မြန်မာ့ဝဥ ပြည်ပစျေးကွက်အလားအလာ

Mon, 11/25/2019 - 04:43 -- admin_ygn

       တရုတ်နိုင်ငံယူနန်ပြည်နယ်သည်ဝဥ၏ မူလဇာတိဖြစ်ပြီး အရှေ့အာရှ တစ်လွှားသို့ပျံ့နှံ့ခဲ့သည်ဟုဆိုပါသည်။ ဂျပန်အမည်ဖြစ် သော  Konjac ဟုလည်း ထင်ရှားကျော်စောပါသည်။  Konjac ကို  Yam Cake ခေါ် ကျောက်ကျောတုံးပုံမုန့်အဖြစ်လည်း ထင်ရှားလူ ကြိုက်များပြီး ဝဥမှ ပြုလုပ်သော  “ Shirataki” ခေါ် ခေါက်ဆွဲမှာ လည်း ဂျပန်တွင်ကျော်ကြားပါသည်။ မြန်မာနိုင်ငံတွင် ယခင်က သဘာဝပေါက်ပင်အဖြစ် ပေါက်ရောက်ပြီး ယခုအခါ ပြည်ပတင်ပို့မှု များပြားလာသဖြင့် စနစ်တကျစိုက်ပျိုး ထုတ်လုပ်လာကြသည်။

လက်ရှိဝဥကမ္ဘာဈေးကွက်

    ကမ္ဘာတွင်ဝဥကို နိုင်ဂျီးရီးယားနိုင်ငံတွင်အများဆုံးစိုက်ပျိုး ထုတ်လုပ်မှုရှိပြီး တင်ပို့မှုအများဆုံးနိုင်ငံမှာ တရုတ်နိုင်ငံဖြစ်သည်။ ဝဥကိုအများဆုံး တင်သွင်းမှုရှိသောနိုင်ငံမှာ အမေရိကန်ပြည်ထောင်စုဖြစ်ကြောင်း တွေ့ရ သည်။  ဂျပန်နှင့် ကိုရီးယားနိုင်ငံတို့သည်လည်း ဝဥကို တင်သွင်းကြကြောင်း တွေ့ရှိရသည်။

မြန်မာ့ဝဥ

       ပိန်းဥအနွယ်ဝင်ဖြစ်သောဝဥသည်မြန်မာနိုင်ငံ အနှံ့အပြားတွင် ပေါက်ရောက်လေ့ရှိသည်။ မြန်မာနိုင်ငံတွင် ဝဥကို စားသုံးမှုမှာ မရှိသလောက်နည်းပါးပြီး လူသိလည်းနည်းပါးပါသည်။ သဘာဝပေါက်ပင်အဖြစ် အနောက်ရိုးမတောင်တန်း၏  တောင်ဆွယ်၊  တောင်ဖျား၊ တောင်ပေါ်ဒေသများတွင် အလေ့ကျပေါက်ရောက်လေ့ရှိပြီး မျိုးအနေဖြင့်ချင်းမျိုး၊မော်လမြိုင်မျိုး၊ ဒေသမျိုးဟူ၍ မျိုးစိတ်အမည်များ ရှိပါ ကြောင်း လေ့လာသိရှိရသည်။ မြန်မာနိုင်ငံတွင်ဝဥပင်များကို ကရင်ပြည်နယ်၊ ကချင်ပြည် နယ်၊ မွန်ပြည်နယ်၊ ရှမ်း ပြည်နယ်တောင်းပိုင်း၊ မြောက်ပိုင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးများရှိ သစ်ရိပ်၊ ဝါးရိပ် ကောင်း၊ အစိုဓာတ်ကောင်းသည့် နေရာ များတွင် သဘာဝအလျောက် အမြောက်အမြားပေါက်ရောက်လျက်ရှိသည်။ ယခုအခါ ဝဥခြောက် လုပ်ငန်း ပိုမိုတွင် ကျယ်လာသဖြင့် စိုက်ခင်းများဖြင့် စနစ်တကျစိုက်ပျိုးလာကြပြီး ဝဥတူးဖော် ရောင်းချသူများလည်း များပြား လျက်ရှိသည်။ ဝဥမျိုးများပေါက်ရောက်ဖြစ်ထွန်းနေမှုကို လေ့လာကြည့်လျှင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီ၊ မော်လမြိုင်ဒေသများမှာ Amor-phophallus Purpuracens ဝဥမျိုးဖြစ်ထွန်းကြောင်း မြစ်ကြီးနား၊ ကသာဒေသတွင် A Bulbifer ဝဥမျိုးနှင့်  A. Karamsi မျိုးများ နေရာယူထားကြောင်း၊ သာယာဝတီမြို့နယ်နှင့် စစ်တောင်းမြစ်ဝှမ်းဒေသ များတွင် A.Cholorospathus  ဝဥမျိုး အောင်မြင်လျက်ရှိကြောင်း သိရသည်။ ကရင်ပြည်နယ်နှင့် တောင်တန်းဒေသများတွင် A. Oneophyllum  မျိုးနှင့် A.Burmaicus  ဝဥများရေမြေဒေသနှင့် ကိုက်ညီနေသည်။ ရှမ်းပြည်နယ်တောင်းပိုင်း၊ မြောက်ပိုင်း နှင့် ပြင်ဦးလွင်၊ မြန်မာနိုင်ငံ အောက်ပိုင်းဒေသများမှ A.Cholorospathur မျိုးနှင့် A.ConJak ဝဥမျိုးများ ပေါက်ရောက်ဖြစ်ထွန်းကြောင်း သိရ သည်။ အရည်အသွေးမြင့်ပြည်ပတင်ပို့နိုင်ရန် စက်ကိရိယာအသုံးပြု၍ ဝဥရေဆေးခြင်း၊ အခွံခွာခြင်း၊အပါးလွှာခြင်း၊ အခြောက်ခံခြင်းများ ဆောင်ရွက်နေသော်လည်း အမှုန့်ကြိတ်ခြင်း၊ အဆင့်ခွဲခြားခြင်းဖြင့်တန်ဖိုးမြင့်ထုတ်ကုန်များ တင်ပို့နိုင်ရန်ဈေးကွက်ကြိုက်ဝယ်လိုအားကောင်းသည့်မျိုးများပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရေးပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရန်လိုအပ်သည်။

