အကျဈေးဖြင့်သာ ငြိမ်သက်နေခဲ့သည့် ပြည်တွင်းရွှေ

Thu, 09/26/2019 - 07:04 -- admin_ygn

    ယခင်ရက်သတ္တပတ်မှစတင်ကာဈေးပြန်လည်ကျဆင်းလာခဲ့သောပြည်တွင်း ရွှေဈေးနှုန်းသည် စက်တင်ဘာ  တတိယပတ်တွင်လည်း ဈေးဆက်လက် ကျဆင်းခဲ့ ကြောင်း သိရသည်။ "အရင်တစ်ပတ်က သုံးသပ်ခဲ့သလိုပဲ ပြည်တွင်းရွှေဈေးကဆက်ကျလာတယ်။ ဈေးကွက်ကအရင်ကလောက်တော့ အရမ်းကြီးသွက်နေတာမျိုး မဟုတ်တော့ဘူး။ အဓိကကတော့ အခုဆိုပြည်တွင်းမှာ အခွန်နဲ့ပတ်သတ်ပြီး  အလျှော့အတင်းတွေ ရှိလာတော့ မြေကဏ္ဍ ကို လူတွေစိတ်ပြောင်းသွားတာမျိုးရှိတယ်။ ကုန်သွယ်ရေးစစ်ပွဲ ကာလမှာ တရုတ်ဆီက လုပ်ငန်းတွေဝင်လာမယ်ဆိုတဲ့ မျှော်လင့်တာမျိုးပေါ့။ အခု ချိန်က ရွှေတို့၊ဒေါ်လာတို့စုရမယ့်အချိန်မျိုးမဟုတ်သေးဘူး။ မြန်မာငွေကို ပြန်ကိုင် ရမယ့်သဘောဖြစ်သွားတယ်။ကမ္ဘာ့ရွှေကတော့ ဆော်ဒီနိုင်ငံက ရေနံချက်စက်ရုံတွေ တိုက်ခိုက်ခံရအပြီး ရေနံဈေးကအမြင့်ဆုံးထိတက်လာလို့ ရွှေကလည်း လိုက်တက် လာတယ်။ ကျရိပ်ပြပြီးမှ ပြန်တက်လာတယ်။ ကုန်သွယ်ရေးေ ဆွးနွေးမှုပြန်လည် စတင်ပေမယ့် ရလဒ်ကိုလည်း  စောင့်ကြည့်ရဦးမှာဖြစ်တယ်"ဟု ပြည်တွင်း ရွှေ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးက ဆိုသည်။
      ပြည်တွင်းရွှေဈေးကွက်တွင် စက်တင်ဘာ၁၆ရက်က အခေါက်ရွှေတစ်ကျပ် သားလျှင်ကျပ် ၁၂၂၇၀၀၀ရှိခဲ့ရာမှ  စက်တင်ဘာ ၁၈ရက်တွင် အခေါက်ရွှေတစ် ကျပ်သားလျှင် ကျပ် ၁၂၃၄၀၀၀ သို့ မြင့်တက်ခဲ့သော်လည်း စက် တင်ဘာ၂၀ရက် တွင် ကျပ် ၁၂၃၂၀၀၀သို့ပြန်လည်ရောက်ရှိခဲ့ကြောင်းသိရသည်။ ကမ္ဘာ့ရွှေဈေးကွက် ၌ စက်တင်ဘာ၁၆ရက်က ရွှေတစ်အောင်စလျှင်  အမေရိကန်ဒေါ်လာ ၁၅၀၅ ဒေါ်လာရှိခဲ့ရာမှ စက်တင်ဘာ၁၈ ရက်တွင် တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၅၀၂ဒေါ်လာသို့ဈေးကျဆင်းခဲ့သော်လည်း စက်တင်ဘာ၂၀ရက်တွင်တစ်အောင်စ လျှင်အမေရိကန်ဒေါ်လာ ၁၅၀၃ဒေါ်လာဖြင့် ရောင်းဝယ်ခဲ့ကြောင်း သိရသည်။

 

သန်းထိုက်အောင်

Local Trade News

Pages