စားသုံးသူများ ဘေးဥပဒ်အန္တရာယ်ကင်းဝေးစေရေး လိုက်နာကူညီပေးကြပါ

Fri, 12/13/2019 - 04:44 -- admin_ygn

          ယနေ့မြန်မာနိုင်ငံသည် တိုးတက်ဖွံ့ဖြိုးမှု အရှိန်ယူစ ပြုနေသည်။ နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရန် ကြိုးစား လျက်ရှိသည်။ နိုင်ငံ တကာနှင့် ကူးလူးဆက်ဆံကာကုန်သွယ် ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသဖြင့် နိုင်ငံတကာထွက် ကုန်အမျိုးမျိုးကို ပုံစံအမျိုးမျိုးဖြင့် တင်သွင်းလျက်ရှိ၍ မြန်မာ နိုင်ငံရှိ စားသုံးသူပြည်သူများသည် နိုင်ငံတကာမှ ထုတ်လုပ် ဖြန့်ချိသည့်လူသုံး၊ အိမ်သုံးပစ္စည်းများကို တိုးတက်လာသော ခေတ်ကာလနှင့်အညီ ကျယ်ပြန့်တွင်ကျယ်စွာ ဝယ်ယူသုံးစွဲ လျက်ရှိနေပါသည်။ ယနေ့ခေတ်သည် သတင်းခေတ်ဖြစ်၍ ဖြစ်ပျက်မှုသတင်းအစုံစုံကို အချိန်တိုအတွင်း သိရှိနေရသည်။ တချို့လည်း   ဝမ်းသာကျေနပ်စရာသတင်း၊   တချို့လည်း ဝမ်းနည်းကြေကွဲဖွယ်သတင်း၊ တချို့လည်း ငိုအားထက်၊ ရယ်အားသန်ဖြစ်ရသောသတင်းများဖြစ်သည်။မျက်စိနာနေ သော ကလေးတစ်ဦးကို မျက်စဉ်းခတ်ရာ မျက်စဉ်းဆေးရည် ဘူးနှင့် ဆူပါဂလူးဆေးရည်ဘူး  မှားခပ်၍ ဆေးရုံသို့သွား၍ ကုသခဲ့ရတာတွေ၊ ဆပ်ပြာရည်ကို  ပိုးသတ်ဆေးအမှတ်ဖြင့် စိုက်ခင်းထဲ သုံးတာတွေ၊ ဝက်ပုံ၊ ကြက်ပုံပါသော အတောင့်ခဲ များကို ဝက်၊ ကြက်အားဖြည့်စာဟူ၍မသိဘဲ သရေစာ အမှတ် ဖြင့်စားရာမှ မူးဝေအော့အန်ဖြစ်ရတာတွေ၊ နှလုံးငြိမ်ဆေးကို သောက်ရမည့်အစား ပုံစံတူ၊ အရွယ်တူဆေးကို အလွယ်ဝယ် ယူသောက်မိ၍ အသက်သေဆုံးတာတွေ၊ ယားနာလိမ်းဆေးကို မျက်နှာ လိမ်းမိ၍ အလှပျက်ရတာတွေ၊ အရက်ပြန်နှင့်အရက် ပုလင်းမှား သောက်မိ၍ သေဆုံးကြရတာတွေ၊ ကင်ဆာ ပျောက်သည်၊ အေအိုင်ဒီအက်(စ်) ရောဂါပျောက်သည်ဆိုသည့် ဘာတွေ ရေးသားထားမှန်းမသိ၊  ဘာတွေ  ပါဝင်မှန်းမသိဘဲ ပျောက်ချင်ဇောဖြင့်  ဝယ်သောက်မိ၍ အချိန်မတိုင်ဘဲ အသက်ပျောက်ခဲ့တာတွေ စသည်ဖြင့်  စုံလင်စွာဖတ်ရှုရ သည်မှာ စိတ်မချမ်းမြေ့ဖွယ်ပင်ဖြစ်သည်။ အထက်ပါဖြစ်စဉ် သတင်းများသည် စားသုံးသူပြည်သူ ၅၁ သန်းကျော်ထဲတွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်သတင်းများဖြစ် သည်။ ဤသို့ဖြစ်ရခြင်းအများစုမှာ မြန်မာနိုင်ငံအတွင်း ပြည် တွင်းမှထုတ်လုပ်သော၊ ပြည်ပမှမှာယူတင်သွင်းသော လူသုံး၊ အိမ်သုံး ပစ္စည်းများတွင် မြန်မာနိုင်ငံသားအများစု နားလည် သော မြန်မာဘာသာဖြင့် ဖော်ပြထားမှုမရှိ၍ ဖြစ်ပွားရခြင်းဖြစ် သည်။ ဝမ်းနည်းကြေကွဲဖွယ်ရာ ဖြစ်ရပ်များဖြစ်နေခြင်းဖြစ် သည်။ ဤသည်ကို အချိန်မီတားဆီးခြင်းမပြုလုပ်ပါက စားသုံး သူများအတွက် အန္တရာယ်ကြီးထွားလာနိုင်ပါသည်။ မရှူနိုင် မကယ်နိုင်ဖြစ်မှာ စိုးရိမ်ရပါသည်။ ဖြစ်မှ ကုစားခြင်းထက် မဖြစ်ခင် ကြိုတင်ကာကွယ်ရန် လိုအပ်နေပါသည်။
       လူသုံးအိမ်သုံးပစ္စည်းများ ရယူသုံးစွဲရာတွင်မြန်မာဘာ သာဖြင့် ထင်ရှားစွာရေးသားဖော်ပြထားခြင်း မရှိသောကြောင့်  စားသုံးသူ ပြည်သူများ နစ်နာဆုံးရှုံးမှုများ ကြုံတွေ့လာ၍လည်း ကောင်း၊ စားသုံးသူ ပြည်သူများ၊ လုပ်ငန်းရှင်များမှလည်း မိမိ ထုတ်လုပ်၊ တင်သွင်း၊ ဖြန့်ဖြူးရောင်းချသော ပစ္စည်းများတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာ တွဲလျက်ဖြစ်စေ ဖော်ပြခြင်းဖြင့်အန္တရာယ်ကင်းရှင်းစွာ စားသုံး သူများသည် ကုန်စည်ဝန်ဆောင်မှုများကို ရရှိသုံးစွဲနိုင်ကြမည် ဖြစ်သည်။ စီးပွားရေးလုပ်ငန်းရှင်များသည် ကုန်စည်များထုတ်လုပ်  ခြင်း၊ ကုန်သွယ်ရောင်းဝယ်ဖြန့်ဖြူးခြင်းများ ဆောင်ရွက်ရာတွင် စားသုံးသူများဘေး အန္တရာယ်ကင်းရှင်းရေးအတွက် သုံးစွဲပုံ နှင့်ပတ်သက်သော သတင်းအချက်အလက်များ၊ ညွှန်ကြား ချက်များနှင့် အထူးသတိပေးလိုသည့် အကြောင်းအရာများကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာ တွဲလျက်ဖြစ်စေ ဖော်ပြပေးရန် အထူးလိုအပ်ပါသည်။ သို့မှ သာ စားသုံးသူများသည် မည်သို့သုံးစွဲရမည်၊ ဘယ်လိုထားသို သိမ်းဆည်းရမည်၊ ဘယ်ပစ္စည်းတွေနှင့် ဓာတ်မတည့်ကြောင်း၊ ဘေးထွက်ဆိုးကျိုးဘယ်လိုဖြစ်မည် စသည်ဖြင့် သိရှိနိုင်မည် ဖြစ်သည်။ မြန်မာနိုင်ငံရှိ ၅၁သန်းကျော်သော  စားသုံးသူပြည်သူ များကို ပိုမိုအကာကွယ်ပေးနိုင်ရေး မြန်မာနိုင်ငံရှိ စီးပွားရေး လုပ်ငန်းရှင်များ စီးပွားရေးကျင့်ဝတ်နှင့်အညီ နိုင်ငံတကာ သတ် မှတ်ချက်များနှင့်  ကိုက်ညီသော လူသုံး၊ အိမ်သုံးပစ္စည်း များ ထုတ်လုပ်၍ နိုင်ငံတကာဈေးကွက်သို့ ဝင်ရောက်တိုးမြှင့် တင်ပို့နိုင်ရေးအတွက် သက်ဆိုင်ရာ ဆက်စပ်ဌာနများ၊ စီးပွား ရေးလုပ်ငန်းရှင်များ၊ စားသုံးသူများနှင့် ဆွေးနွေး ညှိနှိုင်းတိုင် ပင်၍လည်းကောင်း၊ တွေ့ကြုံရမည့်အခက်အခဲများကို ကျော် လွှားနိုင်ရေးအတွက် လည်းကောင်း၊ နိုင်ငံတကာ လုပ်ထုံးလုပ် နည်းများနှင့် ညီညွတ်မျှတမှုရှိစေရေးအတွက် လည်းကောင်း၊ စားသုံးသူများ ထိခိုက်နစ်နာဆုံးရှုံးမှုမရှိစေရေး၊ စားသုံးသူ အခွင့်အရေးများ ပြည့်ဝစွာ ရရှိရေးအတွက်လည်းကောင်း၊ လုပ်ငန်းရှင်များ  ကျင့်ဝတ်နှင့်အညီ ဆောင်ရွက်တတ်သော အလေ့အကျင့်ကောင်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် မြန်မာနိုင်ငံအတွင်း  ထုတ်လုပ်သော ကုန်စည်၊ ဝန်ဆောင်မှု လုပ်ငန်းများ ပြည်ပမှတင်သွင်းသော ကုန်စည်၊ ဝန်ဆောင်မှု လုပ်ငန်းများ အားလုံးတွင် မြန်မာနိုင်ငံသားများ အားလုံးနား လည်သည့်မြန်မာဘာသာ၊ မြန်မာဘာသာနှင့်အခြား ဘာသာ တွဲလျက်ဖြစ်စေ ဖော်ပြခြင်းဖြင့် စားသုံးသူများကို ဘေးဥပဒ် အန္တရာယ်ကင်းရှင်းကာ စိတ်ကျေနပ်မှု၊ ယုံကြည်စိတ်ချမှု၊ သံသယစိတ် ကင်းရှင်းမှုများကို ရရှိနိုင်မည်ဖြစ်သည်။ 
          စားသုံးသူအကာကွယ်ပေးရေး လုပ်ငန်းသည် စားသုံး သူများကိုသာ ကာကွယ်ပေးပြီး စီးပွားရေးလုပ်ငန်းရှင်များကို ဟန့်တားနှောင့်ယှက်သောလုပ်ငန်းမဟုတ်ပေ။ စီးပွားရေး ကျင့်ဝတ်နှင့်အညီ ဆောင်ရွက်သော လုပ်ငန်းများကို အကာ အကွယ်ပေးပြီး လုပ်ငန်းများ အောင်မြင်တိုးတက်ရန် ကူညီ ပေးသော လုပ်ငန်းစဉ်တစ်ခုဖြစ်သည်။   တစ်နည်းအားဖြင့် စားသုံးသူ အကာအကွယ်ပေးခြင်းလုပ်ငန်းသည် စားသုံးသူများ၏ အခွင့်အရေးများအား ပြည့်ဝစွာရရှိရေး၊ ဘေးဥပဒ် အန္တရာယ်  ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသော ကုန် စည်နှင့် ဝန်ဆောင်မှုများကို ရယူသုံးစွဲလုပ်ဆောင်နိုင်ရေး၊ ဆုံး ရှုံးနစ်နာမှုများ ကို ကုစားဖြေရှင်းပေးနိုင်ရန် နိုင်ငံတကာစား သုံးသူစံနှုန်း သတ်မှတ်ချက်များနှင့်အညီ၊ စားသုံးသူကာကွယ် ရေးဥပဒေပါ ပြဋ္ဌာန်းချက် များအရ ဆောင်ရွက်လျက်ရှိသလို၊ တစ်ခြားတစ်ဖက်မှလည်း လုပ်ငန်းရှင်များအား နိုင်ငံတကာ စံနှုန်းသတ်မှတ်ချက်များနှင့်အညီ ကုန်စည်နှင့် ဝန်ဆောင်မှု