မြန်မာ့ ဝဥ ဈေးကွက်မြင့်တင်ရေး

     လက်ရှိအခြေအနေတွင်ဝဥကိုချင်းပြည်နယ်တွင် ဝဥ အခြောက်ခံစက် (Solar) ဖြင့် အသုံးပြုရသောအခြောက်ခံစက် အသေးသာရှိသည့်အတွက် Value added  ပြုလုပ်နိုင်ခြင်း မရှိကြောင်း Value added   ထုတ်နိုင်ရန်စက်အကြီးဖြင့် ဆောင်ရွက်နိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။  ဝဥအခြောက်ခံစက်ကြီးကို ရေး၊  မြဝတီနှင့် မန္တလေးမြို့တို့ တွင်ရှိသော်လည်း Value added  ထုတ်လုပ်နိုင်ခြင်း မရှိသေးကြောင်း၊ ဝဥအခြောက်သာ ထုတ်လုပ်နိုင်ကြောင်း သိရသည်။ ဝဥကို  ဝဥခြောက် အနေဖြင့်သာ တင်ပို့မှု များပြားကြောင်း တွေ့ရှိရသည်။ ဝယ်ယူသည့် နိုင်ငံမှာလည်း တရုတ်နိုင်ငံမှသာ အများဆုံးဖြစ်ပြီး မြန်မာနိုင်ငံမှ ဝဥခြောက်ကို အမှုန့်ပြုလုပ်၍ လည်းကောင်း၊ ခေါက်ဆွဲမျှင် ပြုလုပ်၍ လည်းကောင်း၊ ဂျယ်လီပြုလုပ်၍လည်း ကောင်း (Value added) ပြုလုပ်၍ သုံးစွဲကြောင်း၊ ဝဥ ခြောက် အမှုန့်အား ပျားရည်နှင့်တွဲဖက်၍ အဆီကျ စေရန် သုံးစွဲမှု များရှိကြောင်း သိရသည်။  ဂျပန်နိုင်ငံနှင့် တရုတ်နိုင်ငံမှ   ဝယ်လိုအားကောင်းသော ချင်း ပြည်နယ်ထွက် ဝဥ(ခေါ်) ဖျံဥကို အရည်အသွေးမြင့် နိုင်ငံခြားပို့ကုန် အဖြစ် ပြည်ပပို့ရန် ဆောင်ရွက်မှုများအနေဖြင့် ချင်းပြည်နယ် ကန်ပက် လက်မြို့နယ်၊ ကန်ပုလဲစက်ရုံ (VictoryGarden)ကုမ္ပဏီမှဝဥသီးနှံအခြောက်ခံစက်ကို ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ ဝဥကို ဆေးကြော ခြင်း၊ Slide အတွက် လှီးဖြတ်ခြင်း၊ အခြောက်ခံခြင်း များကို စက်ဖြင့် လုပ်ဆောင်နေကြောင်း၊ (Solar) ဖြင့် အခြောက်ခံကြောင်း သိရှိရသည်။ စက်ဖြင့် ဆောင်ရွက်သည့်အခါ တစ်မိနစ်လျှင် ပိဿာ ချိန် ၃၀ ရရှိသည်။ စက်ရုံအကြီးဖြင့် ဆောင်ရွက်ခြင်းဖြင့် ဝဥတွင် Glucomonon  ဓာတ်ပါဝင်မှုမှာ ၄၀ဝ၀ ရှိရာမှ ၂၀ဝ၀ဝ ထိ ပါဝင်နိုင် သည့်အတွက် ဈေးနှုန်းမှာ လက်ရှိထက် တစ်ဆခွဲခန့်ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်းသိရသည်။ အရည်အသွေးမြင့် နိုင်ငံခြားပို့ကုန်အဖြစ် တင်ပို့ရန်အတွက် စက်ရုံကြီးဆောက်လုပ်ရန်နှင့် တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်ခြင်းဖြင့် စိုက်ပျိုးရေးအခြေခံစက်မှုစားကုန်ကဏ္ဍကို တိုးတက်မြင့်မားရေးအတွက်ပါ ဆက်လက်ကြိုးပမ်း ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်သည်။  မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီး ဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း၏ ဦးဆောင်မှုဖြင့်   ချင်းပြည်နယ်ထွက် ဝဥ(ခေါ်) ဖျံဥကို အရည်အသွေးမြင့် နိုင်ငံခြား ပို့ကုန်အဖြစ် ပြည်ပသို့တိုးမြင့်တင်ပို့ရန်အတွက်  စက်ရုံအကြီး တည် ဆောက်ပါက လှီးဖြတ်ခြင်း၊ ဆေးကြောခြင်း၊ အခြောက်ခံခြင်းတို့မှာ အချိန်သက်သာခြင်း၊ လူအင်အားသက်သာ၍ အရည်အသွေးမြင့် နိုင်ငံခြား ပို့ကုန်အဖြစ် တင်ပို့ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ၏   ဝဥ သီးနှံစိုက်ပျိုးထုတ်လုပ်မှု

