တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမ၌ မူပိုင်ခွင့်ဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပ
မူပိုင်ခွင့်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့၊ နံနက် ၀၉:၃၀ နာရီအချိန်၌ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ ပါသည်။
အဆိုပါအသိပညာပေးဟောပြောပွဲဖွင့်ပွဲအခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး နိုင်ငံတော်အတွင်း နေထိုင်ကြသည့် တိုင်းရင်းသားပြည်သူများ၏ အကျိုးစီးပွားနှင့် တီထွင်ဖန်တီးမှုများကို ထိရောက်စွာ အကာအကွယ်ပေးနိုင်စေရန် မူပိုင်ခွင့်စနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များ၊ တီထွင်ဖန်တီးသူများ၊ စာပေနှင့်အနုပညာဖန်တီးသူများအနေဖြင့် မိမိတို့တီထွင် ဖန်တီးမှုများအပေါ် ရရှိနိုင်မည့် မူပိုင်ခွင့်အခွင့်အရေးများ၊ မိမိဖန်တီးမှုအပေါ် ချိုးဖောက်မှုများကို ကာကွယ်ထားဆီးအရေးယူနိုင်သည့် အချက်အလက်များအား သိရှိနားလည်နိုင်ရန် ဟောပြောပွဲကို ကျင်းပခြင်းဖြစ်ပါကြောင်း၊ ယနေ့ဟောပြောပွဲမှ မူပိုင်ခွင့်ဆိုင်ရာ အသိပညာဗဟုသုတများရရှိပြီး မိမိတို့၏ တီထွင်ဖန်တီးမှုများအပေါ် အကျိုးရှိစွာ အသုံးချနိုင်စေရေးနှင့် နိုင်ငံတော်အတွင်း နေထိုင်ကြ သည့် ပြည်သူများ၏ အကျိုးစီးပွားကို ထိရောက်စွာ အကာအကွယ်ပေးနိုင်ရေးအတွက် မိမိတို့တတ်နိုင် သည့် ကဏ္ဍမှနေ၍ ပါဝင်ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ မူပိုင်ခွင့်ဦးစီးဌာန၊ စာပေနှင့်အနုပညာမူပိုင်ခွင့်ဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာနွယ်ရီဝင်းက မူပိုင်ခွင့်ဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး မူပိုင်ခွင့်ဆိုင်ရာသိကောင်းစရာများကို အသေးစိတ် ဆွေးနွေးပို့ချခဲ့ပါသည်။
ထို့နောက် ဟောပြောပွဲအခမ်းအနားသို့ တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်း ခဲ့ကြပါသည်။ အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်ရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန် ရှိသူများနှင့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များ စုစုပေါင်း ၁၀၈ ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။