“(၈) ကြိမ်မြောက် အာဆီယံနိုင်ငံများနှင့် ကိုရီးယားသမ္မတနိုင်ငံ မူပိုင်ခွင့်ရုံးတို့၏ ဌာနကြီးမှူးများ တွေ့ဆုံသည့် အစည်းအဝေး” သို့ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တက်ရော

နေပြည်တော်၊ စက်တင်ဘာလ ၂
   ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့တွင် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ  ကျင်းပပြုလုပ်သည့် “(၈) ကြိမ်မြောက် အာဆီယံနိုင်ငံများနှင့် ကိုရီးယားသမ္မတနိုင်ငံမူပိုင်ခွင့်ရုံးတို့၏ ဌာနကြီးမှူးများ တွေ့ဆုံသည့် အစည်းအဝေး” သို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တက်ရောက်လျက်ရှိပါသည်။
    အဆိုပါ အစည်းအဝေးကို အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ကိုရီးယားသမ္မတနိုင်ငံ မူပိုင်ခွင့်ရုံးတို့အကြား စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများ အထောက်အပံ့ဖြစ်စေရန် အတွေ့အကြုံများကို ဆွေးနွေးဖလှယ်ခြင်းများ ပြုလုပ်နိုင်ရန်နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ကိုရီးယားသမ္မတနိုင်ငံ မူပိုင်ခွင့်ရုံးတို့အကြား ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်မည့်လုပ်ငန်းစဉ်များကို  ဆွေးနွေးနိုင်စေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ပါသည်။ 
    အစည်းအဝေးတွင် အာဆီယံ-ကိုရီးယား ပူးပေါင်း၍ မူပိုင်ခွင့်ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့် နားလည်မှုစာချွန်လွှာ ရေးထိုးနိုင်ရေး လုပ်ငန်းစဉ်များ၊ မူပိုင်ခွင့်ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးနှင့်စပ်လျဉ်း၍ အတုအပတိုက်ဖျက်ရေးဆိုင်ရာ နည်းပညာများ၊ နိုင်ငံတကာဈေးကွက်တွင် အမှတ်တံဆိပ်မူပိုင်ခွင့်အကာအကွယ်ပေးခြင်းဆိုင်ရာ နည်းဗျူဟာများ၊  နည်းပညာပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ်များ၊ မူပိုင်ခွင်ဆိုင်ရာ ပညာပေးရေးနှင့် ဘဏ္ဍာရေးဆိုင်ရာလုပ်ငန်းစဉ်များ၊ မူပိုင်ခွင့်လျှောက်ထားခြင်း၊ စစ်ဆေးခြင်းနှင့် အငြင်းပွားမှုဖြေရှင်းခြင်းဆိုင်ရာ လုပ်ငန်းစဉ်များကို ဆွေးနွေးကြမည်ဖြစ်ပါကြောင်း၊ မြန်မာကိုယ်စားလှယ်အဖွဲ့အနေဖြင့် မြန်မာနိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံ မူပိုင်ခွင့်ရုံးတို့အကြား ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန်နှင့် ဒေသတွင်းစီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်အတွက် နှစ်နိုင်ငံဆွေးနွေးညှိနှိုင်းမှုများကိုလည်း ပြုလုပ်သွားမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။