      မြန်မာနိုင်ငံတွင် ဝဥ သီးနှံကို ဧက ၁၃၀ဝ၀  ကျော် စိုက်ပျိုး ထားရှိပြီး ပိုလျှံမှုအမြတ်ပိဿာချိန်ပေါင်း ၃၅ ဒသမ ၂၄ သိန်းခန့်ရှိပြီး တစ်နိုင်ငံလုံးစိုက်ပျိုးမှုအပေါ်တွင် ပျမ်းမျှတစ်ဧက ကုန်ကျစရိတ် ၁၉ ဒသမ ၄၁ သိန်း၊ ဝင်ငွေအနေဖြင့် ၂၂ ဒသမ ၂၀ သိန်း အကျိုး အမြတ် ရရှိမှုမှာ ၅ ဒသမ ၁၄ သိန်းရရှိနိုင်ကြောင်း သိရှိရသည်။ ဝဥပင်များကို စနစ် တကျစိုက်ပျိုးမြေပြုပြင်၍ စိုက်ပျိုးပါက တစ်ဧကလျှင် အပင် ပေါင်း ၅၀ဝ၀ မှ ၉၀ဝ၀ အထိဝင်ဆံ့နိုင်ပြီး  တစ်ပင် တွင် ဥတစ်ပိဿာ ထွက်ရှိနိုင်သဖြင့် ဥပိဿာချိန် ၅၀ဝ၀ မှ ၁၀ဝ၀ဝ ထိ ထွက်ရှိနိုင်ကြောင်း သိရသည်။ ဝဥသီးနှံကို ချင်းပြည်နယ်နေရာအနှံ့တွင် စိုက်ပျိုးကြပြီး ချင်း ပြည်နယ်ထွက် ဝဥသည် အခြားဒေသတွင်ထွက်သော ဝဥများထက် အရည်အသွေးအရသာပိုမိုကောင်းမွန်ကြောင်း၊ ဝဥများကိုမန္တလေး မြို့၊ မူဆယ်မြို့သို့ တင်ပို့ရောင်းချကြသည့်အပြင် အိန္ဒိယ၊ ကိုရီးယား၊ တရုတ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့် ကျန်နိုင်ငံတို့မှ ဆက်လက်ဝယ်ယူဖွယ်ရှိသောဝဥအခြောက်/မှုန့်များ ကိုမင်းတပ်မြို့နယ်အတွင်း ကျေးရွာများမှ  ဝဥအခြောက်နှင့် အမှုန့်များပြုလုပ်၍တင်ပို့နေကြောင်း  မြန်မာနိုင်ငံအတွင်းအရောင်း အဝယ်ဖြစ်နေသာဝဥအမျိုးအစားများမှာ သုံးမျိုး ရှိပြီး ပန်းရောင်၊ အဝါရောင်၊ အဖြူ ရောင်တို့ဖြစ် သည်။ ပန်းရောင်မှာ ပထမတန်းစား၊ အဝါရောင်မှာဒုတိယတန်စား၊ အဖြူရောင်မှာ တတိယတန်းစားဖြစ်ကြောင်း သိရသည်။ ချင်းပြည်နယ်ထွက် ဝဥများကို ယခင်က သဘာဝတော တောင်များအတွင်းမှ လိုက်လံရှာဖွေတူးဖော်ကြရပြီး ယခုအခါတောတွင်း မှမျိုးဥများရ၍ ကိုယ်ပိုင်စိုက်ပျိုးခြင်းဖြင့် စနစ်တကျ စိုက်ပျိုးမှုရှိလာသည့်အတွက် ပြည်ပအဝယ်များသွက်လာပြီး ကုန်ကြမ်းဝယ်ယူသည့်အပြင် ဝဥမျိုးများကို ယခင်ကထက် စနစ်တကျစီးပွားဖြစ်စိုက် ပျိုးမှုရှိလာကြောင်းတွေ့ရပြီး ဝဥမှ ထုတ်လုပ်သော ဝဥမှုန့်၊ ဝဥခြောက် များ ထုတ်လုပ်ခြင်းဖြင့် ချင်းပြည်နယ်၏ဝင်ငွေကောင်းသော ပို့ကုန်တစ်ခုအဖြစ် ရောက်ရှိလာမည်ဟု ယုံကြည်မိပါသည်။

ဝဥပြုပြင်ထုတ်လုပ်မှု

         ဝဥသီးနှံ တန်ဖိုးမြှင့်ထုတ်ရန် ဝဥခြောက်/ဝဥခြောက်မှုန့်ပြုလုပ်သည့် လုပ်ငန်းအဆင့်ဆင့်ကို အောက်ပါ နည်းလမ်းဖြင့် ဆောင် ရွက်ရသည်။                  

(က)     ဝဥအစိုကုန်ကြမ်းများကိုရေစင်အောင် ဆေးကြောခြင်း                                                   

(ခ)       ရေဆေးပြီး ဝဥများကို အခွံစင်အောင်ခြစ်ထုတ်ခြင်း                                    

(ဂ)       အခွံစင်ပြီး ဝဥများကို ဓားဖြင့်လက်တစ်လုံးခန့် လှီးဖြတ်ခြင်း

(ဃ)     လှီးဖြတ်ပြီးဝဥအစိုများအားပေါင်းဖိုပေါ်ရှိဆီတံဖြင့်ထိုး၍မီးသွေးမီးဖြင့် အပူပေးပြီးဝဥအခြောက်ပြုလုပ်ခြင်း

(င)       ပေါင်းခံရရှိလာသော ဝဥခြောက်များအား စက်ဖြင့်ကြိတ်၍ အမှုန့် ပြုလုပ်ခြင်းတို့ဖြစ်သည်။

