ကမ္ဘာ့ ပဲမျိုးစုံဈေးကွက် အရောင်းအဝယ် ညီမျှလျက်ရှိ

Tue, 05/07/2013 - 08:13 -- admin

အဓိကပဲများဖြစ်တဲ့ ကုလားပဲ၊ စားတော်ပဲနဲ့ ပဲနီလေးအပါအဝင် ကမ္ဘာ့ပဲမျိုးစုံစုစုပေါင်းထုတ်လုပ်မှုက လက်ရှိ ရာသီထက် ၂၀၁၃-၁၄ မှာ အနည်းငယ် မြင့်တက်နိုင်ကြောင်း အပြည်ပြည်ဆိုင်ရာကုန်သည်နဲ့ ပဲလုပ်ငန်း သုတေသန အဖွဲ့အစည်းနှစ်ပတ်လည် ညီလာခံကို တက်ရောက်ခဲ့တဲ့ ကျွမ်းကျင်သူများက ခန့်မှန်းခဲ့ပါတယ်။ ကမ္ဘာ့ပဲမျိုးစုံ ရောင်းလိုအားနဲ့ ဝယ်လိုအားကို ဆွေး နွေးကြပြီး ညီလာခံမှာ ၂၀၁၃-၁၄ အတွင်းစားတော်ပဲထုတ်လုပ်တဲ့ အဓိက ဒေသများဖြစ်တဲ့ ကနေဒါ၊ ရုရှား၊ ပြင်သစ်၊ အမေရိကန်နဲ့ သြစတြေးလျ နိုင်ငံများမှ ပိုမိုထုတ်လုပ်ခြင်းကြောင့် တန်ချိန် ၁၀ ဒသမ ၈ သန်း ရှိလာနိုင် မယ်လို့ ခန့်မှန်းကြပါတယ်။ ဒါပေမဲ့ ကမ္ဘာ့ပဲနီလေးစိုက်ပျိုးထုတ်လုပ်မှုမှာ အနည်းငယ် ကျဆင်းပြီး တန်ချိန် ၃ ဒသမ ၆ သန်းသာ ထုတ်လုပ်နိုင်မှာဖြစ်ပါတယ်။ ကုလားပဲစိုက်ပျိုးမှု များလာတာကြောင့် ကုလားပဲ ထုတ်လုပ်မှုမှာ ၂၀၁၂-၁၃ ရာသီမှာ တန်ချိန် ၉ ဒသမ ၄ သန်းမှ လာမယ့် နှစ်မှာ တန်ချိန် ၉ ဒသမ ၇ သန်းကို တိုးမြှင့် ထုတ်လုပ် နိုင်မှာဖြစ်ပါတယ်။ ပဲနီလေးဈေးနှုန်းက ရောင်းလိုအား နည်းပါးပြီး ဝယ်လိုအားကောင်းနေရာ လာမယ့်နှစ်မှာ ဆက်လက်အား ကောင်းနေမှာဖြစ်ပြီး အခြားပဲမျိုးစုံ ဈေးနှုန်းမှာလည်း မြင့်တက်နိုင်ကြောင်း ခန့်မှန်းကြပါတယ်။ ပဲမျိုးစုံဈေးကွက်က အရောင်းအဝယ်ညီမျှနေတာကြောင့် ပဲဈေးနှုန်းများ အတက်အကျခန့်မှန်းရခက်ကြောင်း သိရှိရပါတယ်။ ကမ္ဘာ့ ပဲမျိုးစုံ ဈေးကွက်ကို ကိုင်လှုပ်လျက်ရှိတဲ့ အိန္ဒိယနိုင်ငံက ပဲမျိုးစုံထုတ်လုပ်မှုကို ၂၀၁၂-၁၃ ရာသီက တန်ချိန် ၁၇ ဒသမ ၆ သန်းရရှိခဲ့ရာမှ ၂၀၁၃-၁၄ ရာသီမှာ တန်ချိန် ၁၉ သန်းထိ ထုတ်လုပ်ဖို့ ခန့်မှန်းထားကြောင်း သိရှိရပါတယ်။               
နှင်းပန်းဖြူ

International Trade News

Pages