အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းရှင်များအတွက် တီထွင်မှုမူပိုင်ခွင့်ဆိုင်ရာအသိပညာပေးဆွေးနွေးပွဲကျင်းပ

နေပြည်တော်၊ မေလ ၁၉
   တီထွင်မှုမူပိုင်ခွင့်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ၂၀၂၆ ခုနှစ်၊ မေလ ၁၉ ရက်နေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ မူပိုင်ခွင့်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်းဒေသကြီးများ၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်များအတွင်းရှိ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေး လုပ်ငန်းရှင်များစုစုပေါင်း( ၈၀ )ဦးခန့် တက်ရောက်ခဲ့ကြသည်။
    ဆွေးနွေးပွဲတွင် ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာ၌ မူပိုင်ခွင့်ဦးစီးဌာနအနေဖြင့် တီထွင်ဖန်တီးမှုများကို ထိရောက်စွာ ကာကွယ်နိုင်သည့် မူပိုင်ခွင့်စနစ်တည်ဆောက်ရန်၊ မူပိုင်ခွင့်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန်၊ မူပိုင်ခွင့်ဆိုင်ရာ အချက်အလက်များကို လွယ်ကူစွာ ရယူနိုင်ရန် စသည့်ရည်မှန်းချက်များဖြင့် နိုင်ငံတော်၏ ဆန်းသစ်တီထွင်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် တီထွင်မှုမူပိုင်ခွင့်ဥပဒေ ကို ၂၀၂၄ ခုနှစ်မှစတင်၍ အာဏာသက်ဝင်နိုင်ခဲ့ပြီး တီထွင်မှုမူပိုင်ခွင့်နှင့် အသေးစားတီထွင်မှု မူပိုင်ခွင့်လျှောက်လွှာများကို လျှောက်လွှာလက်ခံဌာနများနှင့် အီလက်ထရောနစ်စနစ်တို့မှလက်ခံ၍ ပဏာမစစ်ဆေးခြင်းများ ဆောင်ရွက်ပြီး လျှောက်ထားသူများထံ အကြောင်းကြားစာများပေးပို့ခြင်း နှင့် ထုတ်ပြန်ကြေငြာခြင်းများကို ဆောင်ရွက်နေပြီ ဖြစ်ပါကြောင်း၊ တီထွင်ဖန်တီးမှုများကို မူပိုင်ခွင့်အကာအကွယ်ပေးခြင်းဖြင့် တီထွင်ဖန်တီးသူများ၏ အကျိုး စီးပွားကိုတိုးတက်စေမည်ဖြစ်ပါကြောင်း၊ ကမ္ဘာပေါ်ရှိ တီထွင်ဖန်တီးမှုနှင့် နည်းပညာများ အားကောင်းသောနိုင်ငံများသည် အောင်မြင်ကျော်ကြားသော နိုင်ငံများအဖြစ် ရပ်တည်လျက်ရှိကြောင်း၊ နည်းပညာတီထွင်မှုများနှင့် ဆက်စပ်လျက်ရှိသော အသေးစားနှင့် အလတ်စားစက်မှုလက်မှုလုပ်ငန်းများသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လွန်စွာအရေးပါသော အခန်းကဏ္ဍမှ ပါဝင်ပါကြောင်း၊ အသေးစားနှင့်အလတ်စားစက်မှုလက်မှုလုပ် ငန်းရှင်များအနေဖြင့် တီထွင်မှုမူပိုင်ခွင့်၏ အရေးပါမှုကို ပိုမိုနားလည်သဘောပေါက်ပြီး မိမိတို့စီးပွား ရေးလုပ်ငန်းများမှ ဆန်းသစ်တီထွင်ဖန်တီးမှုများကို ဥပဒေအရ ကာကွယ်ထိန်းသိမ်းခြင်းဖြင့် စီးပွားရေးအခွင့်အလမ်းသစ်များကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်းနှင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အပံ့ကောင်းဖြစ်လာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
   ဆက်လက်၍ တီထွင်မှုမူပိုင်ခွင့်၏ အရေးပါပုံနှင့်စပ်လျဉ်း၍ တီထွင်မှုမူပိုင်ခွင့်ဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါ်သိင်္ဂီဝင်းလွင်က ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ အဆိုပါ အသိပညာပေးဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းခြင်းများအပေါ် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီး ဆွေးနွေးပွဲကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။