ၏ ဥပမာများနှင့်တကွ ရှင်းလင်းဆွေနွေးခဲ့ပါသည်။ ထို့နောက် တက်ရောက်လာကြသော ကျောင်းသား/ ကျောင်းသူများနှင့် ဆရာ/ ဆရာမများက မေးမြန်းခြင်းအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးကာ ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။