များ ထုတ်လုပ်ဆောင်ရွက်နိုင်ရန် တွေ့ဆုံဆွေးနွေး၊ အကြံပြု ခြင်း၊ သတင်းအချက် အလက်များ ဖြန့်ဝေပေးခြင်းများ ဆောင် ရွက်ပေးခြင်းဖြင့် ပြည်တွင်းဈေးကွက်၌သာမက ပြည်ပဈေး ကွက်အထိထိုးဖောက် ဈေးကွက်ချဲ့ထွင်၍ အောင်မြင်မှုများ ရရှိစေရန် ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။ စီးပွားရေးကျင့်ဝတ်နှင့်အညီဆောင် ရွက်သော လုပ်ငန်းဆိုသည်မှာ သက်ဆိုင်ရာက ထုတ်ပြန်ထားသော ဥပဒေ၊ နည်းဥပဒေ၊ အမိန့် ညွှန်ကြားချက်များကို လေးစားလိုက်နာ သည်။ စားသုံးသူများ၏ လိုအပ်ချက်နှင့်  စိတ်ကျေနပ်မှုကို အလေးထား၍ အမြတ်ကြီးစား မပြုလုပ်ဘဲ သင့်တင့်မျှတသော ဈေးနှုန်းသတ်မှတ်၍  ဖြန့်ဖြူးရောင်းချ  ဆောင်ရွက်သည်။ စားသုံးသူများအပေါ်  ရိုးသားဖြောင့်မတ်စွာဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် စာနာစိတ်ထားကာ ဆောင်ရွက်သည်။ စားသုံးသူများ ဘေးဥပဒ်အန္တရာယ်ကင်းရှင်းရေးကို  အဓိက ထားသည်။  စားသုံးသူကပေးသော    ငွေကြေးနှင့် ထိုက်တန်သော အကျိုးရှိမည့် ကုန်စည်နှင့် ဝန်ဆောင်မှုများပေးနိုင်ရန်အလေး ထားသည်။ ပတ်ဝန်းကျင်   ထိခိုက်နစ်နာမှု၊ စားသုံးသူများ ထိခိုက်နစ်နာဆုံးရှုံးမှုများ မဖြစ်စေရေးအတွက် ဂရုတစိုက် ဆောင်ရွက်သည်။ စားသုံးသူများ၏ အခွင့်အရေးများကိုလေး စားတန်ဖိုးထားပြီး ပွင့်လင်းမြင်သာမှုရှိစွာ ဆောင်ရွက်သည်။ လုပ်ငန်းရေရှည်တည်တံ့ ရပ်တည်နိုင်ရေးအတွက်သာ ဆောင် ရွက်သည် စသည့်အချက်များဖြင့် ပြည့်စုံရန်လိုအပ်ပါ သညဆိုလိုသည်မှာ လုပ်ငန်းရှင်များသည် စားသုံးသူများ၏ ရပိုင် ခွင့်များကို လက်ခံအသိအမှတ်ပြု၍ ရိုးသားဖြောင့်မတ်စွာဖြင့် အကောင်းဆုံးသော ကုန်စည်နှင့်ဝန်ဆောင်မှုများ ထုတ်လုပ်ဆောင် ရွက်ပြီး စတင်ထုတ်လုပ်ဆောင်ရွက်သည့်အချိန်မှစ၍ စားသုံးသူ ပါးစပ်ထဲရောက်သည်အထိ ထုတ်လုပ်၊ သယ်ပို့၊ ဖြန့်ဖြူး၊ ရောင်းချ သည့် အဆင့်တိုင်းတွင် တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် စားသုံး သူများ၏ စိတ်ကျေနပ် မှုရရှိစေရေးအတွက် ပစ္စည်းမှန်၊ ဈေးနှုန်းမှန်၊ အရည်အသွေးစစ်မှန်၊ အချိန်မှန်စွာဖြင့် ပြုလုပ်ပေးရန် တာဝန်ရှိ ကြောင်း ဆိုလိုခြင်းဖြစ်ပါသည်။
