စာပေနှင့်အနုပညာမူပိုင်ခွင့်မှတ်ပုံတင်ခြင်းဆိုင်ရာကိုယ်စားလှယ်သင်တန်း အမှတ်စဉ်(၁/၂၀၂၆) ဖွင့်လှစ်ကျင်းပ

နေပြည်တော်၊ ဖေဖော်ဝါရီလ ၂၄ ရက်
   မူပိုင်ခွင့်ဦးစီးဌာန၏ စာပေနှင့်အနုပညာမူပိုင်ခွင့်မှတ်ပုံတင်ခြင်းဆိုင်ရာ ကိုယ်စားလှယ်သင်တန်းအမှတ်စဉ် (၁/၂၀၂၆) ဖွင့်ပွဲအခမ်းအနားကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာန၊ ရုံးအမှတ်(၅၂)၌ Virtual စနစ်ဖြင့် ကျင်းပခဲ့ရာ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်က အဖွင့်အမှာစကားပြောကြားခဲ့သည်။
   အဆိုပါသင်တန်းတွင် ညွှန်ကြားရေးမှူးချုပ်က မူပိုင်ခွင့်ဦးစီးဌာနအနေဖြင့် မူပိုင်ခွင့်မှတ်ပုံတင်ခြင်း လုပ်ငန်းများ ထိရောက်စွာဆောင်ရွက်နိုင်ရေးအတွက် မူပိုင်ခွင့်ဘာသာရပ်အလိုက် ကိုယ်စားလှယ်သင်တန်းများကို နှစ်စဉ်ဖွင့်လှစ်ပေးခဲ့ပါကြောင်း၊ ကိုယ်စားလှယ်သင်တန်းကို ဖွင့်လှစ်ပေးရခြင်းမှာ စာပေနှင့်အနုပညာမူပိုင်ခွင့်မှတ်ပုံတင်လျှောက်ထားလိုသည့် ပုဂ္ဂိုလ်များအနေဖြင့် မှတ်ပုံတင်လျှောက်ထားခြင်း လုပ်ငန်းစဉ်များကို ၎င်းတို့ကိုယ်တိုင် မဆောင်ရွက်နိုင်ပါကလည်း ကိုယ်စားလှယ်လွှဲအပ်၍ ဆောင်ရွက်ခြင်းဖြင့် လျှောက်ထားသူများအတွက် အဆင်ပြေချောမွေ့စေရန်နှင့် ကိုယ်စားလှယ်အဖြစ် လုပ်ကိုင်လိုသူများအနေဖြင့်လည်း အလုပ်အကိုင်အခွင့်အလမ်းများရရှိခြင်းဖြင့် နှစ်ဦးနှစ်ဖက်အကျိုးရှိစေမည်ဖြစ်ပါကြောင်း၊ စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေကို ၂၀၁၉ခုနှစ်တွင် အတည်ပြုပြဋ္ဌာန်း၍ အာဏာသက်ဝင်နိုင်ခဲ့ပြီး စာပေနှင့်အနုပညာမူပိုင်ခွင့်လျှောက်လွှာများကို အီလက်ထရောနစ်မှတ်ပုံတင်စနစ် (CRFile System)မှလည်းကောင်း၊ လျှောက်လွှာလက်ခံဌာနများမှလည်းကောင်း လက်ခံဆောင်ရွက်ခဲ့ပါကြောင်း၊ စာပေနှင့်အနုပညာမူပိုင်ခွင့် သို့မဟုတ် ဆက်နွှယ်သည့်အခွင့်အရေးဆိုင်ရာစုပေါင်းစီမံခန့်ခွဲသည့်အဖွဲ့အစည်းဖွဲ့စည်းခြင်းဆိုင်ရာစည်းမျဉ်းနှင့် စုပေါင်းစီမံခန့်ခွဲသည့်အဖွဲ့အစည်း ဖွဲ့စည်းဆောင်ရွက်ရန် လျှောက်ထားခြင်းအတွက် လိုအပ်သော လျှောက်လွှာပုံစံများ၊ အခကြေးငွေများကို ထုတ်ပြန်ခဲ့ပြီး အဖွဲ့အစည်းဖွဲ့စည်းဆောင်ရွက်ရန် လျှောက်ထားခြင်းများကို လက်ခံဆောင်ရွက်လျက်ရှိပါကြောင်း၊ သင်တန်းကိုတက်ရောက်ခြင်းဖြင့် စာပေနှင့်အနုပညာမူပိုင်ခွင့်နှင့်စပ်လျဉ်း၍ ကောင်းစွာသိရှိနားလည်ပြီး စာပေနှင့်အနုပညာမူပိုင်ခွင့် မှတ်ပုံတင်လျှောက်ထားခြင်းများ ဆောင်ရွက်ရာတွင် မှန်ကန်တိကျစွာ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ကိုယ်စားလှယ်များအနေဖြင့် သင်တန်းမှပို့ချခဲ့သည့် စာပေနှင့်အနုပညာမူပိုင်ခွင့်မှတ်ပုံတင်လျှောက်ထားခြင်းများနှင့်စပ်လျဉ်း၍ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များနှင့် ကိုယ်စားလှယ်တစ်ဦးအနေဖြင့် ထားရှိရမည့်ကျင့်ဝတ်များကို သိရှိနားလည်ပြီး စာပေနှင့်အနုပညာမူပိုင်ခွင့်မှတ်ပုံတင်လျှောက်ထားမည့် ပုဂ္ဂိုလ်များအား ကောင်းမွန်သော ဝန်ဆောင်မှုများ ပေးနိုင်ရန်အတွက် ရည်ရွယ်ကျင်းပရခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
    အဆိုပါသင်တန်းတွင် သက်ဆိုင်ရာဘာသာရပ်တာဝန်ခံများက စာပေနှင့်အနုပညာမူပိုင်ခွင့်အကြောင်း သိကောင်းစရာများ၊ စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေ၊ စာပေနှင့်အနုပညာလက်ရာများ၊ ဆက်နွှယ်သည့် အခွင့်အရေးဆိုင်ရာကိစ္စရပ်များကို မှတ်ပုံတင်ခြင်းဆိုင်ရာနည်းဥပဒေ၊ စာပေနှင့်အနုပညာမူပိုင်ခွင့်မှတ်ပုံတင် ခြင်းနှင့်စပ်လျဉ်းသည့် လျှောက်လွှာများနှင့် အခကြေးငွေများ၊ မူပိုင်ခွင့်နှင့် အပြည်ပြည်ဆိုင်ရာစာချုပ်များ အကြောင်းသိကောင်းစရာများ၊ စာပေနှင့်အနုပညာမူပိုင်ခွင့်မှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်းသည့် လျှောက်လွှာများအား ရှင်းလင်းဆွေးနွေးခြင်း၊ စာပေနှင့်အနုပညာ မူပိုင်ခွင့်မှတ်ပုံတင်ခြင်းအတွက် Copyright Registration System အသုံးပြုမှု နည်းပညာပိုင်းဆိုင်ရာ ရှင်းလင်းဆွေးနွေးခြင်းများနှင့်စပ်လျဉ်း၍ ကိုယ်စားလှယ်များသိရှိလိုက်နာသင့်သည့် အကြောင်းအရာများကို သင်ကြားပို့ချပေးသွားမည်ဖြစ်ပါသည်။ 
   သင်တန်းဖွင့်ပွဲအခမ်းအနားသို့ မူပိုင်ခွင့်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ သင်တန်းသား/သူများ တက်ရောက်ကြသည်။ အဆိုပါသင်တန်းကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှ ၂၆ ရက်နေ့ထိ(၅)ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းသား/သူ စုစုပေါင်း (၄၅)ဦး တက်ရောက်ကြကြောင်း သတင်းရရှိသည်။