        ပြုပြင်ထုတ်လုပ်မှုအပိုင်းတွင်ဝဥအစိုခြောက်ပိဿာလျှင်ဝဥအခြောက်တစ်ပိဿာရ၍အခြောက် တစ်ပိဿာကို အမှုန့်ပြုလုပ်ပါက ၈၀ကျပ်သားခန့်ရရှိကြောင်း သိရသည်။ ဝဥအထွက်နှုန်း များသောကာလမှာ  စက်တင်ဘာလမှ အောက်တိုဘာ လအထိဖြစ်ပြီး ဝဥများတူးဖော်မရသည့်အချိန်ထိ ဝဥအသစ်များမပျက်စီးစေရန် ထိန်းသိမ်းရန် လိုအပ်ကြောင်း သိရသည်။ ဂျပန်သို့တင်ပို့သော ဝဥ ခြောက်များကို ဖိုများတွင် မီးငွေ့ငွေ့ဖြင့် အခြောက်ပြုလုပ်ကာ တင်ပို့ ပေးရကြောင်း သိရသည်။  နေလှန်းနည်းသည် အရောင်အဆင်းမလှဘဲ ဖိုတွင်မီးတင်၍ အခြောက်ပြုလုပ် သောနည်းမှာ  အရည်အသွေးလှပကြောင်း သိရသည်။ ပို့ကုန် အလားအလာရှိသော ဝဥစိုက်ပျိုးထုတ်လုပ်မှု တိုးတက် အောင်မြင်လာစေရန်အတွက် ဝဥ  စိုက်ပျိုး ထုတ်လုပ် မှုများအား နည်းပညာများ ရင်းနှီးမြှုပ်နှံမှုများ၊ သွင်းအားစုများ စိုက်ဧက တိုးချဲ့နိုင်ရေး ဆောင်ရွက်ပေးမည့် အစီအစဉ်များ စိုက်ပျိုးထုတ်မှု မြင့်တင်ရေးအတွက် စိုက်ပျိုးရေးအကူအညီများအား၊ သက်ဆိုင်ရာဌာနများ၊ အသင်း အဖွဲ့များမှ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်လျက်ရှိသည်။ ဝဥကို လက်ရှိအခြေအနေတွင် ဝဥအခြောက်ကုန်ကြမ်း အဖြစ် တင်ပို့နိုင်ပြီး အမှုန့်ကြိတ်ခြင်း အဆင့်ခွဲခြားခြင်းတို့ကို တန်ဖိုးမြင့် ထုတ်ကုန်အဖြစ် ပြောင်းလဲ ထုတ်လုပ်နိုင် ရေးကြိုးပမ်းဆောင်ရွက်ရန်လည်း လိုအပ်မည်ဖြစ်ကြောင်း တွေ့ရှိရသည်။ ဝဥ အရည်အသွေးမြှင့် ပြည်ပပို့ကုန် တင်ပို့နိုင်ရန် စက်ကိရိယာအသုံးပြု၍ ဝဥရေဆေးခြင်း၊ အခွံနွှာခြင်း၊ အပါးလွှာခြင်း၊ အခြောက်ခံခြင်းများ ဆောင်ရွက်နေပြီဖြစ်သော်လည်း အမှုန့်ကြိတ်ခြင်း၊ အဆင့်ခွဲခြားခြင်းဖြင့် တန်ဖိုးမြှင့်ထုတ်ကုန်များတင်ပို့နိုင်ရန် ဈေးကွက်ကြိုက်ဝယ်လိုအားကောင်းသည့်မျိုးများကို ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရေး ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ကြောင်း တွေ့ရပေသည်။ ပို့ကုန်မြှင့်တင်ရေးအတွက် အလား အလာကောင်းသော ဈေးကွက် အကြိုက် အရည်အသွေးမီ ထုတ်ကုန်များ စိုက်ပျိုးသီးနှံထုတ်ကုန်များ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပြုစုရေးသားခြင်းဖြစ်ပြီး ပြည်ပဝင်ငွေ တိုးမြင့်ရန် သေချာနေသောသီးနှံ တစ်ခု ဖြစ်ကြောင်း ရေးသားတင်ပြ လိုက်ပါသည်။

 

ခင်ချောစု (ကုန်သွယ်မြှင့်)

Local Trade News

Pages