       စားသုံးသူများသည် လုပ်ငန်းရှင်များ၏ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင်မြင်ရန်  အကူအညီပေးနေသော အရှင်သခင် များဖြစ်ကြသည်ကို သတိမူသင့်ပါသည်။ နှစ်ဆယ့်တစ်ရာစုခေတ် စားသုံးသူများသည် လူသုံး၊ အိမ်သုံးနှင့် ဝန် ဆောင်မှုလုပ်ငန်းများရယူသုံးစွဲရာတွင် အကျိုးရှိခြင်း၊ ရေရှည်အသုံးခံခြင်း၊ သတင်းအချက် အလက်များပြည့်စုံစွာပါရှိခြင်း၊ ဘေးဥပဒ်အန္တရာယ် ကင်းရှင်းခြင်း စသည့်အချက်များကို အလေးပေးကာရွေးချယ် ဝယ်ယူကြသည်ကို တွေ့ရှိရပါသည်။ လူကြီး၊ လူငယ်၊ ကလေးနှင့် ယောကျာ်း၊ မိန်းမစသည့် အသက်အရွယ်အပိုင်းအခြားအလိုက် စိတ်ကျေနပ်မှုရရှိခြင်းလည်း တူညီနိုင်မည်မဟုတ်ပေ။ စီးပွားရေးလုပ်ငန်းရှင်များသည် ရာသီဥတု၊ အချိန်အခါ၊ အသက်အရွယ်အလိုက် စိတ်ကျေနပ်မှုရရှိစေရန် ဆောင်ရွက်ကြမှသာလျှင်   ရေရှည်တည်တံ့၍ အောင်မြင်နိုင်မည့်  လုပ်ငန်းတစ်ခုကို တည်ထောင်ရာရောက်ပေမည်။ စားသုံးသူကာကွယ်ရေးလုပ်ငန်းများသည် လွယ်မယောင်နဲ့ ခက်၊ တိမ်မယောင်နဲ့နက်သည့် သိမ်မွေ့သော လုပ်ငန်းစဉ်တစ်ခုဖြစ် ပါသည်။ စားသုံးသူများ၊ လုပ်ငန်းရှင်များသည် မိမိတို့၏နိုင်ငံသား များ အများစုဖြစ်သည့်အားလျော်စွာ    တင်းကျပ်သော အမိန့်၊ ညွှန်ကြား ချက်များနှင့်အညီ ပြင်းထန်စွာ အပြစ်ပေး၊ အရေးယူခြင်း ထက် ကိုယ်စီအသိစိတ်ဓာတ်ဖြင့် လိုက်ပါဆောင်ရွက်စေရန်အတွက် အချိန်ယူကာ ဆောင်ရွက်နေခြင်းဖြစ်ပါသည်။ လက်ရှိပြဋ္ဌာန်း လိုက်နာ ဆောင်ရွက်လျက်ရှိသည့် စားသုံးသူကာ ကွယ်ရေးဥပဒေ (၂၀၁၉)ပါ အချက်အလက်များနှင့်အညီ စားသုံးသူများ ဘေးဥပဒ် အန္တရာယ်ကင်းရှင်းသော၊ ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိသော ကုန်စည်၊ ဝန်ဆောင်မှုများကို စားသုံးသူများရရှိမည့် အခွင့်အရေး များနှင့်အညီ ရယူသုံးစွဲနိုင်စေရေး စီးပွားရေးလုပ်ငန်းရှင်များမှ လည်း မိမိထုတ်လုပ်ဆောင်ရွက်သော ကုန်စည်၊ ဝန်ဆောင်မှု လုပ်ငန်းများ နှင့်ပတ်သက်၍ စေတနာအပြည့်ထားကာ လုပ်ငန်း ရေရှည် ရပ်တည် နိုင်ရေးအတွက် နိုင်ငံတကာ သတ်မှတ်ချက်များနှင့်အညီ ထုတ်လုပ် ဆောင်ရွက်ရန် ပညာပေး ဆွေးနွေးခြင်း၊ ညှိနှိုင်းဆောင်ရွက်ပေးခြင်း၊ သတင်းအချက်အလက်များ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ပေး လျက်ရှိသည်။  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူ ရေးရာဦးစီးဌာနသည် ခေတ်၊ စနစ်များနှင့်အညီ စားသုံးသူများကို အကာအကွယ်ပေးနိုင်ရေး၊ ဆုံးရှုံးနစ်နာမှုများကို ကုစားဖြေရှင်း နိုင်ရေး၊ လုပ်ငန်းရှင်များ လူသုံး၊ အိမ်သုံးပစ္စည်းများ ထုတ်လုပ်၊ တင်ပို့၊ တင်သွင်း၊ ဖြန့်ဖြူးရောင်းချရာတွင်နိုင်ငံတကာ သတ်မှတ်ချက်များနှင့် အညီ ဆောင်ရွက်နိုင်ရေး၊ ပြည်တွင်းဈေးကွက်သာမက ပြည်ပဈေး ကွက်အထိ ချဲ့ထွင်ထိုးဖောက်နိုင်ရေးအတွက် လိုအပ်သော ဥပဒေ၊ ညွှန်ကြားချက်များ ထုတ်ပြန်၍ ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။ စားသုံးသူများကို ကာကွယ်ပေးရေးလုပ်ငန်းရှင်များ ရေရှည်အကျိုး ဖြစ်ထွန်းစေရန် ဆောင်ရွက်ပေးနေခြင်းဖြစ်ပါသည်။ မည်သူ့ကိုသာ စေ၊ မည်သူ့ကိုနာစေ ဆို၍အမိန့်များကို အလျင်စလို ထုတ်ပြန်ခဲ့ခြင်း မဟုတ်ပေ။ သက်ဆိုင်ရာ ဆက်စပ်ဌာနများ၊ အသင်း အဖွဲ့များ၊ ပညာ ရှင်များနှင့် အကြိမ်ကြိမ် ဆွေးနွေးညှိနှိုင်း အဖြေရှာ၍  အဆင့်ဆင့် တင်ပြ၍ ခွင့်ပြုချက်ရယူကာထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ၅၁ သန်း ကျော်သော စားသုံးသူများ၊ လုပ်ငန်းရှင်များအကျိုးအတွက်သော် လည်းကောင်း၊ ပြည်သူများသာယာဝပြောသော ပတ်ဝန်းကျင် ကောင်းတွင် သက်တမ်းစေ့နေနိုင်ရေးအတွက်လည်းကောင်း၊ နိုင်ငံ တော် ဖွံ့ဖြိုးတိုးတက်ရေးကို  အထောက်အကူပြုနိုင်ရန်အတွက် လည်ကောင်း၊ နိုင်ငံတကာတွင် ကျင့်သုံးလျက်ရှိသော သတ်မှတ်ချက် များနှင့် ကိုက်ညီစေရေးအတွက်လည်းကောင်း၊ ထိခိုက်နစ်နာဆုံးရှုံး မှုများကိုမဖြစ်ခင်ကြိုတင် ကာကွယ်နိုင်ရေး အတွက် လည်းကောင်း ဆောင်ရွက်နေခြင်းဖြစ်ပါသည်။
စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဌာနတစ်ခုတည်း အနေဖြင့်ဆောင်ရွက်ပါက ထိုက်သင့်သလောက်အောင်မြင်မှုရရှိ မည်ဖြစ်သော်လည်းအချိန်ရှည်ကြာပေမည်။ ၅၁သန်း ကျော်သော ပြည်သူများထိခိုက်နစ်နာ၊ သေဆုံးမှုများ ဆက်လက်ဖြစ်ပေါ်နိုင်ပါ သည်။ နိုင်ငံတော်နှင့် ပြည်သူများအကျိုးအတွက် စားသုံးသူများ၊ လုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များ၊  သက်ဆိုင်ရာဆက်စပ်ဌာနများအားလုံးမှ လက်တွဲ၍ ပူးပေါင်း ဆောင်ရွက်မှသာလျှင် အချိန်တို အတွင်းအောင်မြင်နိုင်မည့် ဖြစ်၍ အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်၊ လိုက်နာလုပ်ဆောင်ကြရန်လိုအပ်ပါသည်။
