ကြက်သွန်နီဈေးနှုန်း အနည်းငယ်ကျဆင်းပြီး အရောင်းအဝယ်ဖြစ်

Tue, 06/11/2024 - 03:51 -- mocadmin

   မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့ ဈေးကွက်နှင့် ပွဲရုံများသို့ မေလအတွင်း နွေကြက်သွန်နီများ နေ့စဉ်ဝင်ရောက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဒေသတွင်း ကြက်သွန် နီ အများဆုံးစိုက်ပျိုးသော ဆိပ်ဖြူမြို့ပေါ်ရှိ ရွာသစ်ရပ်ကွက်၊ အနောက်ပိုင်းရပ်ကွက်များနှင့် ဆိပ်ဖြူ မြို့နယ်အတွင်းရှိ ကျေးရွာများဖြစ်သော ကိုးတောင့်အုပ်နှင့် လိပ်ခြံ၊ ရွာသစ်ကြီး၊ ကပိုင်၊ ကံတွင်း၊ ချင်တောင်၊ အောက်ဆိပ်၊ ကျောင်းရွာ၊ ကုန်းရွာ၊ အလယ်စုရွာများအပြင် ပခုက္ကူမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ပွင့်ဖြူ၊ စလင်း၊ တညောင်မြို့များမှ အများဆုံး ဝင်ရောက်လျက်ရှိကြောင်း၊ ကုန်စည် ဝင်ရောက်မှုအနေဖြင့် တစ်ရက်လျှင် ပျမ်းမျှပိဿာချိန် ၂ သောင်းမှ ၅ သောင်းခန့်အထိ ဝင်ရောက် လျက်ရှိပြီး တစ်လအတွင်း စုစုပေါင်းပိဿာချိန် ၁၅ သိန်းခန့် ဝင်ရောက်လျက်ရှိကြောင်းနှင့် မေလနောက်ဆုံးပတ်တွင် ကြက်သွန်နီဈေးနှုန်း အနည်းငယ်ကျဆင်း၍ အရောင်းအဝယ် ဖြစ်လျက်ရှိ ကြောင်း ဈေးကွက်မှ သိရသည်။

   ကြက်သွန်နီဈေးကွက်အနေဖြင့် ပြည်ပသို့ အနည်းငယ်တင်ပို့ပြီး ပြည်တွင်းတင်ပို့မှုအနေဖြင့် ရန်ကုန် ဘုရင့်နောင်ပွဲရုံ၊ ပြည်နှင့် ပုသိမ်မြို့များသို့ အဓိကထားတင်ပို့လျက်ရှိကြောင်း၊ မေလအတွင်း ကြက်သွန်နီတင်ပို့သည့် စုစုပေါင်းကုန်ချိန်အနေဖြင့် ပိဿာချိန် ၁၅ သိန်းခန့်၊ တန်ချိန်အားဖြင့် ၂၄၅၀ တန်ခန့်  တင်ပို့ခဲ့ကြောင်း ဈေးကွက်မှ သိရှိရသည်။

DOCA (မကွေး)

Local Trade News

Pages