ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းရှင် များအတွက် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဆိုင်ရာအသိပညာပေးဆွေးနွေးပွဲကျင်းပ
နေပြည်တော်၊ စက်တင်ဘာလ ၃၀
အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်များအတွက် ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဆိုင်ရာအသိပညာပေးဆွေးနွေးပွဲကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ် တက်ရောက်အဖွင့်အမှာစကားပြောကြားသည်။
အဆိုပါအသိပညာပေးဆွေးနွေးပွဲသို့ မူပိုင်ခွင့်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) အောက်ရှိ ညီနောင်အသင်းများမှ ကိုယ်စားလှယ်များနှင့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ စုစုပေါင်း (၉၀)ဦးခန့် တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာ၌ မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်အတွက် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေးသည် အရေးကြီးသည့် ကဏ္ဍတစ်ရပ် ဖြစ်ပါကြောင်း၊ မူပိုင်ခွင့်ဦးစီးဌာနအနေဖြင့် မူပိုင်ခွင့် ဥပဒေ(၄)ရပ်ကို ၂၀၁၉ ခုနှစ်တွင် အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့ပြီး ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် အာဏာသက်ဝင်ခဲ့ပါကြောင်း၊ အမှတ်တံဆိပ်မှတ်ပုံတင် လျှောက်လွှာများကို၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့မှ စတင်၍ တရားဝင်လက်ခံဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊ လျှောက်လွှာများကို စစ်ဆေး၍ ၂၀၂၄ ခုနှစ်၊ မေလမှစ၍ လစဉ်လဆန်း ၁ ရက်နေ့တိုင်း အမှတ်တံဆိပ် မှတ်ပုံတင်ခြင်းအား ကန့်ကွက်နိုင်ကြောင်း ထုတ်ပြန်ကြေညာလျက်ရှိ ပြီး ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှစတင်ကာ အမှတ်တံဆိပ်မှတ်ပုံတင်လက်မှတ် ၁၀၂၄၈ စောင် ထုတ်ပေးပြီးဖြစ်ပါကြောင်း၊ မူပိုင်ခွင့်ဦးစီးဌာနနှင့်အသင်းအဖွဲ့များ ပူးပေါင်း၍ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများသို့ မူပိုင်ခွင့်အသိပညာဗဟုသုတများ ဖြန့်ဝေခြင်းဖြင့် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ လုပ်ငန်းများ၊ အမှတ်တံဆိပ်များကို မူပိုင်ခွင့်ဖြင့် အကာအကွယ်ယူနိုင်ခြင်း၊ မူပိုင်ခွင့်ပိုင်ရှင်နှင့် ဖန်တီးသူတို့၏ အခွင့်အရေးနှင့် အကျိုးစီးပွားများကို အကာအကွယ်ပေးနိုင်ခြင်း၊ စက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေခြင်း၊ လူမှုစီးပွားဘဝသာယာဝပြောရေးကို အကျိုးပြုစေခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာစိမ့်သန္တာထွန်းက ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဆိုင်ရာ သိကောင်းစရာများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆေးနွေးခဲ့ပြီး၊ အဆိုပါအသိပညာပေဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်း ခြင်းများအပေါ် တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ပြီး ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။