        သို့ဖြစ်ပါ၍ စီးပွားရေးလုပ်ငန်းရှင်များသည် ၅၁သန်းကျော် သော ပြည်သူများဘေးဥပဒ်အန္တရာယ် ကင်းရှင်းရေးအတွက် ကုန်စည်များထုတ်လုပ်ခြင်း၊ ကုန်သွယ်ခြင်းပြုလုပ်ရာတွင်စားသုံး သူများ ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် ကုန်စည်များတွင် သုံးစွဲပုံ အညွှန်း၊ ထားသိုသိမ်းဆည်းပုံအညွှန်း၊ ဓာတ်မတည့်ကြောင်း ဖော်ပြ ချက်နှင့် ကြိုတင်သတိပေးချက်၊ ဘေးထွက်ဆိုးကျိုးများနှင့် ပတ်သက် ၍သတင်းအချက်အလက်များ၊ ညွှန်ကြားချက်များကို မြန်မာဘာသာ ဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာ တွဲလျက်ဖြစ်စေ ဖော်ပြ ရာတွင် သာမန်မျက်စိဖြင့် မြင်နိုင်သော အရွယ်အစားဖြင့် ဖော်ပြပေး ရန်၊ စားသုံးသူသို့ လက်လီရောင်းချမည့် ကုန်စည်ထုတ်ပိုးပစ္စည်း ပေါ်တွင် ဖော်ပြပေးရန်၊ ကုန်စည်ပေါ်တွင် အချက်အလက်ဖော်ပြရန် မဖြစ်နိုင်ပါက လက်ကမ်းစာစောင်၊ အညွှန်းတို့ဖြင့် ဖော်ပြပြီး ကုန်စည် နှင့်အတူ စားသုံးသူသို့ တစ်ပါတည်း ပေးအပ်ရန်၊ ပြည်ပမှ တင်သွင်း ဖြန့်ဖြူးသည့် ကုန်စည်ဖြစ်ပါက ဈေးကွက်ဖြန့်ဖြူးခြင်းမပြုမီ ထပ်ပိုး ကပ်ခြင်း (သို့မဟုတ်) ထုပ်ပိုးပစ္စည်းအသစ်  အသုံးပြုခြင်းပြုလုပ်၍ ပြုပြင်ရောင်းချရန်၊ သက်ဆိုင်ရာ ဌာနများ၏လိုက်နာရန် ညွှန်ကြား ချက်များနှင့်ပတ်သက်၍ ဖော်ပြရန်အချက်များအား မြန်မာဘာသာ ဖြင့် ဖော်ပြရန်လိုအပ်မည်ဖြစ်ပါသည်။  စားသုံးသူများမှလည်း  မိမိသက်ရှည်၊ ကျန်းမာရေးအတွက် ထုတ်ပြန်ထားသောညွှန်ကြားချက်အတိုင်းလိုက်နာကူညီပေးကြရန် တိုက်တွန်းအပ်ပါသည်။ သို့မှသာ စားသုံးသူများ ဘေးဥပဒ်အန္တရာယ် ကင်းရှင်းကာ ဆုံးရှုံး နစ်နာမှုများကင်းဝေး၍ ငြိမ်းချမ်းပျော်ရွှင်သော ပတ်ဝန်းကျင်ကောင်းတွင် ကျန်းမာစွာဖြင့် သက်တမ်းစေ့နေထိုင်သွား နိုင်မည်ဖြစ်ပါကြောင်း စေတနာရှေ့ထား၍ တိုက်တွန်းအပ်ပါသည်။

 

နိုင်ဦး (DOCA)

Local Trade News

Pages